Friday, November 10, 2017

ဈေးကွက်ဖွင့်လှစ်ပေးရေးနှင့် မဟာဗျူဟာမြောက်ကိစ္စရပ်များ အေပက်ဝန်ကြီးများက အချိန်တိုး၍ ဆွေးနွေးခဲ့ကြရ

Image may contain: 4 people, people smiling, people standing and text
ဒါနန်း နိုဝင်ဘာ ၉
အဖွဲ့ဝင် ၂၁ နိုင်ငံပါဝင်သော ပစိဖိတ်နှုတ်ခမ်းသတ်နိုင်ငံ များ၏ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးများသည် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (အေပက်)ဒေသဆိုင်ရာ ထိပ်သီးညီလာခံ အကြိုဆွေးနွေး ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်ခဲ့သော်လည်း ဆွေးနွေး ညှိနှိုင်းမှုများ ပြီးပြတ်ခြင်းမရှိသဖြင့် နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ဆက်လက်ဆွေးနွေးခဲ့ကြကြောင်း ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပြောကြားသည်။
ဈေးကွက်များ ဖွင့်လှစ်ပေးရေးနှင့် မဟာဗျူဟာ မြောက်ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့ ကြရာတွင် နိုင်ငံများ၏ ရပ်တည်ချက်များအလိုက် သဘော ထားကွဲလွဲမှုများ ရှိနေသဖြင့် ဆွေးနွေးပွဲကို တစ်ရက်တိုး၍ ပြုလုပ်ခဲ့ရကြောင်း ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပြောကြားသော်လည်း ဆွေးနွေးပွဲပြီးဆုံးခြင်း မရှိသေးသဖြင့် အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
ကနဦးအနေဖြင့် အေပက်ဝန်ကြီးများ၏ သတင်း စာရှင်းလင်းပွဲကို နိုဝင်ဘာ ၈ ရက်နှောင်းပိုင်းတွင် ပြုလုပ်ရန် စီစဉ်ခဲ့သည်။ သို့ရာတွင် ဆွေးနွေးညှိနှိုင်းမှုများ ပြီးပြတ်ခြင်း မရှိသဖြင့် သတင်းစာရှင်းလင်းပွဲပြုလုပ်မည့် အစီအစဉ် ကို ဖျက်သိမ်းခဲ့ရသည်။ နိုဝင်ဘာ ၁ဝ ရက်တွင် စတင် ဖွင့်လှစ်မည့် အေပက်ခေါင်းဆောင်များ၏ ထိပ်သီးဆွေးနွေး ပွဲအပြီး ထုတ်ပြန်မည့် ပူးတွဲကြေညာချက်အတွက် ကြေညာ ချက်မူကြမ်းကို အတည်ပြုနိုင်ရန် အေပက်ဝန်ကြီးများက ဆက်လက်၍ ဆွေးနွေးညှိနှိုင်းခဲ့ကြရကြောင်း ဗီယက်နမ် စက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေးဝန်ကြီး ထရန်တွန်အန်းက ပြောကြားသည်။
ကမ္ဘာ့စီးပွားရေးတွင် လျင်မြန်စွာ ဖြစ်ပေါ်ပြောင်းလဲ မှုများနှင့် မရေရာမသေချာမှုများကို မိမိတို့နိုင်ငံများ ရင်ဆိုင်နေကြရကြောင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တို့အရ လွတ်လပ်ခွင့်များ ရရှိလာစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြရန် သန္နိဋ္ဌာန်ချမှတ်ပုံကို ထင်ဟပ်သည့် သတင်းစကား မိမိတို့ပါးလိုကြောင်း ဝန်ကြီးအန်းက ပြောကြားသည်။
ပြောင်းလဲလာမည့် အခြေအနေများအရ အေပက် နိုင်ငံများ၌ အခွင့်အလမ်းများရော စိန်ခေါ်မှုများပါ ရင်ဆိုင်နေကြရကြောင်း၊ ကမ္ဘာ့စီးပွားရေး နာလန်ထူမှုများ ခိုင်မြဲမှုရှိသော်လည်း စီးပွားရေးဖွံ့ဖြိုးမှုနှုန်းမှာ နိမ့်ကျနေဆဲ ဖြစ်ကြောင်း၊ အေပက်ဒေသဆိုင်ရာ နိုင်ငံများသည် စက်မှု နည်းပညာမှတစ်ဆင့် ထုတ်လုပ်မှုတိုးတက်အောင် ကြိုးပမ်း နေကြသော်လည်း အခက်အခဲများ ရှိနေဆဲဖြစ်ကြောင်း အေပက်ဝန်ကြီးအဆင့် အစည်းအဝေး ဖွင့်လှစ်ရာတွင် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး ဖမ်ဘင်မင်းက ကိုယ်စား လှယ်များအား ပြောကြားခဲ့သည်။
ရိုက်တာ။

No comments:

Post a Comment