Wednesday, November 29, 2017

နေ့ကလေးထိန်းကျောင်း သို့မဟုတ် မူလတန်းကြိုကျောင်းများ ဖွင့်လှစ်မည်ဆိုပါက တည်ထောင်ခွင့်ပြုမိန့် ရယူရန်လို

Image may contain: one or more people, people sitting and indoor
ရန်ကုန် နိုဝင်ဘာ ၂၈
နေ့ကလေးထိန်းကျောင်း သို့မဟုတ် မူလတန်း ကြိုကျောင်းများ ဖွင့်လှစ်မည်ဆိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကြီးကြပ်ရေးအဖွဲ့၏ တည်ထောင် ခွင့်ပြုမိန့်ရယူရန် လိုအပ်ကြောင်း နိုဝင်ဘာ ၂၆ ရက်က တာမွေမြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာန အမှတ်(၅) မူလတန်းကြိုကျောင်းတွင် လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူးကျင်းပသည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင် ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေနှင့် နည်း ဥပဒေ ရှင်းလင်းပွဲမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန္ဒာနွယ်ဟန်က ''တစ်ခါတလေ ရပ်ကွက်ထဲ ဆင်းတဲ့အချိန်မှာ မူကြိုကျောင်းဆိုပြီး မြင်ရတာတွေက ကလေး တွေရဲ့ ဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေတဲ့ နည်းလမ်းတွေနဲ့ သင်နေတဲ့ကျောင်းတွေ အများကြီး တွေ့ရပါတယ်၊ ကျွန်မတို့ဆီမှာ အပြစ်ပေးခြင်းဆိုတဲ့အပိုင်းက အရင်က မရှိဘူး၊ အခုတော့ သတ်မှတ်ထားတဲ့ လုပ်ငန်း ဆိုင်ရာ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက် ဖျက်တာတွေ့ရရင် သတိပေးပြီး ဒဏ်ကြေး (သို့မဟုတ်) တည်ထောင်ခွင့်ပြုမိန့်(သို့မဟုတ်)ခွင့်ပြုချက်ကို ကာလကန့်သတ်၍ ရပ်ဆိုင်း ခြင်း၊ တည်ထောင်ခွင့်ပြုမိန့်(သို့)ခွင့်ပြုချက် ကို ပယ်ဖျက်ခြင်းဆိုတာတွေ ပါလာပြီဖြစ်တဲ့ အတွက် ဥပဒေနဲ့အညီ ရှင်းရှင်းလင်းလင်း ဆောင်ရွက်လို့ ရတော့မှာဖြစ်ပါတယ်'' ဟု ပြောသည်။
ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေ ကို ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေကို ၂ဝ၁၅ ခုနှစ် စက်တင်ဘာ ၁ဝ ရက်တွင် ပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။
ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ နှင့် နည်းဥပဒေတို့အရ ခွင့်ပြုမိန့်မရှိဘဲ နေ့ကလေးထိန်းကျောင်း သို့မဟုတ် မူကြို ကျောင်းများ ဖွင့်လှစ်ခြင်းအပြင် တည်ထောင် ခွင့်ပြုမိန့်ကို ကာလဖြင့် ရပ်ဆိုင်းထားသည့် အချိန်တွင်သော်လည်းကောင်း၊ ပယ်ဖျက်ပြီး သည့်အချိန်တွင်သော်လည်းကောင်း ဖွင့်လှစ် မည်ဆိုပါက ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည် ဟု လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မြမာလာစိုးက ပြောသည်။
ထို့ပြင် ပုဂ္ဂလိကမူလတန်းကြိုကျောင်း များဖွင့်လှစ်ပြီး ကလေးသူငယ်လုပ်ငန်း ဆောင်ရွက်နေသူများကို တည်ထောင်ခွင့်ပြု မိန့်ထုတ်ပေးနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အဆင့် ကြီးကြပ်မှုကော်မတီဖွဲ့စည်းပြီး ဖြစ် သည့်အတွက် မကြာခင်တွင် လူမှုဝန်ထမ်း ရုံး၌ လျှောက်လွှာဖောင်များ ရောင်းချခြင်း၊ ကျောင်းများအား လိုက်လံစစ်ဆေးကာ သတ်မှတ်ချက်နှင့်ညီညွတ်သည့် ကျောင်းများကို တည်ထောင်ခွင့်ပြုမိန့် ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန္ဒာနွယ်ဟန်က ''တရားဝင်အသိအမှတ် မပြုရသေးတဲ့ မူကြို ကျောင်းတွေကို စာရင်းကောက်တဲ့အခါမှာ ၆ဝဝ ကျော်ရှိတယ်၊ ကိုယ့်ရဲ့ စည်းမျဉ်း စည်းကမ်းနဲ့မကိုက်တဲ့ ကျောင်းတွေကို ခွင့်ပြု မိန့် ပေးစရာမလိုဘူး၊ စည်းမျဉ်း၊ စည်းကမ်းနဲ့ ကိုက်ညီမှ ပေးမယ်၊ စည်းမျဉ်း၊ စည်းကမ်းက လည်း အဓိကကတော့ ကလေးဖွံ့ဖြိုးမှုကို ဦးတည်နေတာပါ၊ ကလေးတွေ နည်းစနစ် မှန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုရဖို့ ပြုစုပျိုးထောင်ဖို့ အတွက် ဒီဥပဒေ၊ နည်းဥပဒေနဲ့အညီ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်'' ဟု ပြောသည်။
အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီး ဌာန ညွှန်ကြားရေးမှူး ဒေါ်မြမာလာစိုးက ကလေးငယ်များ၏ ဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ လုပ်ဆောင်နေသည့် မူကြိုကျောင်းများ၊ နေ့ကလေးထိန်းကျောင်းများ၊ ရပ်ရွာအခြေပြု၊ အိမ်အခြေပြုလုပ်ငန်းများကို စနစ်တကျ တည်ထောင်နိုင်ရန်အတွက် ပြဋ္ဌာန်းထားသည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင် ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်း ဥပဒေများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိလိုသမျှ မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
သီသီမင်း

No comments:

Post a Comment