Sunday, November 26, 2017

ရွှေ့ပြောင်း အခြေစိုက်သူများ လိုက်ပါသည့်ရေယာဉ် လစ်ဗျားကမ်းလွန်တွင် နစ်မြုပ်၊ ၂၅ ဦးထက် မနည်းသေဆုံး

Image may contain: one or more people, ocean, outdoor, water and nature
ထရီပိုလီ နိုဝင်ဘာ ၂၅
လစ်ဗျားနိုင်ငံ၏ အနောက်ဘက်ကမ်းလွန်ပင်လယ်ပြင်တွင် ရွှေ့ပြောင်းအခြေစိုက်သူများ လိုက်ပါလာသည့် ရေယာဉ် တစ်စင်း နိုဝင်ဘာ ၂၅ ရက်တွင် နစ်မြုပ်ခဲ့ရာ လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ ရေယာဉ်နစ်မြုပ်ရာတွင် အသက်မသေဘဲ ကျန်ရစ်သူများအား ထရီပိုလီမြို့ ဆိပ်ကမ်းသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရကြောင်း လစ်ဗျား ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားသည်။
အာဖရိကနိုင်ငံများမှ ရွှေ့ပြောင်းအခြေစိုက်နေထိုင်သူ အများစုပါဝင်သည့် လူအုပ်စုများ၏ အဓိက ထွက်ခွာရန် အရပ်သည် လစ်ဗျားနိုင်ငံဖြစ်လာပြီး ယင်းတို့သည် လစ်ဗျားနိုင်ငံမှ ဥရောပသို့ မြေထဲပင်လယ်ကို ဖြတ်သန်း သွားရောက်ရန် ကြိုးပမ်းကြသည်။
လူမှောင်ခို ကူးသန်းသူများက ရွှေ့ပြောင်းအခြေချ နေထိုင်သူများအား ခိုင်ခံ့မှုမရှိသော လေလွင့်ရော်ဘာ ရေယာဉ်များနှင့် တင်ဆောင်ခြင်းကြောင့် ရေယာဉ်ပျက်စီး ခြင်းနှင့် နစ်မြုပ်ခြင်းများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
ဥရောပနိုင်ငံများက ထောက်ပံ့မှုပေးထားသည့် လစ်ဗျားကမ်းခြေစောင့်တပ်ဖွဲ့မှ ဥရောပသို့ ကူးသန်းသွား သည့် ရွှေ့ပြောင်းအခြေချသူများအား ကြားဖြတ်ဟန့်တားကာ အာဖရိကမြောက်ပိုင်းဒေသရှိ လစ်ဗျားနိုင်ငံသို့ ပြန်လည် စေလွှတ်ပေးသော်လည်း ယခုနှစ်မကြာသေးမီကာလအထိ နိုင်ငံတကာမှရေယာဉ်များက ပင်လယ်ပြင်အတွင်းမှ ကယ်ဆယ်ရယူကာ အီတလီနိုင်ငံသို့ ပို့ဆောင်ပေးခဲ့ရသည့် ရွှေ့ပြောင်းအခြေစိုက်သူ ဦးရေမှာ ၁၁၅ဝဝဝ ရှိပြီဖြစ်သည်။
ယခုနှစ်အတွင်း အာဖရိကတိုက်မှ မြေထဲပင်လယ်ကို ကူးဖြတ်၍ ဥရောပသို့ ပြောင်းရွှေ့အခြေချရန် ကြိုးပမ်းသူ ဦးရေ ၃ဝဝဝ နီးပါးခန့်မှာ ပင်လယ်ပြင်အတွင်း ပျောက်ဆုံး သို့မဟုတ် သေဆုံးခဲ့ရကြောင်း၊ သေဆုံးရသူ အများစုမှာ လစ်ဗျားနှင့် အီတလီနိုင်ငံအကြား ပင်လယ်ရေပြင်တွင် ဖြစ်ကြောင်း နိုင်ငံတကာ ရွှေ့ပြောင်းအခြေစိုက်သူများ အဖွဲ့က နိုဝင်ဘာ ၂၄ ရက်တွင် ပြောကြားသည်။
ဆင်ဟွာ

No comments:

Post a Comment