တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် အကြီးစားခရီးသည်တင် ဂျက်လေယာဉ် စီ-၉၁၉ အား ခရီးရှည် စမ်းသပ်ပျံသန်းမှုကို နိုဝင်ဘာ ၁ဝ ရက်တွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည်။
စီ-၉၁၉ ခရီးသည်တင်ဂျက်လေယာဉ်သည် ရှန်ဟိုင်းမြို့ ဖူတုန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ နိုဝင်ဘာ ၁ဝ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၃၈ မိနစ်တွင် စတင်ပျံသန်းခဲ့ပြီး ရှန်စီးပြည်နယ် မြို့တော်ရှီအန်းမြို့ ယန်လီယန်စမ်းသပ်ရေး အခြေစိုက်စခန်းသို့ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ဆိုက်ရောက်လာခဲ့သည်။ ခရီးသည်တင် ဂျက်လေယာဉ်ကြီး စီ-၉၁၉ ၏ ခရီးဝေးစမ်းသပ်ပျံသန်းမှုတွင် လေယာဉ်အဖွဲ့သား ငါးဦးလိုက်ပါခဲ့ပြီး ခရီးတာအကွာအဝေး ကီလိုမီတာ ၁၃ဝဝ ကျော် အမြင့်မီတာ ၇၈ဝဝ မှ ပျံသန်းခဲ့ကြောင်း ယင်းလေယာဉ်ကို တည်ဆောက်ထုတ်လုပ်ခဲ့သည့် ရှန်ဟိုင်းမြို့ အခြေစိုက် တရုတ်ကုန်သွယ်ရေးဆိုင်ရာ လေယာဉ်ကော်ပိုရေးရှင်း (စီအိုအမ်အေစီ)က ပြောကြားသည်။
စီ-၉၁၉ ခရီးသည်တင်ဂျက်လေယာဉ်သည် လေကြောင်းဆိုင်ရာ ပျံသန်းနိုင်သည့် တရားဝင် အထောက်အထားရရှိရေးအတွက် ယန်လီယန်အခြေစိုက်စခန်းတွင် အခြားသော စမ်းသပ်မှုများကို လုပ်ဆောင်သွားမည်ဖြစ်သည်။
စီ-၉၁၉ ခရီးသည်တင်ဂျက်လေယာဉ်၏ ပထမဆုံး စမ်းသပ်ပျံသန်းမှုကို ယခုနှစ် မေလအတွင်းက ပြုလုပ်ခဲ့ပြီး ယခုပျံသန်းမှုအပါအဝင် စုစုပေါင်း ခြောက်ကြိမ်ခန့် ပြုလုပ်ခဲ့ပြီးဖြစ်သည်။ စီအိုအမ်အေစီ သည် ယင်းအမျိုးအစား လေယာဉ်ခြောက်စင်းကို တည်ဆောက်သွားရန် အစီအစဉ်ရှိပြီး ဒုတိယမြောက် စီ-၉၁၉ အမျိုးအစား ခရီးသည်တင်ဂျက်လေယာဉ်ကို ယခုနှစ်ကုန်ပိုင်းတွင် စမ်းသပ်ပျံသန်းမှုပြုနိုင် မည်ဟု မျှော်လင့်ထားသည်။
စီ-၉၁၉ လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီသည် ယင်း၏ ဖောက်သည် ၂၇ ဦးထံမှ လေယာဉ် အစင်းရေ ၇၃ဝ ထုတ်လုပ်ပေးရန် အမှာစာရရှိထားသည်။ စီ-၉၁၉ လေယာဉ်သည် ခရီးတာ ၄ဝ၇၅ ကီလိုမီတာအထိ ပျံသန်းနိုင်ပြီး မွမ်းမံအဆင့်မြှင့်ထားသည့် အဲဘတ် အေ-၃၂ဝ နှင့် မျိုးဆက်သစ် ဘိုးရင်း-၇၃၇ အမျိုးအစား ခရီးသည်တင်ဂျက်လေယာဉ်များနှင့် ယှဉ်ပြိုင်နိုင်သည်။
ဆင်ဟွာ။
No comments:
Post a Comment