ဘူးသီးတောင်နှင့် မောင်တောဒေသရှိ ရင့်မှည့်စပါးများ လေလွင့်ဆုံးရှုံးမှုမရှိစေရန် စက်မှု လယ်ယာဦးစီးဌာနက ရိတ်သိမ်းခြွေလှေ့ပေးလျက်ရှိပြီး ဧကအလိုက် ရိတ်သိမ်းပြီးစပါးများကို ရိတ်သိမ်း စပါးများ ထိန်းသိမ်းလက်ခံရေးကော်မတီသို့ စနစ်တကျအပ်နှံလျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
စက်မှုလယ်ယာဦးစီးဌာနမှ ရိတ်သိမ်းခြွေလှေ့စက် ၁၄ စီးနှင့် ပြည်နယ်အစိုးရအဖွဲ့ပိုင် ရိတ်သိမ်းခြွေလှေ့စက် ၁၈ စီး စုစုပေါင်း ၃၂ စီးဖြင့် အောက်တိုဘာ ၂၆ ရက်မှ စတင်ကာ မောင်တောဒေသအတွင်း ရိတ်သိမ်းခြွေလှေ့ ပေးလျက်ရှိပြီး မောင်တောဒေသအတွင်းရှိ ရိတ်သိမ်း ခြွေလှေ့ချိန်တန် ရင့်မှည့်စပါးများကို သုံးလတာကာလ အတွင်း အပြီးရိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရ သည်။
''ဘူးသီးတောင်၊ မောင်တောဒေသမှာ စပါးတွေက ရင့်မှည့်နေပြီ၊ ရင့်မှည့်စပါးတွေကို လေလွင့်ဆုံးရှုံးမှုမရှိ အောင် ကျွန်တော်တို့ဌာနမှာရှိတဲ့ ရိတ်သိမ်းခြွေလှေ့စက်တွေ နဲ့ တတ်နိုင်သမျှ ဆောင်ရွက်ပေးတာပါ၊ ရိတ်သိမ်းပြီးသား စပါးတွေကို ကွင်းအလိုက် ပိုင်ဆိုင်မှုဧကပေါ်မှာ မူတည်ပြီး ထွက်လာတဲ့ စပါးတွေကို ရိတ်သိမ်းစပါးများ ထိန်းသိမ်း လက်ခံရေးကော်မတီကို စာရင်းနဲ့ စနစ်တကျ အပ်နှံနေပါ တယ်''ဟု စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင်က နိုဝင်ဘာ ၅ ရက်က ပြောသည်။
အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် စပါးရိတ်သိမ်းရန် အခက်အခဲဖြစ်နေသည့် ဒေသများတွင် စက်မှုလယ်ယာ ဦးစီးဌာနမှ စပါးရိတ်သိမ်းခြွေလှေ့စက်ကိရိယာများအား အသုံးပြု၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ရိတ်သိမ်းနိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ စက်မှုလယ်ယာဝန်ထမ်း များဖြင့် အားဖြည့်ဆောင်ရွက်လျက်ရှိပြီး မောင်တော မြို့နယ်တွင် ကြိမ်ချောင်း၊ ခြံပြင်၊ လေးမိုင်၊ မောရဝတီ၊ အင်းဒင်၊ ခမောင်းဆိပ်၊ တောင်ပြိုတို့တွင် ရှေ့တန်းစခန်း ခုနစ်ခု ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။
''မောင်တောမြို့နယ်မှာရှိတဲ့ ဒီလုပ်သားရှားပါးမှု ကြောင့် ရိတ်သိမ်းချိန်လွန်စပါးတွေ လေလွင့်ပျက်စီးဆုံးရှုံး မှုမရှိစေဖို့ နေပြည်တော်က ဝန်ထမ်းအင်အား ၄၂ ဦးနဲ့ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်''ဟု မောရဝတီ ရှေ့တန်းစခန်း တာဝန်ခံက ပြောသည်။
ရင့်မှည့်စပါးခင်းများ၏ တောင်သူအမည်၊ ဦးပိုင် အမှတ်နှင့် ထွက်ရှိလာသည့် စပါးတင်းအရေအတွက်ကို စနစ်တကျစာရင်းပြုစုကာ သိုလှောင်သိမ်းဆည်းပေးထား ကြောင်း၊ ရိတ်သိမ်းစပါး အစိုဓာတ် ၁၃ ရာခိုင်နှုန်း ရောက်ရှိရန် ရိတ်သိမ်းပြီးစပါးများကို နေလှန်းအိတ်သွတ် ပြီးမှသာ သတ်မှတ်သိုလှောင်ရုံများတွင် သိုလှောင်စုဆောင်း ပေးသွားမည်ဖြစ်ကြောင်း စက်မှုလယ်ယာဦးစီးဌာန ရခိုင် ပြည်နယ်ဦးစီးမှူး ဦးတင်မောင်ကြည်၏ ရှင်းလင်းပြောကြား ချက်အရ သိရသည်။
မောင်တောမြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက် ဧက ၇ဝဝဝဝ ကျော် စိုက်ပျိုးထားရှိကာ လာမည့်စိုက်ပျိုးရာသီတွင် တောင်သူများအဆင်ပြေစေရန် ကူညီထွန်ယက်ပေးသွား မည်ဖြစ်ကြောင်း၊ တစ်ဧကအထွက်နှုန်း တိုးတက်ရေး အတွက်လည်း စိုက်ပျိုးရေးဦးစီးဌာနက ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
''နိုဝင်ဘာလနဲ့ ဒီဇင်ဘာလနှစ်လလုံး စက်ကြီးတွေနဲ့ ရိတ်သိမ်းပေးသွားပါမယ်၊ လိုအပ်ရင် ဇန်နဝါရီအထိ ရိတ်သိမ်းပေးဖို့ ကြိုတင်စီစဉ် ဆောင်ရွက်နေပါတယ်၊ ဒီစက်ကြီးတွေက မြေအနေအထား၊ အကွက်အနေအထား အကျဉ်းအကျယ်ပေါ်မူတည်ပြီး တစ်ရက်ကို ငါးဧက ကနေ ၁ဝ ဧက အတွင်း ပြီးစီးနိုင်ပါတယ်''ဟု စက်မှုလယ်ယာဦးစီး ဌာန ရခိုင်ပြည်နယ်ဦးစီးမှူးက ရှင်းပြသည်။
မောင်တောဒေသသည် ဆန်စပါးအများအပြား စိုက်ပျိုးထွက်ရှိရာ ဒေသဖြစ်သည့်အတွက် တောင်သူများ စပါးရိတ်သိမ်းရာတွင် အဆင်ပြေစေရန် လယ်ယာသုံး စက်ကိရိယာ ထိန်းသိမ်းမောင်းနှင်မှု အခြေခံသင်တန်းများ ကိုလည်း နှစ်စဉ်ဖွင့်လှစ်လျက်ရှိကြောင်း စက်မှုလယ်ယာ ဦးစီးဌာနမှ သိရသည်။
''ကျွန်တော်တို့ ဌာနအနေနဲ့ နှစ်စဉ်နှစ်တိုင်း သင်တန်း ပေးလျက်ရှိပါတယ်၊ တောင်သူပိုင် လယ်ယာသုံး စက်ကိရိယာ ထိန်းသိမ်းမောင်းနှင်မှု အခြေခံသင်တန်းတွေ ကို ဖွင့်လှစ်ပေးပါတယ်၊ ဒီသင်တန်းကနေ တောင်သူတွေ အနေနဲ့ သူတို့ပိုင်တဲ့ လက်တွန်းထွန်စက်လို၊ ရေစုပ်စက်လို အင်ဂျင်တွေ ပြင်တတ်အောင်အထိ သင်ကြားပေးပါတယ်''ဟု ဦးတင်မောင်ကြည်က ပြောသည်။
ထို့ပြင် တောင်သူများ၏ သားသမီးများကို ဦးစားပေး လက်ခံသင်ကြားပေးလျက်ရှိသည့် မိတ္ထီလာစက်မှုလယ်ယာ ဗဟိုသင်တန်းကျောင်းတွင် စက်ကြီးများ မောင်းနှင်ခြင်း လေးလသင်တန်းသို့ ဒေသခံတောင်သူများ၏ သားသမီး များ တက်ရောက်သည်များလည်းရှိကြောင်း သိရသည်။
ဟန်နီဝင်း
No comments:
Post a Comment