Wednesday, November 29, 2017

အီရတ်နိုင်ငံ မြောက်ပိုင်းရှိ ပီကေကေအဖွဲ့ ပစ်မှတ်များအား တူရကီလေတပ် တိုက်ခိုက်ဖျက်ဆီး

No automatic alt text available.
အန်ကာရာ နိုဝင်ဘာ ၂၈
အီရတ်နိုင်ငံ မြောက်ပိုင်းဒေသတွင် တူရကီလေတပ်စစ်လေယာဉ်များက ကာဒစ်အလုပ်သမားပါတီ (ပီကေကေ)နှင့် ဆက်နွှယ်မှုရှိသည့် ပစ်မှတ် ၄၁ ခုကို နိုဝင်ဘာ ၂၇ ရက်နှောင်းပိုင်းက တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း တူရကီ စစ်ဦးစီးချုပ်ရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြသည်။
တူရကီနှင့် အီရတ်နယ်စပ်အနီး တောင်ကုန်းတောင်တန်းထူထပ်သည့် အီရတ်နိုင်ငံ၏ အေဆို့စ်ဒေသတွင် အဆောက်အအုံများ၊ ပုန်းခိုကျင်းများနှင့် ဥမင်လိုဏ်ခေါင်းများ အပါအဝင် တရားမဝင် လက်နက်ကိုင်များ အသုံးပြုနေ သည့်ပစ်မှတ် ၄၁ ခုကို တူရကီလေတပ်မှ စစ်လေယာဉ်များက နိုဝင်ဘာ ၂၇ ရက်တွင် တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြသည်။
လေကြောင်းတိုက်ခိုက်မှု၌ ပါဝင်ခဲ့သော တူရကီလေတပ်မှ ဂျက်တိုက် လေယာဉ်များနှင့် မောင်းသူမဲ့ တိုက်ခိုက်ရေးလေယာဉ်များသည် ၎င်းတို့၏ အခြေစိုက်စခန်းများသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိခဲ့ကြောင်း ကြေညာချက်တွင် ဆက်လက်ဖော်ပြသည်။ တူရကီလေတပ်မှ တိုက်ခိုက်မှု တွင် ပီကေကေ စစ်သွေးကြွများ ထိခိုက်သေဆုံးမှုကိုမူ ဖော်ပြထားခြင်း မရှိပေ။
တူရကီနိုင်ငံထံမှ လွတ်လပ်သော ကာဒစ်နိုင်ငံထူထောင်ရေးအတွက် ကာဒစ်အလုပ်သမားပါတီ (ပီကေကေ)ကို ၁၉၇ဝ ပြည့်လွန်နှစ်များကတည်းက တည်ထောင်ကာ တူရကီအစိုးရကို လက်နက်စွဲကိုင် တိုက်ခိုက်လာခဲ့သည်။
တူရကီနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က ကာဒစ် အလုပ်သမားပါတီ (ပီကေကေ)အား အကြမ်းဖက်အဖွဲ့အစည်းတွင် စာရင်းသွင်း ထားခဲ့ကြသည်။
၂ဝ၁၅ ခုနှစ် ဇူလိုင်လအတွင်းက ကာဒစ်အလုပ်သမားပါတီ (ပီကေကေ)နှင့် တူရကီအစိုးရတို့အကြား ရရှိခဲ့သည့် တိုတောင်းသည့် ပြန်လည် ရင်ကြားစေ့ရေးကာလအလွန်တွင် လက်နက်ကိုင်တိုက်ခိုက်မှုများ ပြန်လည် စတင်ခဲ့ခြင်းကြောင့် တူရကီလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရပ်သား ၁၂ဝဝ ကျော် သေဆုံးခဲ့ရခြင်းသည် ကာဒစ်အလုပ်သမားပါတီ (ပီကေကေ) တွင် တာဝန်ရှိကြောင်း ဒေသတွင်း သတင်းမီဒီယာက ဖော်ပြသည်။
ရိုက်တာ

No comments:

Post a Comment