Saturday, November 11, 2017

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြု

No automatic alt text available.
နေပြည်တော် နိုဝင်ဘာ ၁ဝ
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက်ပိုင်းတွင် ကျင်းပ ပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတစ်ရပ်လုံးကို ဆွေးနွေးဆုံးဖြတ် ပြင်ဆင်ထားသည့်အတိုင်း အတည်ပြု သည်။
အစည်းအဝေးတွင် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာတွင် ပါဝင်သော သုံးငွေစိစစ် လျှော့ချမှုအပါအဝင် တစ်ပိုဒ်ချင်းစီအလိုက် အဆိုတင်သွင်း ပြီး သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် များက ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်ကြသည်။
ထို့နောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်တွင် ဆွေးနွေး ဆုံးဖြတ်ထားသည့်အတိုင်း ပြင်ဆင်ထားသည့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာ ငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြု ပေးရန် အဆိုတင်သွင်းသည်။
ပြည်ထောင်စုလွှတ်တော် နာယကက လွှတ်တော်၏ သဘောထားရယူ၍ ယင်းဥပဒေကြမ်း တစ်ရပ်လုံးကို လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ် ပြင်ဆင်ထားသည့် အတိုင်း အတည်ပြုကြောင်း ကြေညာသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရ အပ်ငွေ စာရင်း၏ လိုငွေအား ဖြည့်ဆည်းနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးသိန်းတို့က ရှင်းလင်းဆွေးနွေးကြသည်။
ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်းကလည်း လွှတ်တော်သို့ ရှင်းလင်းဆွေးနွေးရာ ပြည်ထောင်စုလွှတ်တော် နာယကက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများ ကာကွယ် စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံ သဘော တူညီချက်တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရေး ကိစ္စနှင့်စပ်လျဉ်း၍ ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေး ကြသည်။
ပန်းတောင်း မဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်က ယနေ့ ခေတ် မိမိတို့နိုင်ငံသည် လူသားရွေ့လျားမှု လွန်စွာမြင့်မား သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လူငါးဦးတွင် တစ်ဦးသည် ပြည်တွင်း သို့မဟုတ် ပြည်ပသို့ ရွှေ့ပြောင်းသွားလာနေပါ ကြောင်း၊ လူဦးရေ၏ ၁ဝ ရာခိုင်နှုန်းသည် ပြည်ပတွင် လည်းကောင်း၊ ၂ဝ ရာခိုင်နှုန်းသည် ပြည်တွင်း၌လည်း ကောင်း ရွှေ့ပြောင်းလုပ်ကိုင်လျက်ရှိကြောင်း။
IOM၏ ၂ဝဝ၉ ခုနှစ် အစီရင်ခံစာအရလည်း မြန်မာလူဦးရေ၏ ၁ဝ ရာခိုင်နှုန်းကျော်သည် ပြည်ပတွင် တရားမဝင် အလုပ်လုပ်ကိုင်လျက်ရှိကြောင်း၊ ဆယ်စုနှစ် နှစ်ခုကျော်အတွင်း သုံးသန်း၊ လေးသန်းခန့်ရှိသည်ကို မြန်မာနိုင်ငံ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ သိရှိရပြီး ၁၉၉ဝ ပြည့်နှစ်မှ ၂ဝ၁၅ ခုနှစ်အထိ ၂၅ နှစ်အတွင်း တရားဝင်အလုပ်သမားဦးရေ နှစ်သိန်းခွဲကျော်ရှိကြောင်း။
ရွှေ့ပြောင်းသွားလာမှုသည် ငွေကြေးနှင့် လူသားအရင်း အမြစ်တို့ကို ထုတ်လုပ်ပေးသည်သာမက ဖွံ့ဖြိုးတိုးတက်မှု အတွက် အသုံးပြုနိုင်မည်ဆိုပါက ဆင်းရဲနွမ်းပါးမှုကို လျှော့ချပေးနိုင်မည့် တွန်းအားတစ်ရပ်ဖြစ်ပါကြောင်း၊ နိုင်ငံ တော်က ရွှေ့ပြောင်းလုပ်သား အကာအကွယ်ပေးရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်နေသည် ဆိုသော်လည်း ရွှေ့ပြောင်းလုပ်သားများအနေဖြင့် အခြေခံ လုပ်သား အခွင့်အရေးများ ချိုးဖောက်ခံရခြင်း၊ လုပ်ခလစာ မရခြင်းများ ကြုံတွေ့နေရသကဲ့သို့ အလုပ်ရှင်နှင့် ပွဲစား များက နှိပ်စက်ညှဉ်းပန်းမှုများကိုလည်း ခံစားနေကြရပြီး တစ်ခါတစ်ရံ အသက်ဆုံးရှုံးရသည်အထိ အခက်အခဲနှင့် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ပါကြောင်း။
စာချုပ်ပါ အာဆီယံအဖွဲ့ဝင်နိုင်ငံများထဲတွင် မြန်မာ ရွှေ့ပြောင်းလုပ်သားများ အများဆုံး သွားရောက်လုပ်ကိုင် သည့် ထိုင်း၊ မလေးရှား၊ စင်ကာပူနိုင်ငံများ ပါဝင်ပါ ကြောင်း၊ သဘောတူညီချက်၏ အခန်း (၈)ခန်းမှာလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေး၊ စေလွှတ်သည့် နိုင်ငံနှင့် လက်ခံသည့်နိုင်ငံများ၊ တာဝန်ဝတ္တရားနှင့် အဖွဲ့ဝင်နိုင်ငံများ၏ ကတိကဝတ်များ ပါဝင်ပါကြောင်း။
မိမိတို့တိုင်းပြည်၏ အခြေအနေအရ ပူးပေါင်းဆောင် ရွက်ခြင်းဖြင့် အစိုးရဆောင်ရွက်မှုကို ပိုမိုအားကောင်းစေ မည့် တွန်းအားမျိုး ရရှိမည်ဖြစ်ပါကြောင်း၊ မိမိနိုင်ငံမှ ပြည်ပ ရောက် ရွှေ့ပြောင်းအလုပ်သမားများကို ကာကွယ်စောင့် ရှောက်ရာရောက်သကဲ့သို့ ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများ အတွက်လည်း မြှင့်တင်ပေးရာရောက်သည့်အတွက် မြန်မာ နိုင်ငံမှ အဆိုပါသဘောတူညီချက်တွင် ပါဝင်လက်မှတ် ရေးထိုးနိုင်ရန် သဘောတူထောက်ခံပါကြောင်း ဆွေးနွေး သည်။
ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁ဝ)မှ ဦးလားလ် မင်းထန်က မြန်မာနိုင်ငံလူဦးရေ၏ ၅ ရာခိုင်နှုန်းကျော်သည် အာဆီယံနိုင်ငံများတွင် ရွှေ့ပြောင်းအလုပ်သမားများအဖြစ် အလုပ်လုပ်နေကြပါကြောင်း၊ အရှေ့တောင်အာရှ ၁ဝ နိုင်ငံထဲတွင်ရှိသည့် ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့် အရေးများကို အဓိကချိုးဖောက်ခံခဲ့ရသည့် နိုင်ငံများထဲတွင် မြန်မာနိုင်ငံနှင့်အတူ ကမ္ဘောဒီးယား၊ လာအိုနှင့် ဖိလစ်ပိုင် နိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားများ အဓိကပါဝင်ပါ ကြောင်း။
ယနေ့အချိန်အထိ အာဆီယံ ၁ဝ နိုင်ငံတွင်း ယခုကဲ့သို့ ရွှေ့ပြောင်းအလုပ်သမားများ၏ ရပိုင်ခွင့်၊ အခွင့်အရေးများ ကို ကာကွယ်ပေးသည့် သဘောတူညီချက်မရရှိသေးသည့် အတွက် မြန်မာနိုင်ငံမှ သန်းနှင့်ချီသော ရွှေ့ပြောင်းအလုပ် သမားများ၏ အခွင့်အရေးများကို မကြာခဏဆိုသလို ချိုးဖောက်ခံနေကြရပါကြောင်း၊ သက်ဆိုင်ရာနိုင်ငံရှိ မြန်မာ သံရုံးများက ကူညီသော်လည်း အာဆီယံနိုင်ငံအချင်းချင်း သဘောတူညီမှု လက်မှတ်ရေးထိုးထားခြင်းမရှိသဖြင့် အခက်အခဲများ ကြုံတွေ့နေကြရပါကြောင်း။
ဤသဘောတူညီချက်ကို ပါဝင်လက်မှတ်ရေးထိုးခြင်း သည် မြန်မာနိုင်ငံလူဦးရေ၏ ၅ ရာခိုင်နှုန်းကျော်ခန့် အာဆီယံနိုင်ငံရှိ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား များ၏ အခွင့်အရေးများလုံခြုံအောင် ကာကွယ်ပေးနေ သကဲ့သို့ ဖြစ်ပါကြောင်း ဆွေးနွေးသည်။
ထို့အတူ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးဝှေ့တင်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊ လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ခင်စည်သူ၊ ဘားအံမဲဆန္ဒနယ်မှ ဒေါ်နန်းသန်းသန်းလွင်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁ဝ)မှ နော်လှလှစိုး၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဒေါက်တာ တင်တင်ဝင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ ဦးဥက္ကာမင်း၊ ဧရာဝတီတိုင်းဒေသ ကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်အိအိပြုံး၊ ကချင်ပြည် နယ်မဲဆန္ဒ နယ်အမှတ် (၁၁)မှ ဒေါက်တာ ခွန်ဝင်းသောင်း၊ ကျွန်းစုမဲဆန္ဒနယ်မှ ဒေါ်တင်တင်ရီ၊ ပုဏ္ဏားကျွန်း မဲဆန္ဒနယ် မှ ဦးဦးထွန်းမောင်နှင့် ဝါးခယ်မ မဲဆန္ဒနယ်မှ ဦးဇော်သိန်း တို့က အပြုသဘောဆောင်ပြီး ထောက်ခံအကြံပြု ဆွေးနွေး ကြသည်။
ထို့နောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်း ဆွေက အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ရွှေ့ပြောင်း အလုပ် သမားများ၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ရန်၊ မြှင့်တင်နိုင်ရန်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံ အတွင်း ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ မူဝါဒများနှင့် အညီ သဘောတူညီချက်ပါ သတ်မှတ်ဖော်ပြထားသည့် ကတိကဝတ်များကို ကျင့်ဝတ်အရ လေးစားလိုက်နာနိုင်ရန် အတွက် ရေးဆွဲထားသည့် သဘောတူညီချက်ဖြစ်ပါ ကြောင်း၊ ယင်းသဘောတူညီချက်တွင် လက်မှတ်ရေးထိုး နိုင်ပါက ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံသဘောတူညီချက် ထွက်ပေါ်လာမည်ဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက် စံသတ်မှတ်ချက်တစ်ခု ထွက်ပေါ်လာမည်ဖြစ်ပါကြောင်း။
ရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့်လည်း အာဆီယံဒေသတွင်း ရွှေ့ပြောင်း သွားလာသည့်အခါ အဖွဲ့ဝင်နိုင်ငံများ၏ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် အညီ အခွင့်အရေးများ၊ ကာကွယ်စောင့်ရှောက်မှုများ ရရှိ လာနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးရန် အဆိုတင်သွင်းသည်။
ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် နာယကက လွှတ်တော်၏ သဘောထားရယူပြီး သဘောတူ အတည်ပြုကြောင်း ကြေညာသည်။
သတင်းစဉ်

No comments:

Post a Comment