Monday, September 4, 2017

လော့အိန်ဂျလိစ်၌ အကြီးမားဆုံးတောမီးလောင်မှုကြောင့် လူရာနှင့်ချီ၍ ကယ်ဆယ်ရွှေ့ပြောင်း





 လော့အိန်ဂျလိစ် စက်တင်ဘာ ၃



 လော့အိန်ဂျလိစ် မြောက်ပိုင်းအစွန်အဖျား၌ ဖြစ်ပွားခဲ့သည့် တောမီးလောင်ကျွမ်းမှုသည် စနေနေ့တွင်အလွန်လျင်မြန်စွာဖြင့် အရှိန်အဟုန်ကြီးမားပြင်းထန်လာခဲ့ရာ မြို့တော်ဝန်က လော့အိန်ဂျလိစ်မြို့၏သမိုင်းကြောင်းတစ်လျှောက် အကြီးမားဆုံးသော တောမီးလောင်ကျွမ်းမှုအဖြစ် ပြောကြားခဲ့သည်။
တောမီးလောင်ကျွမ်းမှုကြောင့် မြို့၏အဝေးပြေးလမ်းမကြီးကို ပိတ်ထားခဲ့ရပြီး လူရာပေါင်းများစွာကိုကယ်ဆယ်ရွှေ့ပြောင်းမှုများ လုပ်ဆောင်ခဲ့ရသည်။ ကင်ယွန်ဧရိယာတွင် သောကြာနေ့က စတင်လောင်ကျွမ်းခဲ့ပြီးနောက် မြေဧကပေါင်း ၅ဝဝဝ (၂ဝ၂၃ ဟက်တာ)ခန့်ကို လောင်ကျွမ်းခဲ့သည့် လာတူနာဟုအမည်ပေးထားသည့် တောမီးကြောင့် အာဏာပိုင်များသည် လော့အိန်ဂျလိစ် မြောက်ပိုင်း အိမ်နီးချင်းဒေသနှင့်အနီးရှိ ဘာ့ဘန့်ခ်နှင့်ဂလန်ဒါလီတို့မှ နေအိမ်ပေါင်း ၇ဝဝ ကျော်တို့ကို ကယ်ဆယ်ရွှေ့ပြောင်းမှုများ လုပ်ဆောင်ပေးခဲ့ရသည်။
တောမီးလောင်ကျွမ်းမှုကြောင့် စနေနေ့က လော့အိန်ဂျလိစ်ရှိ နေအိမ်သုံးလုံးပျက်စီးသွားခဲ့ပြီးနောက်တွင် ပုံမှန်မဟုတ်သည့် တိုက်ခတ်လေကြောင့် မီးလောင်မှုပိုမိုဆိုးရွားလာနိုင်သည့်အတွက် ကယ်ဆယ်ရွှေ့ပြောင်းရမှုများပိုမိုများပြားလာနိုင်ကြောင်း အာဏာ ပိုင်များက သတိပေးထားသည်။
အနည်းငယ်အံ့သြဖွယ်ကောင်းသည့်အချက်မှာ တောမီးအကြီးအကျယ်လောင်ကျွမ်းမှုကြောင့် လော့အိန်ဂျလိစ်ရှိနေအိမ် သုံးလုံး ထိခိုက်ပျက်စီးခဲ့သည်မှလွဲ၍ အခြားသောပစ္စည်းဥစ္စာထိခိုက်ဆုံးရှုံးမှုမှာ မရှိသလောက်ဖြစ်ကြောင်း မြို့တော်ဝန်က ပြောကြားခဲ့သည်။
တောမီးလောင်ကျွမ်းမှုသည် ၁ဝ ရာခိုင်နှုန်းခန့်ရှိပြီး မီးသတ်ကယ်ဆယ်ရေးသမားအယောက် ၅ဝဝ ကျော် မီးငြှိမ်းသတ်ရာတွင် ပါဝင်ခဲ့ကြသည်။ တောမီးကြောင့် လော့အိန်ဂျလိစ်မြို့၏ နေရာအများအပြားတို့တွင် ကျန်းမာရေးကိုထိခိုက်စေသည့် ညစ်ညမ်း သောလေထုကို ရှူရှိုက်ခဲ့ရသည်။ (ရိုက်တာ)

No comments:

Post a Comment