Thursday, August 3, 2017

အာဆီယံနိုင်ငံများ၏ ရိုးရာအကပြိုင်ပွဲနှင့်စပ်လျဉ်းသည့် Media Conference ကျင်းပ

Image may contain: 4 people
ရန်ကုန် သြဂုတ် ၂
အာဆီယံထူထောင်မှု နှစ်(၅ဝ)ပြည့်အထိမ်းအမှတ်ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနက ကြီးမှူး၍ ရန်ကုန်မြို့ရှိ အမျိုးသားဇာတ်ရုံ၌ သြဂုတ် ၇ ရက်တွင် ကျင်းပမည့် အာဆီယံနိုင်ငံများ၏ ရိုးရာ အကပြိုင်ပွဲ “ASEAN Traditional Dance Competition” ကျင်းပရေး Media Conference ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ကျင်းပရာ သတင်းမီဒီယာအသီးသီးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် အာဆီယံရိုးရာအကပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ အတွင်းရေးမှူး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဒေါ်ခင်ကြည်ပြာက သြဂုတ် ၈ ရက်တွင်ကျရောက်မည့် အာဆီယံ အသင်းကြီးထူထောင်သည့် နှစ်(၅ဝ)ပြည့်အထိမ်းအမှတ်ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အာဆီယံနိုင်ငံများ၏ ရိုးရာ အကပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံအနေဖြင့်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့သည့် နှစ်(၂ဝ)ပြည့်မြောက်သည့် အခါသမယလည်းဖြစ်ပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးတွင်လည်း နှစ်(၅ဝ)ပြည့်အထိမ်းအမှတ် အခမ်းအနားများ စည်ကားသိုက်မြိုက်စွာ ကျင်းပကြမည်ဖြစ်ကြောင်းနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက အာဆီယံနိုင်ငံများ၏ ရိုးရာအကပြိုင်ပွဲကို ကြီးမှူးကျင်းပခြင်းဖြင့် မြန်မာနိုင်ငံမှ အနုပညာရှင် များ၏ အရည်အသွေးကို အာဆီယံနိုင်ငံများက အသိအမှတ်ပြုစေရန် ရည်ရွယ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် သတင်းမီဒီယာများက ပြိုင်ပွဲနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)မှ ပါမောက္ခချုပ် ဒေါ်ခင်ကြည်ပြာ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်၊ ဦးမောင်မောင်ဇော်ထက် (တေးရေး/တေးဆို-ဓိရာမိုရ်) ပါမောက္ခ/ဌာနမှူး(ဂီတ)၊ ဦးခိုင်ထွန်း ပါမောက္ခ/ဌာနမှူး(သဘင်)တို့က မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment