Saturday, July 1, 2017

ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာအလုပ်သမားများ မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်လာနိုင်ရေး လုပ်ဆောင်ပေးလျက်ရှိ

Image may contain: 10 people, people standing and outdoor
နေပြည်တော် ဇွန် ၃ဝ
ထိုင်းနိုင်ငံရှိ ဥပဒေနှင့်မညီညွတ်သူ အထောက် အထားမဲ့မြန်မာအလုပ်သမားများအနေဖြင့် မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်လာကြရန် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အလုပ်သမားများအား အသိပေးအကြောင်းကြားမှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း အဆိုပါဝန်ကြီးဌာနမှ သိရသည်။
ထိုင်းနိုင်ငံမှ နိုင်ငံခြားသားအလုပ်သမားဥပဒေအား အသစ်ပြဋ္ဌာန်းခဲ့ပြီး စတင်ဖမ်းဆီးခြင်းမပြုခင်ကပင် အဆိုပါ ဥပဒေနှင့်ပတ်သက်၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံရှိ အလုပ်သမားသံအရာရှိများမှတစ်ဆင့် အလုပ်သမားများအား အသိပညာပေးဆောင်ရွက်ခဲ့ပြီး တရားဝင်နေထိုင်ခွင့် ရရှိအောင် ဆောင်ရွက်ရန်နှင့် တရားဝင်နေထိုင်မှုရရှိခြင်း မရှိသူများအနေဖြင့် နေရပ်သို့ပြန်ရန် အသိပေးခဲ့ပြီးဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။
အဆိုပါဥပဒေသစ်အနေဖြင့် တရားမဝင်အလုပ်လုပ် ကိုင်လျက်ရှိသည့် အလုပ်သမားများနှင့် အလုပ်ရှင်များကို စိစစ်တွေ့ရှိပါက ဖမ်းဆီး၍ ဒဏ်ငွေများနှင့် ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်နိုင်သည့်အချက်များပါရှိသည်ကို တွေ့ရှိရကြောင်း၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ၄င်းဥပဒေနှင့်ပတ်သက်၍ ဝန်ကြီးဌာနမှ ကြိုတင်သတိပေး ထားခဲ့သော်လည်း ထိုင်းဘာသာစကားမတတ်ကျွမ်းမှု၊ ဥပဒေအကျိုးသက် ရောက်မည့်နေ့မသိရှိမှုနှင့် လေ့လာမှု အားနည်းမှုတို့ကြောင့် ဖမ်းဆီးအရေးယူခံရမှုများ များပြားနေခြင်းဖြစ်ကြောင်း၊ အလားတူ ဆက်လက်ဖြစ်ပွားလာပါက မလိုလားအပ်သည့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သဖြင့် ဥပဒေနှင့်မညီညွတ်သူ မြန်မာအလုပ်သမားများအနေဖြင့် မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်လာကြရန် ဝန်ကြီးဌာနက အလုပ်သမားများအား အသိပေးအကြောင်းကြားမှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
အထက်ပါဥပဒေ စတင်အသက်ဝင်သည့် ဇွန် ၂၂ ရက်မှစ၍ တရားဝင်အလုပ်သမားများအား စတင်ဖမ်းဆီး ခဲ့ရာ ဇွန် ၂၉ရက်တွင် မြဝတီ ၉၉၉ (ကိုးသုံးလုံး) ဂိတ်၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၆၅၆ ဦးကို ထိုင်းနိုင်ငံ ဘက်မှ ပြန်လည်စေလွှတ်ခဲ့သဖြင့် မြဝတီမြို့ရှိ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများအပါအဝင် ဒေသအာဏာပိုင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လဝကနှင့် ဌာနစုံမှ သွားရောက် တွေ့ဆုံ၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ပြီး အလုပ်သမားများသည် မိမိတို့အစီအစဉ်ဖြင့် သက်ဆိုင်ရာ ဒေသအသီးသီးသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြကြောင်း၊ ဇွန် ၃ဝ ရက်တွင် အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်းသည် မြဝတီမြို့၌ သက်ဆိုင်ရာဒေသ အာဏာပိုင်များ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းညှိနှိုင်း ဆွေးနွေးပြီး ထိုင်းနိုင်ငံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ တရားဝင်လမ်းကြောင်းမှသာ စနစ်တကျလွှဲပြောင်းရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြန်လည်ရောက်ရှိလာမည့် အလုပ်သမားများအား လိုအပ်သည့်အကူအညီများ ပံ့ပိုးရေး၊ ခေတ္တနေထိုင်စားသောက်ရေးနှင့် သက်ဆိုင်ရာ ဒေသအသီးသီးသို့ ပြန်လည်ကူညီပို့ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တရားမဝင်မြန်မာရွှေ့ပြောင်းအလုပ်သမားများ ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ဇွန် ၂၉ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ထိုင်းနိုင်ငံအစိုးရထံ အလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေး ပြင်ဆင်ချိန်အတွက် ကာလတစ်ခုသတ်မှတ်၍ မြန်မာနိုင်ငံသို့ ပြန်ခွင့်ပြုရန်၊ အကယ်၍ ပြန်ပို့မည် ဆိုပါက နှစ်နိုင်ငံညှိနှိုင်း၍ တရားဝင်လမ်းကြောင်းဖြင့် စနစ်တကျ လွှဲပြောင်းပေးရန် အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရသည်။
(နိုင်လင်းကြည်)

No comments:

Post a Comment