Tuesday, July 4, 2017

၂ဝ၁၇ ခုနှစ် ကွန်ဖက်ဒရေးရှင်းဖလား ဂျာမနီအသင်း ဗိုလ်စွဲ

Image may contain: 10 people, people smiling, outdoor
၂ဝ၁၇ ခုနှစ် ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲ ကို ဇွန် ၁၇ ရက်မှ ဇူလိုင် ၂ ရက်အထိ ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး အဆိုပါပြိုင်ပွဲတွင် ဂျာမနီအသင်းက ချန်ပီယံ ဆုဖလားကို ရယူနိုင်ခဲ့သည်။ ဂျာမနီအသင်း သည် ဗိုလ်လုပွဲစဉ်အဖြစ် ဇူလိုင် ၂ ရက် ညပိုင်း က ချီလီအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲကစားချိန် မိနစ် ၂ဝ တွင် သွင်းယူခဲ့သည့် တိုက်စစ်မှူး စတင်ဒယ်၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိကာ ကွန်ဖက်ဒရေးရှင်း ဖလားကို ပထမဆုံးအကြိမ် ရယူနိုင် ခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးဗိုလ်လုပွဲတွင် ချီလီအသင်း သည် နာမည်ကြီးကစားသမားများဖြစ်ကြသည့် ဗီဒယ်၊ ဆန်းချက်ဇ် စသည့် ကစားသမားများပါဝင် လာခဲ့သော်လည်း ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီ အသင်းကို ထိန်းချုပ်ကစားနိုင်ခြင်းမရှိခဲ့ခြင်း ကြောင့် ဒုတိယနေရာဖြင့်ပင် ကျေနပ်ခဲ့ရခြင်း ဖြစ်သည်။ ဂျာမနီအသင်းသည် လာမည့် နွေရာသီတွင် ကျင်းပမည့် ၂ဝ၁၈ ခုနှစ် ရုရှား ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ဂိုးသမား နျူအာ၊ ကွင်းလယ်ကစားသမားများဖြစ်ကြသည့် အိုဇေးလ်နှင့် တိုနီခရူးစ်၊ တိုက်စစ်မှူး သောမက်မူလာတို့မှာ အနားယူသွားခဲ့ပြီဖြစ်၍ မျိုးဆက်သစ်လူငယ်ကစားသမားများကို ပွဲထွက် ကစားစေခဲ့ခြင်း ဖြစ်သည်။
၂ဝ၁၇ ခုနှစ် ကွန်ဖက်ဒရေးရှင်းဖလား ပြိုင်ပွဲတွင် ချန်ပီယံအသင်းအဖြစ် ဂျာမနီ အသင်း၊ ဒုတိယဆုကို ချီလီအသင်းနှင့် တတိယ ဆုကို ပေါ်တူဂီအသင်းတို့က ရယူဆွတ်ခူး နိုင်ခဲ့ခြင်းဖြစ်သည်။ ယခု ကွန်ဖက်ဒရေးရှင်း ဖလားပြိုင်ပွဲတွင် ရွှေဘောလုံးဆုကို ဂျူလီယန် ဒရက်ဇယ်လာက လည်းကောင်း၊ ရွှေဖိနပ်ဆုကို တီမိုဝါနာက လည်းကောင်း၊ ရွှေလက်အိတ် ဆုကို ဘရာဗိုက လည်းကောင်း အသီးသီးရရှိ ခဲ့ကြသည်။ ထိပ်တန်းဂိုးသွင်းရှင်များမှာ ဂျာမနီကစားသမားများဖြစ်ကြသည့် လီအွန် ဂိုရက်ဇ်ကာ၊ စတင်ဒယ်နှင့် ကီမိုဝါနာတို့ဖြစ်ပြီး သုံးဂိုးစီသွင်းယူထားနိုင်ခဲ့သည်။
(၁ဝ)ကြိမ်မြောက်အဖြစ် ကျင်းပခဲ့သည့် ၂ဝ၁၇ ခုနှစ် ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲ တွင် အိမ်ရှင်ရုရှားအသင်း၊ ၂ဝ၁၄ ကမ္ဘာ့ဖလား ချန်ပီယံ ဂျာမနီအသင်း၊ ၂ဝ၁၅ အေအက်ဖ်စီ အာရှဖလားချန်ပီယံ သြစတြေးလျအသင်း၊ ၂ဝ၁၅ ကိုပါအမေရိကဖလားချန်ပီယံ ချီလီ အသင်း၊ ၂ဝ၁၅ ကွန်ကာကပ်ဖလားချန်ပီယံ မက္ကဆီကိုအသင်း၊ ၂ဝ၁၆ အိုအက်ဖ်စီ နိုင်ငံများဖလားချန်ပီယံ နယူးဇီလန်အသင်း၊ ယူရို ၂ဝ၁၆ ချန်ပီယံ ပေါ်တူဂီအသင်းနှင့် ၂ဝ၁၇ အာဖရိကနိုင်ငံများဖလားချန်ပီယံ ကင်မရွန်းအသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။
ငွေကြယ်

No comments:

Post a Comment