Friday, June 30, 2017

KBZ Bank Cup 2017လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

Image may contain: 4 people, outdoor
ရန်ကုန် ဇွန် ၂၉
KBZ Bank Cup 2017ယူ-၂၂ လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲအဖွင့်ပွဲတွင် ဂိုးပြတ်အနိုင်ရခဲ့သည့် မြန်မာ ယူ-၂၂ အသင်းအပေါ် ပရိသတ်များ စိတ်ဝင်စားမှုပိုမို မြင့်တက်လာခဲ့ပြီး အုပ်စုဒုတိယပွဲအဖြစ် ဇွန် ၃ဝ ရက် တွင် ဟောင်ကောင် ယူ-၂၂ အသင်းနှင့် ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ယခုပွဲ ထပ်မံအနိုင်ရပါက ချန်ပီယံဆုရယူနိုင်ရန် အခြေအနေ ကောင်းသွားမည်ဖြစ်သည်။
ဒုတိယနေ့ပွဲစဉ်များအဖြစ် ညနေ ၃ နာရီတွင် ဂျပန်တက္ကသိုလ်အသင်းနှင့် ကမ္ဘောဒီးယား ယူ-၂၂ အသင်း၊ ညနေ ၆ နာရီတွင် မြန်မာ ယူ-၂၂ အသင်းနှင့် ဟောင်ကောင် ယူ-၂၂ အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
အဖွင့်ပွဲတွင် အနိုင်ရထားသည့် အိမ်ရှင် မြန်မာ ယူ-၂၂ အသင်းနှင့် ဂျပန်တက္ကသိုလ်အသင်းသည် ယခုပွဲတွင် အနိုင်ရခဲ့ပါက ချန်ပီယံဆုအတွက် နောက်ဆုံးပွဲက အဆုံးအဖြတ်ဖြစ်လာမည်ဖြစ်သည်။ ဇွန် ၂၈ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ပထမပွဲတွင် မြန်မာ ယူ-၂၂ အသင်းက ကမ္ဘောဒီးယား ယူ-၂၂ အသင်းကို လေးဂိုး-တစ်ဂိုး၊ ဂျပန်တက္ကသိုလ်အသင်းက ဟောင်ကောင် ယူ-၂၂ အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ မြန်မာယူ-၂၂ အသင်းသည် ပထမပွဲတွင် အကောင်းဆုံးခြေစွမ်းမဟုတ်သော်လည်းMNL All-Star အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ခြေစမ်းပွဲထက် ပိုကောင်းသည့် ခြေစွမ်းကို ပြသနိုင်ခဲ့ပြီး လေးဂိုးသွင်းယူနိုင်ခဲ့သည့် တိုက်စစ်အတွက်လည်း ကျေနပ်စရာဖြစ်ခဲ့သည်။ မြန်မာအသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘော ဒီးယားအသင်း၏ ခြေစွမ်းမှာ သာမန်သာရှိခဲ့ပြီး ယနေ့ကစားရမည့် ဟောင်ကောင်အသင်းသည် ခြေစွမ်းပိုင်းပိုမိုမြင့်မားနေရာ နိုင်ပွဲရယူနိုင်ရန် ပိုမိုအားထုတ်ရဖွယ်ရှိနေသည်။ မြန်မာအသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်သည် ပွဲထွက်လူစာရင်းတည်ငြိမ်မှုမရှိသေးဘဲ ယခုပွဲတွင်လည်း အပြောင်းအလဲ အချို့ပြုလုပ်ဖွယ်ရှိနေသည်။ အထူးသဖြင့် ကွင်းလယ်ခံစစ်နေရာတွင် နှစ်ပွဲကစားအပြီး၌ လူစာရင်းနှစ်မျိုးသုံးခဲ့ပြီး တိုက်စစ်တွင်လည်း သန်းပိုင် ပုံမှန်ခြေစွမ်းမရသေးသောကြောင့် အောင်သူနှင့် တွဲဖက်ကစားနိုင်မည့် တိုက်စစ်မှူး တစ်ဦးလိုအပ်နေသည်။ ဟောင်ကောင်အသင်းမှာမူ အဖွင့်ပွဲတွင် ရှုံးနိမ့်ထားသောကြောင့် ယခုပွဲတွင် ရုန်းကန်ရဖွယ်ရှိနေပြီး ဟောင်ကောင် လက်ရွေးစင်အသင်းနည်းပြချုပ် ကင်ပန်ဂွန် ကိုင်တွယ်နေသောကြောင့် မြန်မာ အသင်း၏ အားနည်းချက်၊ အားသာချက်ကို သိရှိနိုင်ဖွယ်ရှိနေသည်။ ဂျပန် တက္ကသိုလ်အသင်းသည် ယခုလာရောက်ယှဉ်ပြိုင်သည့်အသင်းများအနက် ခြေစွမ်းပိုင်းအကောင်းဆုံးအသင်းဖြစ်သည်။ မြန်မာအသင်းနှင့် နောက်ဆုံးပွဲတွင် ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲဖြစ်လာနိုင်ပြီး အိမ်ရှင်အသင်းအနေဖြင့် ပိုမိုရုန်းကန်ရဖွယ်ရှိနေသည်။မြန်မာ ယူ-၂၂ အသင်းသည် ယခုပြိုင်ပွဲယှဉ်ပြိုင်ရန် ကစားသမား ၂၃ ဦးရွေးချယ်ထားသော်လည်း မူလလူစာရင်းမှ ကွင်းလယ် ကစားသမား ဇင်ဖြိုးအောင်မှာ ဒူးဒဏ်ရာရရှိနေသောကြောင့် တိုက်စစ်မှူး အောင်ကောင်းမာန်ကို အစားထိုးရွေးချယ်ခဲ့ကြောင်း သိရသည်။
မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ ပထမဆုံးယှဉ်ပြိုင် ကစားသည့် နိုင်ငံတကာပြိုင်ပွဲဖြစ်ပြီး ခြေစမ်းပွဲတစ်ပွဲ၊ နိုင်ငံတကာပွဲ တစ်ပွဲ စုစုပေါင်းနှစ်ပွဲကစားထားရာတွင် နှစ်ပွဲစလုံး အနိုင်ရရှိထားသည်။
သတင်း-ရှိုင်းထက်ဇော်၊ဓာတ်ပုံ-စိုးညွန့်

No comments:

Post a Comment