Friday, June 30, 2017

ကုလားတန်မြစ် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းအတွက်ကုလားတန်ရေယာဉ်သစ် ခြောက်စင်း လွှဲပြောင်းပေးအပ်

Image may contain: sky, outdoor and water
ရန်ကုန် ဇွန် ၂၉
အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် ကုလားတန်မြစ် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း တွင် အသုံးပြုမည့် ကုလားတန်အမည်ရှိ ရေယာဉ်သစ် ခြောက်စင်းကို ဇွန် ၂၆ ရက်က ရခိုင်ပြည်နယ် စစ်တွေ ဆိပ်ကမ်းတွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါကုလားတန်မြစ် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းတွင်ပါဝင်သည့် ကုလားတန်ရေယာဉ်များသည် အရှည် ၄၅ မီတာ၊ အကျယ် ၉ ဒသမ ၅ မီတာ၊ ကုန်တင်စွမ်းအား တန်ချိန် ၃ဝဝ ဖြစ်ပြီး ယင်းရေယာဉ် ခြောက်စင်းကို ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ဒလ သင်္ဘောကျင်း၊ ဒဂုံဆိပ်ကမ်းသင်္ဘောကျင်းနှင့် ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒေါပုံသင်္ဘောကျင်း တို့တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
''ကုလားတန်မြစ်ကြောင်း ဘက်စုံတစ်ဆင့်ခံ သယ်ယူ ပို့ဆောင်ရေးစီမံကိန်းဟာ အိန္ဒိယနဲ့ မြန်မာကြားမှာ အလွန် သိသာထင်ရှားတဲ့ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်း ဆောင်ရွက်မှုဖြစ်ပါတယ်။ စီမံကိန်းတစ်ခုလုံး ဒေါ်လာငွေ သန်းပေါင်း ၄၅ဝ ကျော် ကုန်ကျခဲ့တဲ့ ဒီလုပ်ငန်းဟာ အိန္ဒိယနိုင်ငံအဖို့ အကျိုးတူပူးပေါင်းမှုလုပ်ငန်းများအနက် အကြီးကျယ်ဆုံး တာဝန်ယူဆောင်ရွက်မှုများထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်''ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ရေယာဉ်သစ်များ လွှဲပြောင်းပေးအပ်ပွဲ
အခမ်းအနားတွင် အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ လွှဲပြောင်းပေးအပ်ခဲ့သော ရေယာဉ်များသည် ဆိပ်ကမ်းတွင်ချက်ချင်းအသုံးပြုနိုင်သည့်အပြင် ပြည်တွင်း ရေကြောင်းဆိပ်ကမ်းဖြစ်သော ပလက်ဝတစ်လျှောက် ကုန်ပစ္စည်းနှင့် ခရီးသည်များ သယ်ယူပို့ဆောင်ရန် အဆင်သင့်ရှိနေ ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသည် သယ်ယူပို့ဆောင်ရေးလမ်းကြောင်း သက်သက်သာ မဟုတ်ဘဲ နိုင်ငံဖွံ့ဖြိုးမှုလမ်းကြောင်းဖြစ်သည့်အပြင် ကုန်သွယ်မှု၊ သယ်ယူပို့ဆောင်မှု၊ အလုပ်အကိုင်ရရှိမှု စသည့်တို့ကို ဖြစ်ပေါ်စေသည့် စီးပွားရေးအလားအလာကောင်းများ ဖြစ်ပေါ်လာပါက ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကဏ္ဍတွင် အရေးကြီးသည့် အခန်းကဏ္ဍအဖြစ် ပါဝင်သွားနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
အဆိုပါ ရေယာဉ်သစ်များ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးH.E. Mr. Shri Misri က ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထံသို့ ကုလားတန်ရေယာဉ် ခြောက်စင်းနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
(ဝဝ၁)

No comments:

Post a Comment