Thursday, June 1, 2017

ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်လမ်းအား၂ဝ၁-၂ဝ၁၉ ဘဏ္ဍာနှစ်အကုန်တွင်ရာသီမရွေး သွားလာနိုင်သောလမ်းအဆင့်ရောက်ရှိအောင် ဆောင်ရွက်သွားမည်


Image may contain: 1 person
နေပြည်တော် မေ ၃၁
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမဆောင်၌ ကျင်းပရာ ပြန်ကြားရေးနှင့် ဆောက်လုပ်ရေး ကဏ္ဍဆိုင်ရာ မေးခွန်းများ မေးမြန်း ဖြေကြားခြင်း၊ ဥပဒေကြမ်းတစ်ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစိုးမိုး၏ ရန်ကုန်-ပုသိမ် မော်တော် ကားလမ်းအား B.O.T စနစ်ဖြင့် ဆောင်ရွက်ခွင့် ရရှိထားသော ကုမ္ပဏီနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့အကြား ချုပ်ဆိုထားသော စာချုပ်ပါ အချက်အလက်၊ စည်းကမ်းချက်များအား ဒေသခံပြည်သူများကို ပွင့်လင်းမြင်သာစွာ ရှင်းလင်းပြသရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် Oriental Highway ကုမ္ပဏီလီမိတက်တို့အကြား ချုပ်ဆိုသော B.O.T စာချုပ်ပါ အချက်အလက်၊ စည်းကမ်း ချက်များကို ဒေသခံပြည်သူများနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့များမှ သိရှိလိုပါက ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနအနေဖြင့် ပွင့်လင်းမြင်သာစွာ ရှင်းလင်းပြသ ပေးသွားမည်ဖြစ်ပါကြောင်း။
B.O.T စာချုပ်ပါ စည်းကမ်းချက် များအရ B.O.T လုပ်ငန်းလုပ်ကိုင်ခွင့် ရသူသည် သတ်မှတ်ထားသော နည်းပညာဆိုင်ရာ စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် ပေးရမည် ဖြစ်ပါကြောင်း၊ လမ်း၊ တံတားတည်ဆောက် ပြုပြင်ထိန်းသိမ်းခြင်း သို့မဟုတ် သတ်မှတ်စံချိန်စံညွှန်း များနှင့်စပ်လျဉ်း၍ ချွတ်ယွင်းမှု သို့မဟုတ် ပဋိညာဉ်စာချုပ်နှင့် မကိုက်ညီမှုတို့ကို တွေ့ရှိပါက ဆောက်လုပ်ရေးဝန်ကြီးဌာနက ကန့်ကွက်နိုင်သည့်အပြင် ချွတ်ယွင်းချက်ကို B.O.T လုပ်ငန်းလုပ်ကိုင်ခွင့် ရသောကုမ္ပဏီက ၄င်းတို့၏စရိတ်ဖြင့် ကောင်းမွန်အောင် ပြန်လည်ဆောင်ရွက် ပေးရမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၃)မှ ဦးခင်မောင်လတ်၏ ရခိုင်ပြည်နယ်၏ ကုန်ထုတ်လမ်းဖြစ်သော ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီး တောင်ကားလမ်း မည်သည့်အချိန်တွင် ပြီးစီးမည်ကို သိရှိလိုခြင်းနှင့် နိုင်ငံတကာချေးငွေ၊ အထောက်အပံ့ ငွေများရယူပြီး ထိုလမ်းကို အရှိန်အဟုန်မြှင့် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရသေ့တောင်-ဘူးသီး တောင်လမ်းပိုင်းအတွက် ၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ၁ဝ မိုင် ၃ ဖာလုံကို အကျယ် ၃၄ ပေ မြေသား တာပေါင်တင်ခြင်း၊ R.C.C Box Culvert ရှစ်စင်း တည်ဆောက်ခြင်းနှင့် တံတားတည်ဆောက်ခြင်း လုပ်ငန်းဖြစ်သော ငစံပေါ်တံတား ပေ ၁၉ဝ၊ ရွာဟောင်းချောင်း တံတားပေ ၂၈ဝ၊ သောင်းဒရား ချောင်းတံတား ပေ ၅ဝဝ နှင့် စိုင်တင်ချောင်းတံတားပေ ၆ဝဝ အရှည်တို့ကို ယခုဘဏ္ဍာနှစ်အတွင်း ပွင့်လင်းရာသီတွင် အပြီးသတ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ပုဏ္ဏားကျွန်း - ရသေ့တောင် - ဘူးသီးတောင်လမ်းအား တစ်ဆက် တစ်စပ်တည်း သွားလာနိုင်ရန်လမ်း၊ တံတား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ယခုလက်ရှိတွင် နိုင်ငံတကာ ချေးငွေနှင့် အထောက်အပံ့များ ရယူဆောင်ရွက်ရန်အစီအစဉ် မရှိပါ ကြောင်း၊ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် အကုန်တွင် ၄င်းလမ်းအပိုင်းအား ရာသီမရွေး သွားလာနိုင်သော လမ်းအဆင့်သို့ ရောက်ရှိအောင် နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၆)မှ ဒေါ်လွီးဇာနှင့် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၄) မှ ဦးဇုန်လှယ်ထန်းတို့၏ မေးခွန်းများ နှင့်စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တို့က ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
ထို့နောက် ပြည်သူ့စာရင်းကိုင်များ ပျက်ကွက်မှု အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား လွှတ်တော်မှ အတည်ပြုပေးပါရန် ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက တင်သွင်းသည်။
အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ကော်မတီဝင်ဦးလားလ်မင်းထန်က လွှတ်တော်သို့တင်ပြရာ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ဇွန် ၂ ရက်တွင် ဆက်လက်ကျင်းပသွားရန် လျာထားကြောင်း သိရသည်။
(သူရဇော်)

No comments:

Post a Comment