Thursday, June 29, 2017

ရခိုင်ပြည်နယ်သို့ သတင်းခရီး

Image may contain: 5 people, people smiling, people standing
ရန်ကုန်မိုး
ရန်ကုန်မိုးက သဲသဲမဲမဲရွာနေသည်။ ရန်ကုန်လေယာဉ်ကွင်း ထဲမှာ စစ်တွေလေယာဉ်စီးဖို့ ကျွန်တော်တို့အဖွဲ့ စိတ်အားတက်ကြွနေသည်။ ဘာကိစ္စ၊ ဘယ်ကို သွားကြမှာ လဲ။ သတင်းမီဒီယာကိစ္စပါ။ ရခိုင်ပြည်နယ်သို့ သတင်းခရီး ဖြစ်ပါသည်။ မဏ္ဍိုင်(၄)ရပ် တွေ့ဆုံဆွေးနွေးပွဲ (စစ်တွေမြို့) မှာ ကျင်းပမည်။ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဦးဆောင်ဆွေးနွေးမည်။ သတင်းသမားများ စုံစုံညီညီ။
စစ်တွေမိုး
၂ဝ၁၇ ခုနှစ် ဇွန် ၁၂ ရက် မွန်းလွဲပိုင်း။ စစ်တွေလေဆိပ် က စစ်တွေမိုးနှင့် ကြိုသည်။ သဲသဲမဲမဲ။ မကြာမီ မိုးစဲ၍ စစ်တွေဟိုတယ်သို့ ရောက်သည်။ အစီအစဉ်များရေးဆွဲ ကြိုတင်ပြင်ဆင်ကြသည်။ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် အသီးသီးမှ သတင်းထောက်များ၊ မီဒီယာအဖွဲ့များလည်း တစ်ဖွဲဖွဲ ရောက်ရှိသတင်းပို့နေကြပြီ။
အကြိုညှိနှိုင်း
ဇွန် ၁၃ ရက်တွင် သတင်းမီဒီယာအဖွဲ့သားများ နှင့် အလုပ်ရုံဆွေးနွေးပွဲ စတင်သည်။ အကြိုညှိနှိုင်းပွဲဖြစ် သည်။ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဦးအောင်လှထွန်းက အဖွင့်အမှာစကားပြောကြားသည်။ မဏ္ဍိုင်(၄)ရပ်၏ နိဒါန်းကိုတင်ပြသည်။ ဝါရင့်သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးအုန်းကြိုင်ကလည်း သားငယ် သမီးငယ် သတင်းထောက်များနှင့် တွေ့ဆုံသြဝါဒပေးရ၍ ပျော်နေသည်။ သတင်းသမိုင်းနှင့်အတွေ့အကြုံ စုံစုံလင်လင် ဆွေးနွေးကြသည်။ ပါမောက္ခဒေါက်တာ မောင်မောင်စံ (ကြည်မင်း)က ရည်ရွယ်ချက်ကို ရှင်းသည်။ ရခိုင်သားဌာနေ သတင်းထောက် ခိုင်မြတ်ကျော်က အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူသည်။ မဏ္ဍိုင်(၃)ရပ်ကိုသာ လူသိများသည်။ စတုတ္ထမဏ္ဍိုင်ဆိုတာ ဘာလဲ။ (၁) ဥပေဒေပြုရေး (၂)အုပ်ချုပ်ရေး (၃)တရားစီရင်ရေး၊ ပြီးတော့ (၄) စတုတ္ထ မဏ္ဍိုင်သတင်းမီဒီယာ။ ထိုအခါ ဆွေးနွေးကြသူအပေါင်း နှစ်ထောင်းအားရဖြစ်လာသည်။ သတင်းကောင်စီဝင် ဦးမြင့်ကျော်၊ ဦးဇေယျာလှိုင်နှင့် စာရေးသူတို့ကပါ ဝိုင်းကြ၊ ဝန်းကြ၊ ပူးပေါင်းဆွေးနွေးကြသောအခါ ပြောစရာတွေ များလာသည့် ငြင်းခုံစရာတွေ ပို၍စုံလာသည်။ မဏ္ဍိုင် (၄)ရပ်သည် မြင့်မြတ်သော သမိုင်းပေးတာဝန်ဖြစ်ကြောင်း ပို၍၊ ပို၍ နားလည်သဘောပေါက်လာကြသည်။ ပူးပေါင်း ဆောင်ရွက်၊ ပူးပေါင်း
ကူညီ၊ ပူးပေါင်းအကျိုးဆောင်ကြရ မည်ဖြစ်သည်။
ဝန်ကြီးချုပ်နှင့် တွေ့ဆုံခြင်း
ညနေပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် အစိုးရအဖွဲ့ဝင်များ၊ ဝန်ကြီးများက မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီဝင်များအား လက်ခံတွေ့ဆုံသည်။ ရခိုင် ပြည်နယ်အတွင်း မဏ္ဍိုင်(၄)ရပ်ဆိုင်ရာ ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း ညှိနှိုင်းခွင့်ရသည်။ မနက်ဖြန် ဆက်လက် ကျင်းပမည့် မျက်နှာစုံညီအစည်းအဝေးအတွက်ပါ လမ်းညွှန် ညှိနှိုင်းခဲ့ကြသည်။ အားတက်ဖွယ်ဖြစ်သည်။
လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံခြင်း
ဆက်လက်၍ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှနှင့်အဖွဲ့အား ရခိုင်ပြည်နယ်လွှတ်တော်ရုံးတွင် သွားရောက်တွေ့ဆုံခဲ့ကြသည်။ သတင်းမီဒီယာများအား ပွင့်လင်းနွေးထွေးစွာ ဆက်ဆံပုံ၊ လွှတ်တော်၏ဆောင်ရွက် ချက်များကို ညှိနှိုင်းဆွေးနွေးကြသည်။ လွှတ်တော်၏အခန်းကဏ္ဍကိုကျေနပ်ဖွယ် သိမြင်ခဲ့ရသည်။
ရခိုင်လွှတ်တော်ဂျာနယ်
အယ်ဒီတာချုပ် ကျွန်းသားငမန်း ဆောင်ရွက်ထုတ်ဝေ သော ရခိုင်လွှတ်တော်ဂျာနယ်ကိုဖတ်ရှုရ၍ ဂုဏ်ယူမိသည်။ အခြားလွှတ်တော်များပင် ဤဂျာနယ်ကို နမူနာယူ၍ ထုတ်ဝေစေချင်သည်။ လွှတ်တော်၏သတင်းကို ပြည်သူတို့ သိအောင် ဖော်ဆောင်ပေးနေခြင်းဖြစ်သည်။လူသိနည်း သော လွှတ်တော်ဆိုင်ရာဥပဒေများကိုပါ ဗဟုသုတအဖြစ် ဝေငှနေသည်။ လွှတ်တော်ဥပဒေအကြံပေးများလည်း တာဝန်ပေးထားသဖြင့် ဥပဒေရေးရာအတွက် စိတ်အေး ဖွယ်ရာဖြစ်သည်။ သတင်းမီဒီယာအတွက် အကူအညီပေး နေသည်များ သိကြားခဲ့ရသည်။
စတုတ္ထမဏ္ဍိုင်
သတင်းမီဒီယာဥပဒေ ပုဒ်မ ၃(ခ)တွင်- သတင်းမီဒီယာလုပ်ငန်းသည် စတုတ္ထမဏ္ဍိုင်အဖြစ် ပီပြင်စွာ ရပ်တည်နိုင်စေရန် ရည်ရွယ်ချက်ထားရှိကြောင်း ဖော်ပြပြဋ္ဌာန်းထားသည်။
တစ်ခုတည်းသောအဖွဲ့အစည်း
''သတင်းမီဒီယာကောင်စီသည် စာနယ်ဇင်းသမားများ နှင့်စပ်လျဉ်း၍ ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လွတ်လပ်စွာ ဆောင်ရွက်နိုင်သည့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်သည်''ဟု သတင်းမီဒီယာဥပဒေပုဒ်မ ၁၂ တွင် ပြဋ္ဌာန်းထားသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီက မဏ္ဍိုင်(၄)ရပ်ဆွေးနွေးပွဲကို ဦးဆောင် ကျင်းပခဲ့ခြင်းလည်း ဖြစ်ပါသည်။ မဏ္ဍိုင်(၄)ရပ်၏ မြင့်မြတ် သောတာဝန်များသည် ပြည်သူလူထုအကျိုး၊ နိုင်ငံ့အကျိုး အတွက်သာ ဦးတည်ဆောင်ရွက်ကြောင်းလည်း ထင်ရှား လှပါသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်နှင့်အညီ နိုင်ငံသားတိုင်း လွတ်လပ်စွာ ရေးသား ထုတ်ဝေဖြန့်ချိခွင့်ရှိသည်။ သတင်းမီဒီယာလုပ်ငန်းများ ဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ကို လက်တွေ့အကောင် အထည်ဖော်ကြရပေမည်။ လိုအပ်ချက်အားနည်းချက်များ ကုစားကြရပါမည်။
ရပိုင်ခွင့်နှင့် တာဝန်
ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ တို့၏ လုပ်ငန်းဆောင်ရွက်ချက်များကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ လွတ်လပ်စွာ ဝေဖန်ထောက်ပြ၊ အကြံပြု ရေးသားကြရပါမည်။ နိုင်ငံသားတိုင်း သိခွင့်ရှိသော သတင်း အချက်အလက်များနှင့် သဘောထားအမြင်များကို ကျင့်ဝတ်စည်းကမ်းများနှင့်အညီ စုံစမ်းဖော်ထုတ်ရေးသား ကြရပါမည်။ သတင်းထုတ်လွှင့်ကြရပါမည်။ သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းက သတ်မှတ်ထားသော စည်းကမ်း များနှင့်အညီ အစိုးရဌာန၊ အဖွဲ့အစည်းများတွင် သတင်း အချက်အလက်ရယူခွင့်၊ နေရာထိုင်ခင်းရခွင့်နှင့် ဝင်ထွက် သွားလာခွင့်တို့ ရရှိရပါမည်။ သတင်းမီဒီယာသမားများသည် အများပြည်သူ သိခွင့်ရှိသော သတင်းအချက်အလက်များကို တောင်းယူကြည့်ရှုခွင့်ရှိကြပါသည်။
သတင်းသမားများအနေဖြင့် ရပိုင်ခွင့်ရှိသကဲ့သို့ တာဝန်များလည်းရှိသည်ကို မမေ့ကြပါ။ မိမိတို့၏ ကျင့်ဝတ် တာဝန်ကို မဖောက်ဖျက်ကြရပါ။ သတင်းမှန်၊ တိကျဖို့၊ ပြည့်စုံ ဖို့ တာဝန်ယူကြရပါသည်။ သတင်းမှားရေးမိက သတင်းမှန် တင်ပြကြဖို့ အမှားကိုဝန်ခံတတ်ဖို့ လိုပါသည်။ တရားရုံး၊ မှုခင်းများအတွက် စည်းကမ်းချက်ကို လိုက်နာကြရပါမည်။
တရားရေးဥပဒေ
ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျောက်၊ ပြည်နယ်ဥပဒေချုပ် ဦးကျော်လှထွန်း၊ ပြည်နယ်တရားရေးဦးစီးမှူး ဦးစိုးစိုး၊ ပြည်နယ်ဥပဒေအရာရှိ ဦးစောမြနှင့် တရားဥပဒေဆိုင်ရာပုဂ္ဂိုလ်များ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။ သတင်းသမားများ၏ တရားရေး ဆိုင်ရာအခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြခွင့်ရရှိ ခဲ့ကြပါသည်။ တရားသူကြီးချုပ်ကိုယ်တိုင် သတင်းမီဒီယာ အမှာစကား ပြောကြားခဲ့သည်။ အတွင်းရေးမှူး ဦးသီဟစောနှင့် ဒေါက်တာ မျိုးသန့်တင်တို့ကလည်း ဖြည့်စွက်တင်ပြကြပါသည်။
တရားရုံးသတင်းမီဒီယာလက်စွဲ
ထိုနေ့က သတင်းလောကသားများ ကြည်နူးဝမ်းသာ ဖြစ်ခဲ့ရသော မမေ့နိုင်စရာအချက်တစ်ချက်မှာ ''တရားရုံး သတင်းမီဒီယာလက်စွဲ''စာအုပ်ကို တက်ရောက်လာသူများ အား အခမဲ့ဝေငှခဲ့သည့်အစီအစဉ် ဖြစ်ပါသည်။ အဆိုပါ စာအုပ်စာစဉ်တွင် တရားရုံးများဖွဲ့စည်းပုံ၊ မှုခင်းများ စစ်ဆေးစီရင်ခြင်း၊ မှုခင်းသတင်း အချက်အလက်ရယူခြင်း၊ တရားရုံးမှ သတင်းရယူရာတွင် သိရှိလိုက်နာရန်အချက်များ သိရှိသင့်သည်။ ပြစ်မှုဆိုင်ရာဥပဒေဝေါဟာရများ၊ တရားရုံး သတင်းပြန်ကြားရေးအဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက် ခြင်းတို့ ပါဝင်ပါသည်။ ဤလက်စွဲကို သတင်းမီဒီယာသမား များ ကိုင်ဆောင်သုံးစွဲခွင့်ရခြင်းမှာ မဏ္ဍိုင်လေးရပ်အတွက် အားတက်ဖွယ်လက်နက်ကောင်းတစ်ရပ်ဟု ဆိုချင်ပါသည်။ အလားတူ မဏ္ဍိုင်များကလည်း သတင်းမီဒီယာသမားများ သိကောင်းစရာ(ဆောင်ရန်၊ ရှောင်ရန်၊ လက်စွဲစာစောင်များ) ဝေငှပေးနိုင်လျှင် ကြိုဆိုအပ်သော လုပ်ငန်းစဉ်ဖြစ်ပါလိမ့် မည်။ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကလည်း သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေများ၊ သတင်းမီဒီယာ ကျင့်ဝတ်နှင့် ကောင်စီ၏သမိုင်းအကျဉ်း(လက်စွဲစာစောင်)ကို အခမဲ့ဖြန့်ဖြူးဝေငှလျက်ရှိပါသည်။ မဏ္ဍိုင်လေးရပ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေး၏ အခြေခံအုတ်မြစ် တစ်ရပ်ဖြစ်ပါသည်။ ထိုနေ့က ဌာနဆိုင်ရာများ၊ တာဝန်ရှိ သူများ၊ သတင်းမီဒီယာသမားများ မျက်နှာစုံညီဆွေးနွေးပွဲမှာ နိဒါန်းမျှသာရှိပါသေးသည်။
အားနည်းချက်များမှတစ်ဆင့်
ဗဟိုအဆင့် မဏ္ဍိုင်လေးရပ် အလုပ်ရုံဆွေးနွေးပွဲ ကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာန၌ ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီးဖြစ် ပါသည်။ ပြည်နယ်/တိုင်းဒေသကြီးအဆင့် မဏ္ဍိုင်လေးရပ် အလုပ်ရုံဆွေးနွေးပွဲကို ပထမဆုံး ရခိုင်ပြည်နယ်တွင် (ယခု)ကျင်းပနိုင်ခဲ့ပါပြီ။ အခြား အခြားသော ပြည်နယ်၊ တိုင်း ဒေသကြီးများတွင်လည်း အလားတူ ကျင်းပဆောင်ရွက်ရပေ ဦးမည်။ အားနည်းချက်များကားရှိဆဲပင်။ အားနည်းချက် များမှတစ်ဆင့် အားသာချက်များကို ရယူဆောင်ရွက်သွား ရျမည်ဖြစ်သည်။ စာတွေ့မှလက်တွေ့ ကူးပြောင်းကြရပါ မည်။ လက်တွေ့ဘဝဖြေရှင်းရပါဦးမည်။
မဏ္ဍိုင်(၄)ရပ် မြင့်မြတ်တာဝန်
ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ သတင်း မီဒီယာ မဏ္ဍိုင်လေးရပ်တို့သည် အပြန်အလှန် ထိန်းကျောင်းခြင်း၊ ပွင့်လင်းမြင်သာရှိခြင်း၊ လေးစားခြင်း၊ ပြည်သူ့အကျိုးစီးပွားဦးထိပ်ထားခြင်းများဖြင့် မြင့်မြတ်သော တာဝန်ကို ဂုဏ်သိက္ခာမြင့်မားစွာထမ်းဆောင်သွားသင့်ပါ ကြောင်းကို ရခိုင်ပြည်နယ်သတင်းခရီးက ညွှန်ပြခဲ့ပါ ကြောင်း တင်ပြအပ်ပါသည်။ ။
ဦးဟန်ညွန့်(ဥပဒေ)

No comments:

Post a Comment