Friday, June 2, 2017

ဇွဲကပင်ကုန်သွယ်မှုဗဟိုဌာန ဖွင့်လှစ်

Image may contain: 5 people, people sitting, table and indoor
ဘားအံ ဇွန် ၁
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ဇွဲကပင်ကုန်သွယ်မှုဗဟို ဌာနဖွင့်ပွဲကို မေ ၃ဝ ရက် နံနက် ၈ နာရီက ကရင်ပြည်နယ် ဘားအံမြို့ အမှတ်(၂)ရပ်ကွက် သစ္စာလမ်းရှိ အဆိုပါ အဆောက်အအုံရှေ့၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီး ချုပ် ဒေါ်နန်းခင်ထွေးမြင့်က အမှာစကားပြောကြားရာတွင် ယခင်က ကရင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးမှု အားနည်းပြီး ကူးသန်းရောင်းဝယ်မှုများသည်လည်း နည်းပါးခဲ့ကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော်မှ စီမံဆောင်ရွက် ပေးသည့် ဇွဲကပင်ကုန်သွယ်မှုဗဟိုဌာနသည် ပြည်နယ်၏ ခြေလှမ်းတစ်ခုပင်ဖြစ်ကြောင်း၊ တရားနည်းလမ်းကျသည့် တရားဥပဒေစိုးမိုးရေး၏ မူဘောင်အတွင်းမှနေ၍ ဆောင်ရွက် ပေးသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး တရားနည်းလမ်းကျကျဖြင့် လုပ်ကိုင်နိုင်ရန် ဗဟိုအဆင့်မှ လာရောက်ဖွင့်လှစ်ပေးသည့် အတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြား သည်။
ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ဇွဲကပင်ကုန်သွယ်မှု ဗဟိုဌာနဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်စီမံ ကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြကာ ခင်းကျင်းပြသထားသည့် ဒေသထွက်ကုန် ပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။
နိုင်ငံ၏ထုတ်ကုန်များသည် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အခြေခံထားသည့်အတွက် ဒေသအတွင်း ရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များရရှိရန်၊ ဒေသ ၏ထွက်ကုန်များကို မြှင့်တင်ပေးနိုင်ရန်၊ ပြည်တွင်းကုန်သွယ် မှုနှင့် ပြည်ပပို့ကုန် တိုးတက်လာစေပြီး နိုင်ငံ၏ဝင်ငွေ တိုးတက်ရရှိလာစေရန်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့ တွင်ရှိသည့် စီးပွားရေးလုပ်ငန်းများ အားကောင်းလာစေရေး သည် တိုင်းပြည်၏ အခြေခံကျသည့် လုပ်ငန်းများဖြစ်သည့် အတွက် ဒေသ၏စီးပွားရေးနှင့် ဒေသ၏ အစိုးရကို ကူညီ ပံ့ပိုးနိုင်ရေး၊ ဒေသ၏ လုပ်ငန်းရှင်များအား ကူညီပံ့ပိုးနိုင် ရေးအတွက် ဇွဲကပင်ကုန်သွယ်မှုဗဟိုဌာနအား ဖွင့်လှစ်ရ ခြင်းဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:

Post a Comment