Thursday, June 1, 2017

နှစ်နှစ်အတွင်း ဝင်းဂါး အဖြေရှာပေးရတော့မယ့်အာဆင်နယ်ရဲ့ ပရီမီယာလိဂ်ဖလား ပုစ္ဆာ

Image may contain: one or more people and outdoor
မေလဲ့သင်း
အာဆင်နယ်အသင်းက နည်းပြ ဝင်းဂါးကို ပေါင် ၁၆ သန်း တန် နှစ်နှစ်သက်တမ်းတိုးစာချုပ်ကို ထပ်မံချုပ်ဆိုလိုက်ပါ တယ်။ အာဆင်နယ် အဓိကရှယ်ယာရှင် ခရွန်ကီနဲ့ ဝင်းဂါးတို့ တနင်္လာနေ့ တွေ့ဆုံပြီးနောက် မေ ၃ဝ ရက် က ပြုလုပ်တဲ့ အာဆင်နယ်ဘုတ်အဖွဲ့အစည်းအဝေးမှာ အစောပိုင်းက ကမ်းလှမ်းထားပြီးဖြစ်တဲ့ နှစ်နှစ်စာချုပ်ကို ထပ်မံအတည်ပြုဖို့ သဘောတူလိုက်တာ ဖြစ်ပါတယ်။ ဝင်းဂါးကို နည်းပြအဖြစ် ဆက်လက်ခန့်အပ်ဖို့ နည်းပြ ဘုတ်အဖွဲ့ဝင်တွေက မဲပေးရာမှာ ထောက်ခံမဲ ၅၈ ရာခိုင် နှုန်း၊ ကန့်ကွက်မဲ ၄၁ ရာခိုင်နှုန်းနဲ့ ကြားနေမဲ တစ်ရာခိုင်နှုန်း ရှိခဲ့တာပါ။ ဒါပေမယ့် ဒီစာချုပ်သစ်ဟာ ကန့်ကွက်မှုတွေ အများကြီးကြားထဲက ဖြစ်တည်လာခဲ့တာဖြစ်ပြီး ဒီစာချုပ် ကို ကမ်းလှမ်းခဲ့တဲ့ အာဆင်နယ်ရော လက်မှတ်ရေးထိုးခဲ့တဲ့ ဝင်းဂါးပါ အာဆင်နယ်အသင်း နှစ်ပေါင်းများစွာ ရှာမတွေ့ခဲ့တဲ့ ပရီမီယာလိဂ်ဖလားလက်မဲ့ ပုစ္ဆာရဲ့အဖြေ ကို ဒီနှစ်နှစ်အတွင်း မဖြစ်မနေရှာပေးဖို့ တာဝန်ရှိပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ ဝင်းဂါးနဲ့ အာဆင် နယ်တို့ သက်တမ်းတိုးမှုဟာ အာဆင်နယ်အနေနဲ့ နှစ် ၂ဝ ကာလအတွင်း ထိပ်တန်း(၄)နေရာအပြင်ဘက်မှာ ပထမဦးဆုံး အဆုံးသတ်ခဲ့တဲ့ ရာသီအပြီးဖြစ်နေတာပါ။ ဒီတော့ ဘယ်လိုအကြောင်းတရားတွေကိုကြည့်ပြီး ဝင်းဂါး ကို သက်တမ်းတိုးခဲ့ပါသလဲ။ အင်္ဂလန်မီဒီယာတွေကတော့ ခရွန်ကီဟာ သူ့ရဲ့ဘဏ်စာရင်းထဲ ဒေါ်လာသန်းပေါင်း မြောက်မြားစွာ တိုးပွားအောင် ရှာဖွေပေးနေတဲ့ဝင်းဂါးကို လက်မလွှတ်လိုခြင်းက အခုစာချုပ်ကို ဖြစ်ပေါ်လာစေတဲ့ အဓိကအကြောင်းတရားလို့ ရေးသားကြပါတယ်။
ဒါပေမယ့် ဒီအချက်က ဝင်းဂါးရဲ့ အနာဂတ်ကို သက်ရောက်မှုရှိခဲ့ပေမယ့် အက်ဖ်အေဖလားမှာ ချယ်လ်ဆီး လို အသင်းမျိုးကို အနိုင်ကစားပြီး ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပြနိုင်ခဲ့တာကြောင့် ဘုတ်အဖွဲ့ဝင်တွေရဲ့ ယုံကြည်မှုကို ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ရေရှည်စီမံကိန်းတွေ တစ်ဝက်တစ်ပျက်ဖြစ်နေဆဲ အနေအထား၊ ဝင်းဂါးနေရာကို ဘယ်သူအစားထိုးမလဲဆို တာ တိတိကျကျအဖြေထုတ်နိုင်ခြင်းမရရှိသေးတာတွေ က နောက်ကွယ်က အကြောင်းတရား ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဂျူဗင်တပ်နည်းပြ အယ်လီဂရီ၊ အက်သလက်တီကိုနည်းပြ ဆီမြွန်နီ၊ မိုနာကိုနည်းပြ ဂျာဒင်တို့ကို အနာဂတ်နည်းပြလောင်းအဖြစ် ရည်မှန်း ထားပေမယ့် တကယ်တမ်းမှာ ဒီနည်းပြတွေကိုလည်း ချက်ချင်းလက်ငင်းခေါ်ဖို့ မလွယ်သေးပါဘူး။ ဒါကြောင့် ဝင်းဂါးကို နှစ်ရာသီ ဆက်လက်ကိုင်တွယ်ခိုင်းခြင်းကသာ လျှင် လက်ရှိ ပစ္စုပ္ပန်အတွက် အကောင်းဆုံးဖြစ်မယ်လို့ ယူဆပြီး မျက်စိမှိတ်ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။
အာဆင်နယ် ကစားသမားဟောင်း အီယန်ရိုက်က တော့ ဝင်းဂါးကို သက်တမ်းတိုးလိုက်နိုင်ခြင်းက အာဆင် နယ်ဘုတ်အဖွဲ့ဝင်တွေရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ဘာမှ အဆင်သင့်မဖြစ်သေးတဲ့ အနေအထားမှာ ဝင်းဂါး ကို ထုတ်ပယ်လိုက်ရင် အာဆင်နယ်အသင်း ဖရိုဖရဲ ဖြစ်ကျန်ခဲ့တာကလွဲရင် ဘာတစ်ခုမှ ကောင်းလာဖို့ မရှိဘူး လို့ သူ့အမြင်ကို ပြောပါတယ်။ ဒါပေမယ့် ဂယ်ရီလိုင်နီ ကာကတော့ ''ခင်ဗျားတို့ ချန်ပီယံလိဂ်ဝင်ခွင့်မရဘဲ ဂရစ်ဇ်မန်းလို ထိပ်တန်းကစားသမားကိုခေါ်လို့ရမယ်များ ထင်နေသလား။ ဒါမှမဟုတ်ရင် အခြားအသင်းထက် လစာကို ပိုသုံးရင်တော့ ရနိုင်ပါလိမ့်မယ်။ ကစားသမား ကောင်းတွေရဖို့ ဒီနည်းလမ်းတစ်ခုပဲရှိတယ်''လို့ အာဆင် နယ်ရဲ့ ကစားသမားခေါ်ယူမှုအပိုင်းကို သုံးသပ်ခဲ့ပါတယ်။
ဝင်းဂါးကတော့ လာမယ့်ရာသီမှာ အာဆင်နယ်ဟာ ချယ်လ်ဆီး၊ စပါး၊ မန်ယူ၊ မန်စီးတီးနဲ့ လီဗာပူးအသင်းတွေကို အကောင်းဆုံးယှဉ်ပြိုင်ပြီး ၁၃ နှစ်ကြာ ဝေးကွာခဲ့တဲ့ ပရီမီယာလိဂ်ဖလားကို ရယူမယ်လို့ ကြွေးကြော်လိုက်ပါ တယ်။ ဝင်းဂါးအုပ်စိုးခဲ့တဲ့ နှစ် ၂ဝ ကျော်ကာလအတွင်း အာဆင်နယ်ရဲ့ အဓိကပြိုင်ဘက်တွေ ဖြစ်ခဲ့တဲ့ မန်ယူ၊ ချယ်လ်ဆီး၊ မန်စီးတီးနဲ့ လီဗာပူးအသင်းတွေမှာ မန်နေဂျာ ပေါင်း ၄၂ ဦး အထိ ပြောင်းလဲခန့်အပ်ခဲ့ပြီးပါပြီ။ ဒီကာလ အတွင်း လီဗာပူးဟာ ပရီမီယာလိဂ်ဖလား မရရှိခဲ့ပေမယ့် ချန်ပီယံလိဂ်လို ဥရောပအမြင့်မားဆုံး ဆုဖလားတစ်ကြိမ် ရယူပြနိုင်ခဲ့ပြီး မန်ယူက ပရီမီယာလိဂ်ဖလား ၁ဝ ကြိမ်၊ ချယ်လ်ဆီးက ငါးကြိမ်၊ မန်စီးတီးက နှစ်ကြိမ်ရယူနိုင်ခဲ့ ကြတာပါ။ မန်ယူဟာ နည်းပြပိုင်းအပြောင်းအလဲဖြစ်ပြီး နောက် ပရီမီယာလိဂ် ချန်ပီယံပြန်မဖြစ်သေးပေမယ့် ချယ်လ်ဆီးကတော့ မတူညီတဲ့ နည်းပြတွေရဲ့ လက်အောက် မှာ ပရီမီယာလိဂ်ဖလားကို ငါးကြိမ်တိုင်ရယူနိုင်ခဲ့တာဖြစ် ပါတယ်။
အာဆင်နယ်အနေနဲ့ အခုထိ ဘယ်ကစားသမားကိုမှ ရေရေရာရာ မခေါ်ယူနိုင်သေးပေမယ့် မာရက်ဇ်ကို ပေါင် သန်း ၄ဝ၊ အခြားတိုက်စစ်ကစားသမား၊ ခံစစ်ကစား သမားတစ်ဦး ထပ်ခေါ်မယ်လို့ သတင်းထွက်နေပါတယ်။ ဒါ့အပြင် ဘယ်လ်ဂျီယံလိဂ် ထိပ်တန်းဂိုးသွင်းရှင်ဖြစ်တဲ့ နိုင်ဂျီးရီးယားလူငယ်ကစားသမားလေး ဟင်နရီအိုကာယူ ကက်နဲ့ သဘောတူညီချက်ရပြီးပြီလို့ သတင်းထွက်နေပါ တယ်။ ဝင်းဂါးကတော့ အာဆင်နယ်ရဲ့ လက်ရှိ လူစာရင်း နဲ့တင် ပရီမီယာလိဂ်ဖလားရရှိအောင် စွမ်းဆောင်နိုင်တယ် လို့ဆိုခဲ့ပြီး ချယ်လ်ဆီးကို အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလား ပြိုင်ပွဲကိုကြည့်ပြီး ဒီအချက်မှန်တယ်ဆိုတာကို အဖြေထုတ် နိုင်တယ်လို့ ထောက်ပြပါတယ်။
ဝင်းဂါးဟာ အာဆင်နယ်ကို ကိုင်တွယ်ခဲ့တဲ့ နှစ် ၂ဝ ကျော်ကာလမှာ ကစားသမား ၁၆၂ ဦးအတွက် ပေါင်သန်း ၇ဝဝအသုံးပြုခဲ့ပြီးဖြစ်ပါတယ်။ ဒီကာလအတွင်း ချန်ပီယံ ဖလား ၁၆ လုံးကို ရယူနိုင်ခဲ့ပြီးဖြစ်ပေမယ့် ပရီမီယာလိဂ် ဖလားမရတာ ၁၃ နှစ်ကြာပါပြီ။ သူ့ရဲ့ နည်းပြသက်တမ်း ပထမ ၁ဝ နှစ်အတွင်းမှာ ပရီမီယာလိဂ်သုံးလုံး၊ အက်ဖ်အေဖလား လေးလုံးရယူနိုင်ပြီး အင်္ဂလန်ရဲ့သမိုင်း မှာ အအောင်မြင်ဆုံး နိုင်ငံခြားသားနည်းပြတစ်ဦးအဖြစ် မှတ်တမ်းဝင်ထားခဲ့သူပါ။ ဒါပေမယ့် နောက်ပိုင်းနှစ်တွေမှာ တော့ အာဆင်နယ်ရဲ့ အနေအထားဟာ အကျဘက်ကို ဦးတည်လာပြီး ပရိသတ်တွေက ဝင်းဂါးအပေါ်ထားခဲ့တဲ့ ချစ်ခြင်းတွေနေရာမှာ ဆန့်ကျင်မှုတွေ၊ ဒေါသတွေသာ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးလာတဲ့ အနေအထားအဖြစ် ပြောင်းသွားပါတယ်။
ဆန့်ကျင်မှုတွေရှိနေတဲ့ကြားက အခုလို ဝင်းဂါး အပေါ် သက်တမ်းတိုးစာချုပ်ချုပ်ဆိုလိုက်ခြင်းက ပရိသတ် တွေရဲ့ ဆန္ဒကိုဆန့်ကျင်ရာရောက်ပြီး လာမယ့်ရာသီမှာသာ အာဆင်နယ်အသင်း ရလဒ်မကောင်းရင် အရင်ကထက် ဆန့်ကျင်မှုတွေ ပိုမိုတိုးလာနိုင်တယ်ဆိုတာ ကြိုတွက်လို့ ရပါတယ်။ အာဆင်နယ်အသင်းရဲ့ ထူးခြားချက်က ရာသီ အစဆို ခြေစွမ်းပိုင်းကောင်းမွန်တည်ငြိမ်ပြီး ဒီဇင်ဘာ၊ ဇန်နဝါရီကာလကစလို့ ခြေစွမ်းပိုင်းယိမ်းယိုင်လာကာ ရာသီသိမ်းခါနီးရောက်မှ အကောင်းမွန်ဆုံး ခြေစွမ်းကို ပြန်လည် မြင်တွေ့ရတာဖြစ်ပါတယ်။ ဒီလို နှစ်စဉ်နှစ်တိုင်း တူညီတဲ့ အခြေအနေနဲ့ ပရီမီယာလိဂ်ဖလားလွဲချော်နေ တာဟာ ကစားသမားအရန်အင်အားမပြည့်စုံမှု၊ အသင်း ကို ဦးဆောင်နိုင်မယ့် ကစားသမားမရှိဘဲ အကုန်လုံးဟာ တန်းတူရည်တူ အရည်အချင်းလောက်ပဲရှိကြတာ၊ ကစားသမားတွေမှာ အနိုင်ရလိုစိတ် ပြင်းထန်မှုမရှိတာ တွေက အာဆင်နယ်အသင်းရဲ့ ၁၃ နှစ်ကြာ ပရီမီယာ လိဂ်ကပ်ဘေးကိုထပ်ကာတလဲလဲ ကြုံတွေ့စေတဲ့ အကြောင်းတရားတွေ ဖြစ်နေပါတယ်။
ဝင်းဂါးကတော့ ဘီဘီစီရေဒီယိုနဲ့ တိုက်ရိုက် ဆွေးနွေးခန်းမှာ သူ့အပေါ်ဆန့်ကျင်မှုတွေဟာ သူ့ဘဝမှာ ဘယ်တော့မှ မမေ့နိုင်တဲ့အကြောင်းတရား ဖြစ်နေမှာ ဖြစ်ပြီး ဒီလိုဆန့်ကျင်မှုတွေကို ရပ်တန့်ဖို့ သူကိုယ်တိုင်ပဲ အဖြေထုတ်မယ်လို့ ဖြေကြားခဲ့ပါတယ်။ ပရိသတ်တွေရဲ့ ဆန့်ကျင်မှုတွေဟာ အိမ်ကွင်း၊ အဝေးကွင်းမရွေးဖြစ်ခဲ့ သလို ကွင်းထဲမှာ လမ်းပေါ်မှာ စသဖြင့် နေရာစုံမှာ ဖြစ်ခဲ့တာပါ။ ဘလက်ဘန်းနဲ့ ဆဲလ်တစ်တိုက်စစ်မှူးဟောင်း ဆက်တန်က ဝင်းဂါးဟာ ပါတီပွဲကနေ မထွက်ချင်တဲ့ ဦးလေးကြီး တစ်ယောက်လို ဖြစ်နေပြီး အပြောင်းအလဲ မလုပ်လိုတာကြောင့် အာဏာရှင်ပုံစံမျိုးဖြစ်နေတယ်လို့ ဝေဖန်ခဲ့ပါသေးတယ်။
ဒါပေမယ့် ဒီလို ဝေဖန်မှုတွေ၊ ဆန့်ကျင်မှုတွေကို ရပ်တန့်မယ့်သူဟာလည်း သူကိုယ်တိုင်ပဲ ဖြစ်ရမယ်လို့ သန္နိဋ္ဌာန် ချထားတဲ့ ဝင်းဂါးအနေနဲ့ ဒီစကားတည်အောင် ကြိုးပမ်းပြဖို့ လိုအပ်နေပါပြီ။ ဒါပေမယ့် ချန်ပီယံလိဂ်ဝင် ခွင့်လွဲချော်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေအဖြစ် အသင်းရဲ့ ထိပ်တန်းကစားသမားတွေကို ထွက်ခွာမသွား အောင် စည်းရုံးရေး၊ ကစားသမားသစ်များ လာရောက် ကစားချင်အောင်ဆွဲဆောင်ရေးအပြင် ဘောလုံး ဒါရိုက် တာ ခန့်အပ်ရေးကိစ္စရပ်တွေကိုပါ အရင်ကထက် အား ထုတ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ သေချာတာက ဂုဏ် သိက္ခာအဖတ်ဆယ်ဖို့ အစွမ်းကုန်ပေးဆပ်ချင်တယ်ဆိုရင် လွန်ခဲ့တဲ့ ၁၃ နှစ်အတွင်း ကျရှုံးမှုတွေထဲကနေ ဖောက် ထွက်ပြီး ချဉ်းကပ်နည်းသစ်တစ်ခုကိုတော့ ရှာဖွေရပါ လိမ့်မယ်။ ဒီလိုမှမဟုတ်ရင်တော့ ဒီနှစ်နှစ်မှာလည်း အချိန် ကုန်သွားတာပဲရှိပြီး ပရိသတ်တွေစွပ်စွဲသလို ဝင်းဂါးဟာ အာဆင်နယ်ကို တစ်နှစ်ထက်တစ်နှစ် အကျဘက်ကိုဆွဲ ခေါ်သွားတဲ့ အာဏာရှင်နည်းပြဆိုတဲ့အချက်မှန်ကန် တယ်ဆိုတာ သက်သေပြသွားသလို ဖြစ်ပါလိမ့်မယ်။ ဒီတော့ လာမယ့်ရာသီ အာဆင်နယ် ဘာတွေပြောင်းလဲသွားမလဲ၊ ဘာတွေကို ဘယ်လို အသစ် ပြန်တည်ဆောက်မလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရင်းနဲ့ . . .။ ။

No comments:

Post a Comment