Thursday, June 1, 2017

စစ်ကိုင်းတိုင်းဒေသကြီး ၌ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

Image may contain: one or more people and crowd
စစ်ကိုင်း မေ ၃၁
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၏၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မုံရွာမြို့ ခရိုင်စီမံခန့်ခွဲမှုကော်မတီရုံး မြသလ္လာခန်းမ၌ မေ ၂၉ ရက် နံနက် ၈ နာရီက ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြ သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တာဝန်ရှိသူများနှင့် အတူ အခြေခံပညာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းဝတ်စုံ၊ ကျောင်းသုံးပုံနှိပ်စာအုပ်၊ ကျောင်းသုံး ဗလာစာအုပ်များကိုလည်းကောင်း၊ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ များကို ကျောင်းသုံး ပုံနှိပ်စာအုပ်များကိုလည်း ကောင်း အသီးသီးထောက်ပံ့ပေးအပ်ကြသည်။
အခမ်းအနားတွင် အခြေခံပညာ KG တန်းမှစတုတ္ထတန်းအထိ ကျောင်းဝတ်စုံ ၅၈၆၄၉၂ စုံ၊ ဗလာစာအုပ် ၇၁၈၃ဝ၆ ဒါဇင်၊ ပုံနှိပ်စာအုပ်များအဖြစ် ပထမတန်းအတွက် အစုံ ၁၄၄ဝ၈ဝ၊ ဒုတိယတန်းအတွက် ၁၃၄၃၃၃ စုံ၊ တတိယတန်းအတွက် ၁၃၃၇၁၅ စုံ၊ စတုတ္ထတန်းအတွက် ၁၂၆၅ဝ၇ စုံအားလည်းကောင်း၊ ပဉ္စမတန်းအတွက် ၁၁၈၆၉၇ စုံ၊ ဆဌမတန်းအတွက် ၁ဝ၉၇၈၄ စုံ၊ သတ္တမတန်းအတွက် ၁ဝ၂၆ဝ၅ စုံ၊ အဋ္ဌမတန်းအတွက် ၉ဝ၉၃၅ စုံ၊ နဝမတန်းအတွက် ၈ဝ၇၈၁ စုံနှင့် ဒသမတန်းအတွက် အစုံ ၅၇၆၇ဝ အား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သူငယ်တန်းကျောင်းဝင်နှုန်းသည်၂ဝ၁ဝ-၂ဝ၁၁ ပညာသင်နှစ်တွင် ၉၉ ဒသမ ၅၇ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် ၉၉ ဒသမ ၉ဝ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း၊ အတန်းကူးပြောင်းမှုနှုန်းတွင် မူလတန်းအဆင့်မှ အလယ်တန်းအဆင့်သို့ ၉၂ ရာခိုင်နှုန်းနှင့်အထက် ကူးပြောင်းနိုင်ကြောင်းနှင့် အလယ်တန်းမှ အထက်တန်းအဆင့်သို့ ကူးပြောင်းမှုတွင် ၉၇ ရာခိုင်နှုန်းအထိရှိကြောင်း တိုင်းဒေသကြီး အခြေခံပညာဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)

No comments:

Post a Comment