Friday, June 30, 2017

ညောင်နှစ်ပင်သင်တန်းကျောင်း၏ မြေဧရိယာဧက ၆ဝဝ ခန့်တွင် ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်းဆောင်ရွက်သွားမည်



နေပြည်တော် ဇွန် ၂၉
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉမပုံမှန် အစည်းအဝေး ၂၂ ရက် မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် အမျိုးသားလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မေးခွန်း လေးခု မေးမြန်းဖြေကြားခြင်း၊ ဥပဒေကြမ်းနှစ်ခု အတည်ပြုခြင်းနှင့် ဥပဒေကြမ်းတစ်ခု ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြ သည်။
အဆင့်မြှင့်တင်ဖောက်လုပ်
ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁ဝ)မှ ဦးသိန်းလွင်၏ ဗန်းမော်ခရိုင် အတွင်းရှိ ဗန်းမော် - မိုးမောက် - ကျောက် စခန်း - လွယ်ဂျယ်ကားလမ်းမကြီးကို ရာသီမရွေး စိတ်ချလက်ချ ကုန်စည် ပို့ဆောင်နိုင်ရန်နှင့် ခရီးသွားလာနိုင်ရန် အဆင့်မြင့် ကတ္တရာလမ်း၊ ကွန်ကရစ် လမ်းများ ဖောက်လုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းက ဗန်းမော် - မိုးမောက် - ကျောက်စခန်း - စိန်လုံး - လွယ်ဂျယ်လမ်းမကြီးသည် ၅၇ မိုင်ရှိ ပြီး မိုးမောက်မှ လွယ်ဂျယ်အထိ ကတ္တရာ လမ်း (ဝ/၇)မိုင်၊ ပြောင်းဖူးစေ့ ကျောက်စီလမ်း ၄၆ မိုင် ၅ ဖာလုံ စုစုပေါင်းအရှည် ၄၇ မိုင် ၄ ဖာလုံအား အကျယ် ၁၂ မီတာရှိ ကတ္တရာလမ်း အဖြစ် သုံးနှစ်အတွင်း အဆင့်မြှင့်တင် ဖောက်လုပ်ရန် မြောက်ပိုင်းတော်ဝင် ကျောက်စိမ်းကုမ္ပဏီအား ၂ဝ၁၅ ခုနှစ် တွင် ခွင့်ပြုခဲ့ပါကြောင်း။
ကုမ္ပဏီအနေဖြင့် လမ်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်းများကို သုံးနှစ် အတွင်း အပြီးဆောင်ရွက်ရမည်ဖြစ် သော်လည်း ထိထိရောက်ရောက် ဆောင် ရွက်နိုင်ခြင်းမရှိခဲ့ပါကြောင်း၊ ယခုအခါ မိုင်တိုင် (၄၆/၄)နှင့် မိုင်တိုင် (၄၇/၄)အတွင်း လွယ်ဂျယ်မြို့တွင်းအပိုင်း စံပြလမ်း ၁ ဒသမ ၃ ကီလိုမီတာခန့် အား ၁၂ မီတာအကျယ် ကတ္တရာလမ်း ခင်းခြင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် စံပြလမ်း ၁ ဒသမ ၃ ကီလိုမီတာခန့် အား ကုမ္ပဏီမှ အပြီးဆောင်ရွက်မည် ဖြစ်ပြီး ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ကတ္တရာလမ်းအဖြစ် အပြီးတည်ဆောက် နိုင်ရေးအတွက် လုပ်ငန်းများဆောင်ရွက် လျက်ရှိပါကြောင်း၊ ကုမ္ပဏီအနေဖြင့် စာချုပ်ပါ စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိပါက လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဖြေကြား သည်။
မြို့ပြ ဖွံ့ဖြိုးရေး စီမံကိန်း
ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း၏ ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ် ညောင်နှစ်ပင်ဒေသတစ်ဝိုက်ရှိ ဇုန်များအနက် ဇုန်(၃)ဧရိယာအတွင်း ပါရှိသည့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်ထွန်းပေါ်ပေါက်ရာ အဆောက် အအုံ မြေနေရာများအား အကျိုး ရှိအောင် မည်သို့ဆောင်ရွက်မည်ကို သိရှိ လိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက လှည်းကူးမြို့နယ် ညောင်နှစ်ပင်သင်တန်း ကျောင်း၏ မြေဧရိယာဧက ၆ဝဝ ခန့် တွင် ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက် ရေးအတွက် အထောက်အကူဖြစ်စေ ရန်၊ အကျိုးရှိသော မြို့မြေ အသုံးပြု မှုဖြစ်ရန်၊ မြို့ပြ ဖွံ့ဖြိုးရေး စီမံကိန်းပုံစံ များကို လေ့လာရေးဆွဲထားပြီး ဖြစ်ပါ ကြောင်း၊ အဆိုပါစီမံကိန်းများအတိုင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
အကောင်အထည်ဖော်ဆောင်ရွက် မည့် စီမံကိန်းများ၌ စက်မှုလုပ်ငန်း ဧရိယာ၊ သုတေသနနှင့် ဖွံ့ဖြိုးရေး စင်တာ၊ သင်တန်းကျောင်းများ၊ အိမ်ရာ နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံ များ စသည်ဖြင့် ပါဝင်မည်ဖြစ်ပါ ကြောင်း၊ စီမံကိန်းဆောင်ရွက်ခြင်းဖြင့် ဒေသ ဖွံ့ဖြိုးတိုးတက်ခြင်း၊ ရန်ကုန်တိုင်း ဒေသကြီး ဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုခြင်း၊ အလုပ်အကိုင် အခွင့် အလမ်းများ ပေါ်ထွန်းလာခြင်းနှင့် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေ များရရှိခြင်း စသည့်အကျိုးကျေးဇူး များ ရရှိမည်ဖြစ်ပါကြောင်း ဖြေကြား သည်။
ထို့ပြင် ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ ဦးကျော်သန်းနှင့် ရှမ်း ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးခွန်သိန်းဖေတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော် လင်းက ပြန်လည်ရှင်းလင်းဖြေကြား သည်။
ထို့နောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာ သည့် မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်း ရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေကိုပြင်ဆင် သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုး သားလွှတ်တော် ဥပဒေကြမ်းကော်မတီ ၏ အစီရင်ခံစာကို ကော်မတီဝင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်နွယ်နွယ်အောင်က ဖတ်ကြား တင်ပြရာ လွှတ်တော်က ပြည်သူ့ လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုကြောင်း ဆုံးဖြတ်သည်။
ပြင်ဆင်ချက်အတိုင်း အတည်ပြု
ဆက်လက်၍ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာ သည့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ကော်မတီဝင် ကချင် ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁ဝ)မှ ဦးသိန်းလွင်က ဖတ်ကြားတင်ပြရာ လွှတ်တော်က ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုကြောင်း ဆုံးဖြတ်သည်။
ယင်းနောက် တူးမြောင်း ဥပဒေ ကြမ်း နှင့်စပ်လျဉ်း၍ မကွေးတိုင်းဒေသ ကြီးမဲဆန္ဒနယ် အမှတ်(၆)မှ ဦးဝင်း မောင်က ဥပဒေကြမ်းပါ အဓိပ္ပာယ် ဖွင့်ဆိုချက်များ တိကျမှန်ကန်ရေး ဆွေးနွေးရာ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြန်လည် ကြားနာဆောင်ရွက်ရန် လွှတ်တော်က ဆုံးဖြတ်ကြောင်းကြေညာသည်။
ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ပဉမပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့ကို ဇွန် ၃ဝ ရက်တွင် ကျင်းပရန် လျာထားကြောင်း ကြေညာ သည်။
သူရဇော်၊
မွှေးကြူဇင် (သတင်းစဉ်)

No comments:

Post a Comment