နေပြည်တော် မေ ၃ဝ
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမဆောင်၌ ကျင်းပ သည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ ကျောက်တော်မြို့နယ် ဇင်းခါးချေကျေးရွာ ချောင်းသားမြောက်ကွင်း ကွင်းအမှတ် ၈၄၇(A)တွင်ရှိသည့် လယ်မြေ ၁၅ ဧကကို ကာကွယ်ရေးဝန်ကြီးဌာန သိမ်းဆည်းမြေ အဖြစ်မှ ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က လယ်မြေ ၁၅ ဧကသည် ရခိုင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ စားကျက်မြေ ပယ်ဖျက်ခွင့်ပြုမိန့်ရရှိ ခဲ့ပြီးဖြစ်သော်လည်း တပ်ရင်းဌာနချုပ်နှင့် ၁ဝ မိုင်ခန့်ကွာဝေး ခြင်း၊ နှစ်စဉ်မိုးရာသီ၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ပြီး မိုးစပါး =စိုက်ပျိုး နိုင်မှုမရှိခြင်းတို့ကြောင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည်စွန့်လွှတ်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁ဝ)မှ ဦးကျော်သန်း၏ ကျောက်ဖြူခရိုင် မာန်အောင်မြို့နယ် မျှော်တော်ဦးအုပ်စု ပြားကြီးကျေးရွာ၌ ဒီရေတိုက်စားသဖြင့် မြေပြိုကျနေမှုကို လှိုင်းကာကျောက်တန်းများ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ၂ဝ၁၄ - ၂ဝ၁၅ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရ၏ ဖြည့်စွက်ရန်ပုံငွေ$ကျပ် ၁၂၆ ဒသမ ၄၂၂ သန်းဖြင့် အလျားပေ ၁၅ဝ ကျောက်ဖြည့် ရေကာတန်း ခြောက်ခု၊၂ဝ၁၅ - ၂ဝ၁၆ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရ၏ မူလရန်ပုံငွေ$ကျပ် ၁၂၆ ဒသမ ၄၂၂ သန်းဖြင့် အလျားပေ ၁၅ဝ ကျောက်ဖြည့်ရေကာတန်း ခြောက်ခုတို့ကို တည်ဆောက်ကာကွယ်ခဲ့ရာ လှိုင်းပုတ်ကမ်းပြိုမှုကို သက်သာ ခဲ့ပါကြောင်း။
သို့ရာတွင် လှိုင်းဒဏ်ခံနေရသည့် အလျားပေ ၇ဝဝဝ ကျော် အတွက် လုံလောက်မှုမရှိသည့်အတွက် ရေကာတန်းများ ဆက်လက်တည်ဆောက်ပေးရန်နှင့် တည်ဆောက်ပြီး ရေကာ တန်းများ ပြုပြင်ထိန်းသိမ်းရန် ၂ဝ၁၇ - ၂ဝ၁၈ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရ ဖြည့်စွက်ရန်ပုံငွေတွင် တင်ပြတောင်းခံ ထားပါကြောင်း၊ ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ နည်းပညာအကူအညီဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်၏ မြန်မာ - အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး အခြေအနေကို ပြန်လည်သုံးသပ်ပြီး မူဝါဒဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်နိုင်ရေးအတွက် အိန္ဒိယအစိုးရနှင့် ဆွေးနွေးညှိနှိုင်းရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်သွယ်မှုများ တိုးတက်မြင့်မားလာစေရန်အတွက် နှစ်နိုင်ငံကုန်သွယ်ရေး ပူးတွဲကော်မတီအစည်းအဝေး၊ နှစ်နိုင်ငံအရာထမ်းအဆင့် နယ်စပ်ကုန်သွယ်ရေးကော်မတီအစည်းအဝေးနှင့် နယ်စပ်ဈေး ပူးတွဲကော်မတီ အစည်းအဝေးများကို အပြန်အလှန် ကျင်းပ၍ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
၂ဝ၁၅ ခုနှစ် နေပြည်တော်တွင် ကျင်းပသည့် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်ရေး ပူးတွဲကော်မတီအစည်းအဝေး တွင် နယ်စပ်ကုန်သွယ်ရေးအတွက် ကုန်သွယ်မှုပြုနိုင်သည့် အမယ်များ တိုးမြှင့်ရေးနှင့် မြန်မာနိုင်ငံ ထန်တလန်တွင် ကုန်သွယ်ရေးစခန်းဖွင့်လှစ်ခဲ့ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ပန်ခွာတွင် ကုန်သွယ်ရေးစခန်းအသစ်ဖွင့်လှစ်ပေးရန် မြန်မာ ဘက်မှ တောင်းဆိုထားပါကြောင်း။
ထို့ပြင် နှစ်နိုင်ငံ ဘဏ်လုပ်ငန်းအပြင် လယ်ယာ၊ ရေထွက်၊ ဆေးဝါး၊ အထည်အလိပ်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး နှင့် နယ်စပ်ဒေသ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများကို ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးညှိနှိုင်းခဲ့ပါကြောင်း၊ ဆဋ္ဌမအကြိမ် မြန်မာ - အိန္ဒိယ ကုန်သွယ်ရေး ပူးတွဲကော်မတီ အစည်းအဝေးကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ၂ဝ၁၇ ခုနှစ် ဇွန်လအတွင်း ကျင်းပရန်ရှိသည့်အတွက် လွှတ်တော်ကိုယ်စား လှယ်၏ မေးမြန်းချက်များကို အလေးထားထည့်သွင်းစဉ်စား ပြီး စေ့စပ်ညှိနှိုင်းသွားမည်ဖြစ်ပါကြောင်း။
ထိုကြောင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပမာဏ ပိုမိုတိုးတက်လာစေရေးအတွက် နှစ်နိုင်ငံကုန်သွယ်ရေး ပူးတွဲကော်မတီအစည်းအဝေးများ၊ နယ်စပ်ကုန်သွယ်ရေး ပူးတွဲ ကော်မတီအစည်းအဝေးများနှင့် နယ်စပ်ဈေး ပူးတွဲကော်မတီ အစည်းအဝေးများကို ပုံမှန်ကျင်းပ၍ နယ်စပ်ကုန်သွယ်မှု တိုးတက်ရေးနှင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စွာ ဆောင်ရွက် နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ထို့ပြင် ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဝေစိန် အောင်နှင့် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးတက်ထွန်းအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်း တို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယ ဝန်ကြီးများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်း အဝေး သတ္တမနေ့ကို မေ ၃၁ ရက်တွင် ဆက်လက်ကျင်းပရန်လျာ ထားကြောင်း သိရသည်။ သူရဇော်၊ အေးအေးသန့်(သတင်းစဉ်)
No comments:
Post a Comment