Tuesday, May 30, 2017

မြန်မာ-ဗီယက်နမ်အကျိုးစီးပွားအတွက် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များ ဆွေးနွေး



 နေပြည်တော် မေ ၂၉


 နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Dang Dinh Quy တို့သည် (၇)ကြိမ်မြောက် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ မူဝါဒရေးရာ ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာန ဧရာဝတီဧည့်ခန်းမ၌ ပူးတွဲ သဘာပတိများအဖြစ် ဦးဆောင်ကျင်းပခဲ့ သည်။
ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု
အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာ နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား လက်မှတ်ရေးထိုးထားသော နားလည်မှု စာချွန်လွှာများနှင့် သဘောတူညီချက် များ အကောင်အထည်ဖော်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လက်ရှိအကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်း များ၏ အခြေအနေ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေး၊ ဘဏ်လုပ်ငန်း၊ ဆက်သွယ်ရေးနှင့် စွမ်းအင်ကဏ္ဍများ တိုးမြှင့်ရေးတို့အပါအဝင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် နယ်ပယ်စုံ ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံအကျိုးစီးပွား အတွက် ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များအပေါ်တွင် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာ နိုင်ငံဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူ များနှင့် ဗီယက်နမ်ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။
တည်ခင်းဧည့်ခံ
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ဦးကျော်တင်က ဗီယက်နမ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးနှင့် ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ The Lake Garden ဟိုတယ်၌ နေ့လယ်စာစားပွဲ ဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ဧည့်သည်တော် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မဟာသကျရံသီ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးသို့လည်း သွားရောက် ဖူးမြော်ကြည်ညိုခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment