Wednesday, May 31, 2017

မိုးကြိုကာလ မိုးကြိုးအန္တရာယ်

မြန်မာ့အလင်းအယ်ဒီတာအာဘော်


အပူရှိန်ပြင်းထန်သည့် နွေရက်များကို ဖြတ်သန်းခဲ့ရပြီးနောက် ယခု ကာလသည် ရာသီဥတုအကူးအပြောင်းကာလဖြစ်သည်။ ထူးခြားချက် အနေဖြင့် မိုးထစ်ချုန်းရွာမည်ဟူသော မိုးလေဝသခန့်မှန်းချက်များနှင့် အတူ မိုးကြိုးအန္တရာယ်ကြောင့် သေဆုံးဒဏ်ရာရကြသည့် သတင်းများ နိုင်ငံအတွင်း ဒေသအနှံ့တို့မှ ကြားသိလာရခြင်းဖြစ်သည်။ အိန္ဒိယမှ သတင်းတစ်ပုဒ်တွင်မူ ၂၄ နာရီအတွင်း မိုးကြိုးကြောင့် လူ ၂၃ ဦး သေဆုံးခဲ့ ရသည်ဟု ဆိုရာ တစ်နာရီလျှင် တစ်ယောက်ခန့် သေဆုံးခဲ့ရသည့် သဘော ပင်ဖြစ်သည်။
မိုးကြိုးဆိုသည်မှာ ကောင်းကင်မှ လျှပ်စစ်အမဓာတ် စုဝေးနေသော တိမ်တိုက်နှင့်မြေပြင်ပေါ်ရှိ လျှပ်စစ်အဖိုဓာတ်စုဝေးနေသော နေရာ (သစ်ပင်၊ တာဝါတိုင်၊ အဆောက်အအုံ)စသည်တို့အကြား အပြန်အလှန် လျှပ်စစ်စီးကူးခြင်း၊ ပေါင်းစပ်ခြင်းကြောင့် တောက်ပသောအလင်းရောင် တန်းနှင့် ကျယ်လောင်သောထစ်ချုန်းသံတို့ ဖြစ်ပေါ်လာခြင်းကို ခေါ်ဆို ခြင်းဖြစ်သည်။ ကောင်းကင်တွင် တိမ်တိုက်တစ်ခုအတွင်း လျှပ်စစ်အဖိုဓာတ် နှင့် အမဓာတ်တို့အကြား လျှပ်ကူးခြင်းကိုမူ လျှပ်စီးလက်သည်ဟု ခေါ်ကြ ပြီး ကျယ်လောင်သော ထစ်ချုန်းသံကိုမူ မိုးခြိမ်းသံဟုခေါ်ကြသည်။ မိုးကြိုး လျှပ်စီးသည် ဗို့အားသန်းနှင့်ချီ၍ ပမာဏရှိပြီး လျှပ်စီး အမ်ပီယာမှာလည်း သောင်းမှသိန်းနှင့်ချီသော ပမာဏအထိရှိခြင်းကြောင့် မိုးကြိုးပစ်ခံ ရပါက လူ၊ တိရ္ဆာန်တို့သေကျေပျက်စီးခြင်း၊ သစ်ပင်၊သစ်တော၊ အိမ်အဆောက် အအုံများမီးလောင်ခြင်းတို့ဖြစ်ပေါ်စေသည်။ မိုးကြိုးသည် ပြင်းထန် လှသော လျှပ်စစ်စီးဆင်းမှုဖြစ်ခြင်းကြောင့် လျှပ်စစ်စက်ကွင်း သို့မဟုတ် မိုးကြိုးစက်ကွင်းကိုလည်းဖြစ်ပေါ်စေပြီး မိုးကြိုးစက်ကွင်းအတွင်းကျ ရောက်ပါကလည်း အပြင်းအထန်ဒဏ်ရာရရှိမှုနှင့် ထိခိုက် သေဆုံးမှုတို့ ရှိနိုင်သည်။
မိုးကြိုးဖြစ်ပေါ်ရန်အတွက် ကောင်းကင်မှလျှပ်စစ်အမဓာတ်နှင့် မြေပြင်မှလျှပ်စစ်အဖိုဓာတ်တို့ ဆွဲငင်ရာတွင် မြေပြင်မှမြင့်သောအရာများ ကို ဆွဲငင်ခြင်းဖြစ်သည့်အလျောက် လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်းတို့ဖြစ် ပေါ်လာချိန်တွင် လွင်တီးခေါင်၊ ကွင်းပြင်၊ ကန်ရေပြင်၊ မြစ်၊ ချောင်းတို့ ၏ ရေမျက်နှာပြင်ပေါ်တွင်ရောက်ရှိနေပါက အန္တရာယ်ရှိနိုင်သော အနေ အထားပင်ဖြစ်သည်။ မိုးကြိုးပစ်ခံရမှုသည် အဆောက်အအုံ၏ ပြင်ပတွင် ၉၉ ရာခိုင်နှုန်းရှိပြီး အဆောက်အအုံအတွင်းတွင် ၁ ရာခိုင်နှုန်း သာရှိသည်။ ကွင်းပြင်တွင်ရောက်ရှိနေပါက မိုးကြိုးပစ်ခံရနိုင်ခြေသည် ၄၅ ရာခိုင်နှုန်း၊ သစ်ပင်အောက်တွင်ရောက်နေပါက ၂၃ ရာခိုင်နှုန်း၊ ရေကန်၊ မြစ်၊ချောင်း တို့တွင်ရှိနေပါက ၁၃ ဒသမ ၆ ရာခိုင်နှုန်းရှိကြောင်း သုတေသနတစ်ရပ်က ဆိုသည်။
မိမိတို့နိုင်ငံတွင် ကျေးလက်ဒေသများတွင် နေထိုင်သူမှာ နိုင်ငံလူဦး ရေ၏ ၇ဝ ရာခိုင်နှုန်းခန့်ရှိသည့်အလျောက် လယ်ကွင်းပြင်များ၊ မြစ်၊ ချောင်း၊ အင်းအိုင်များနှင့် အနေနီးသူများက အများစုပင်ဖြစ်သည်။ ကျေးလက်နေသူများ မိုးကြိုးအန္တရာယ်မှရှောင်ရှားနိုင်ရန်အတွက် လျှပ်စီး လက်၊ မိုးထစ်ချုန်းမှု၊ မိုးကြိုးပစ်မှုများဖြစ်ပေါ်နေချိန်တွင် ကွင်းပြင်၊ ရေပြင် များပေါ်၌ အထီးတည်းရှိမနေစေရန်၊ ကွင်းထီးထီးတွင်ရှိနေသော သစ်ပင်၊ လယ်တဲတို့တွင် မိုးခိုမနေဘဲ အမိုး၊ အကာ၊ အခင်းပြည့်စုံလုံခြုံသည့် အဆောက်အအုံသို့ အမြန်သွားရောက်ရန်၊ အမြင့်နေရာများတွင် မနေဘဲ အနိမ့်ပိုင်းနေရာများတွင် နေရန်၊ ရေဒီယို၊ လက်ကိုင်ဖုန်း စသည်တို့ကို ပိတ်ထားရန်၊ အကယ်၍ ကွင်းပြင်လွင်တီးခေါင်၌ ရောက်ရှိနေချိန်တွင် ဆံပင်များအပေါ်သို့ထောင်လာခြင်း၊ ခန္ဓာကိုယ်၌ကြက်သီးမွေးညင်းထလာ ခြင်းတို့ဖြစ်ပေါ်ပါက မိုးကြိုးပစ်တော့မည့်လက္ခဏာဖြစ်သည့်အတွက် (က) မိမိ၏နားနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့်အုပ်၊ (ခ)ဖနောင့်နှစ်ဖက်ကို ထိကာ ခြေဖဝါးရှေ့ပိုင်းဖြင့်သာ မြေကြီးကိုထိထားပြီး (ဂ) အလျင်အမြန် ဆောင့်ကြောင့်ထိုင်ချ၍ မိုးကြိုးအန္တရာယ်မှကာကွယ်ရန် အကြံပြုကာ ဗဟုသုတမျှဝေအပ်ပါကြောင်း ။ ။

No comments:

Post a Comment