Saturday, April 1, 2017

၂ဝ၁၇ ခုနှစ်ဟာ NLD အစိုးရတာဝန်ယူတာ တစ်နှစ်ပြည့်တဲ့နှစ်ဖြစ်သလို နှစ်အကူးမှာ ဒီနိုင်ငံကို ဆင်းရဲတွင်းကနေ ကယ်ထုတ်နိုင်မယ့် လုပ်ငန်းရဲ့အစနှစ်လို့ ကျွန်တော်တို့ သတ်မှတ်ချင်ပါတယ်



Image may contain: one or more people and people standing
ဦးဝင်းထိန်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်အား အစိုးရသစ် တစ်နှစ်တာဆောင်ရွက်ချက်များအပေါ် သုံးသပ်ပြောကြားနိုင်ရန် သွားရောက် တွေ့ဆုံမေးမြန်းခဲ့သည် -
မေး။ လက်ရှိအစိုးရ သက်တမ်းတစ်နှစ်တာအတွင်း အစိုးရရဲ့ဆောင်ရွက်ချက်တွေအပေါ် အမြင်လေးကို သိချင်ပါတယ်ခင်ဗျာ။
ဖြေ။ လွှတ်တော်ကတော့ နည်းနည်းစောပါတယ်။ အစိုးရအဖွဲ့က ၂ဝ၁၆ ခုနှစ် မတ်လ ၃ဝ ရက်ကစပြီး တာဝန်ယူရတာပါ။ တိုင်းပြည်ကို တာဝန်ယူရတဲ့အခါကျတော့ နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ကို အုပ်ချုပ်တဲ့ ကဏ္ဍ ၃ ခုရှိပါတယ်။
အုပ်ချုပ်ရေးကဏ္ဍ၊ ဥပဒေပြုရေးကဏ္ဍနဲ့ တရားစီရင်ရေးကဏ္ဍ ရှိပါတယ်။ အုပ်ချုပ်ရေးကဏ္ဍကတော့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရယ်၊ တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးမှာ ဝန်ကြီးချုပ်ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ရယ် တာဝန်ယူပါတယ်။ အစိုးရအဖွဲ့တာဝန်ယူခါစမှာ ဒီအစိုးရနှစ်လမှ ခံပါ့မလား၊ နောက်ကြာတဲ့အခါကျတော့ ၆ လမှ ခံပါ့မလားလို့ ဖြစ်တယ်။
အခက်အခဲတွေ ကျော်လွှား
အခုတစ်နှစ်လောက်ရှိပြီဆိုတော့ အသံလေးတော့တိတ်သွားတယ်။ဒါကို ဘယ်လိုသုံးသပ်သလဲဆိုရင် ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေဟာ အတွေ့အကြုံက မရှိပါဘူး။ ဒါပေမယ့် စေတနာရှိတယ်။ စေတနာရှိရှိနဲ့ အုပ်ချုပ်လာတဲ့ အခါမှာ အခက်အခဲတွေရှိပေမယ့် အဲဒီအခက်အခဲတွေကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကျော်လွှားပြီးတော့ အုပ်ချုပ်ရေးယန္တရားကို မောင်းတဲ့အခါမှာ ခုထိတော့ မှန်မှန်မောင်းနှင်နိုင်ပြီ။
အလားတူပဲ ဥပဒေပြုရေးကဏ္ဍမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးကလွှတ်တော်တွေဟာ အစတုန်းက အဲဒီလိုပဲ။ အရပ်စကားနဲ့ပြောရမယ်ဆိုရင် အိုးနင်းခွက်နင်းပေါ့။ ဘာကြောင့်လဲဆိုတော့ အကုန်လုံးက အတွေ့အကြုံမရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်။ အခုလို တာဝန်ယူတဲ့အခါမှာ အရင်တုန်းက အစိုးရဆောင်ရွက်ခဲ့တဲ့ကိစ္စတွေကိုလည်း နမူနာယူရတာရှိသလို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ပါတီက ချတဲ့မူဝါဒအတိုင်း ဆောင်ရွက်ရတာရှိတယ်။
မှန်မှန်ကန်ကန် မောင်းနှင်နေ
လွှတ်တော်အသီးသီး ဥပဒေပြုရေးကဏ္ဍဆိုတဲ့ ယန္တရားကလည်း အထိုက်အလျောက် မှန်မှန်ကန်ကန် မောင်းနှင်နေပြီ။ အုပ်ချုပ်ရေးယန္တရားနဲ့ ဥပဒေပြုရေး ယန္တရားနှစ်ခုဟာ ပြည်သူလူထုက ကြိုက်တာလည်းရှိမယ်၊ မကြိုက်တာလည်းရှိမယ်၊ ဝေဖန်တာတွေလည်းရှိမယ်။ ဝေဖန်လာတဲ့ကြားထဲက မှန်မှန်မောင်းနှင်တဲ့အတွက်ကြောင့် တစ်နှစ်တာကာလကို အောင်မြင်စွာဖြတ်သန်းခဲ့ပြီ။
တရားစီရင်ရေးကဏ္ဍကတော့ အားနည်းချက်တွေ၊ ချို့ယွင်းချက်တွေ အများကြီးရှိပါတယ်။ တိုင်စာတွေလည်း အများကြီးရှိပါတယ်။ သို့သော်လည်းပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့မူဟာ ဘာလဲဆိုရင် ပြည်သူတွေမနာစေချင်ဘူး။ ပြည်သူတွေဆိုတာ အားလုံး။ အစိုးရအဖွဲ့ဝင်တွေရော၊ ဝန်ထမ်းတွေရော၊ ပြည်သူတွေရော၊ တပ်မတော် အပါအဝင်ပါပဲ။ မေတ္တာနဲ့ အုပ်ချုပ်မှာဆိုတဲ့အခါကျတော့ သူတို့ကို ရက်ရက်စက်စက် အရေးယူတာမျိုး မလုပ်ဘဲနဲ့ ပညာပေးခြင်းဖြင့်သော် လည်းကောင်း၊ နမူနာပြခြင်းဖြင့်သော်လည်းကောင်း တရားစီရင်ရေးကဏ္ဍကို ကြိုးစားပြီးတော့ တည့်မတ်အောင် ကြိုးစားနေတယ်။
ဥပမာအားဖြင့် တရားဥပဒေစိုးမိုးရေးဌာနတွေဖြစ်တဲ့ Rule of Law Center တွေ မြစ်ကြီးနား၊ တောင်ကြီး၊ ရန်ကုန်၊ မန္တလေးမှာဖွင့်တယ်။ ဒီလိုဖွင့်တာတွေက အစိုးရဘတ်ဂျက်နဲ့ မဟုတ်ဘူး။ နိုင်ငံတကာအကူအညီ UNDP ရဲ့ အကူအညီ၊ တခြားစေတနာရှင်နိုင်ငံတွေရဲ့အကူအညီနဲ့ ဖွင့်ထားတယ်။ ဖွင့်လိုက်တဲ့အခါမှာ တရားသူကြီးများ၊ ရဲအရာရှိများရဲ့ ကဏ္ဍကိုတိုးမြှင့်ဖို့အတွက် သင်တန်းတွေပေးတယ်၊ Workshop တွေလုပ်တယ်။
အထူးသဖြင့် ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ တရားဥပဒေစိုးမိုးရေးကို ဦးစားပေးတဲ့အတွက်ကြောင့် ပြည်သူ့ရဲရဲ့ကဏ္ဍကို တိုးမြှင့်မယ်၊ အရည်အချင်းလည်းတိုးမြှင့်သလို အရေအတွက်လည်း တိုးမြှင့်ဖို့ ရည်ရွယ်ထားတဲ့ အတွက်ကြောင့် ဒီလိုဌာနတွေရဲ့အနေအထားတွေကို ပိုပြီးတော့တည့်မတ်လာအောင်၊ အဂတိတရားနည်းပါးသထက်နည်းပါးလာအောင် ကြိုးစားရမယ်။ ဒီလိုဆောင်ရွက်တဲ့အတွက်ကြောင့် အုပ်ချုပ်ရေးကဏ္ဍ၊ ဥပဒေပြုကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍတွေဟာ အထိုက်အလျောက်တော့ လည်ပတ်မှုရှိနေပြီလို့ သုံးသပ်ပြောလို့ ရပါတယ်။
ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေ
မေး။ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှု တွေနဲ့ အစိုးရရဲ့ လုပ်ဆောင်ချက်တွေအပေါ်ကို ဘယ်လိုမြင်သလဲဆိုတာ သိချင်ပါတယ်။
ဖြေ။ ငြိမ်းချမ်းရေးကြိုးပမ်းချက်ကတော့ အရင်အစိုးရ ဦးသိန်းစိန်တို့လက်ထက် ကတည်းကဆောင်ရွက်ခဲ့တယ်။ ဆောင်ရွက်တဲ့အခါမှာ NCA လို့ခေါ်တဲ့ တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးစာချုပ်ကို အဖွဲ့ရှစ်ဖွဲ့နဲ့ဆောင် ရွက်နိုင်ခဲ့တယ်။ အဲဒီလို ဆောင်ရွက်တဲ့ဟာကို ဒီအစိုးရလက်ထက်က လုံးဝအသိအမှတ်ပြုပြီးမှ ယူဆောင်ပြီး ဒီအခြေအနေနဲ့တိုးတက်အောင်ကြိုးစားမယ်။ ကြိုးစားဖို့လည်း ရည်ရွယ်ချက်ရှိတယ်။
ဘာကြောင့်လဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စထောင်တဲ့ ၁၉၈၈ ခုနှစ်က စပြီးတော့ အခုထိချမှတ်ထားတဲ့မူဝါဒက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့၊ ဆွေးနွေးတဲ့ နည်းလမ်းနဲ့ အဖြေရှာမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က ဟိုးတုန်းကတည်းကချထားတဲ့အတွက်ကြောင့် ချထားတဲ့မူဝါဒကို အခုအကောင်အထည်ဖော်ခြင်းဖြစ်တယ်။
ဒီလိုအကောင်အထည်ဖော်ရာမှာလည်း ဦးသိန်းစိန်လက်ထက်က ချမှတ်ခဲ့တဲ့ မူဝါဒတွေကို အသိအမှတ်ပြုပြီးမှ ဆက်လက်ပြီးဆောင်ရွက်မယ်။ သို့သော် အခုအားလုံးသိတဲ့အတိုင်း အခက်အခဲတွေအများကြီးရှိတယ်။ ရခိုင်ပြည်နယ်မှာ ပြဿနာကြီးထွားလာတာရှိတယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ ပြဿနာတွေဖြစ်တာ ရှိတယ်။
ကြိုးစားပြီးဆောင်ရွက်ဖို့ ရည်ရွယ်ထား
သို့သော်လည်း ပြဿနာဘယ်လောက်ပဲရှိရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်အရ စိတ်ရှည်သည်းခံပြီးတော့ အချိန်ဘယ်လောက်ပဲကြာကြာ ငြိမ်းချမ်းရေးရအောင် သန္နိဋ္ဌာန်ချထားတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၈၈ ခုနှစ်ကစပြီး အခုထိ နှစ်ပေါင်း ၃ဝ နီးပါးလောက် အခက်အခဲအမျိုးမျိုး၊ ဒုက္ခအမျိုးမျိုး ပါတီအဖျက်ခံရမယ့်ကိစ္စ၊ ရုံးတွေအပိတ်ခံ ရမယ့်ကိစ္စတွေကနေ ဖြတ်ကျော်လာပြီး ဒီအနေအထားကိုရောက်လာတယ်။ အဲဒီလိုရောက်လာသလိုပဲ ငြိမ်းချမ်းရေးကိစ္စလည်း ဘယ်လောက်အခက်အခဲရှိရှိ ဒေါ်အောင်ဆန်းစုကြည်က ကြိုးစားပြီး ဆောင်ရွက်မယ်လို့ ယုံကြည်တယ်။ ကျွန်တော်တို့ကဏ္ဍလည်း ကျွန်တော်တို့ ပါဝင်ရမယ့်ကဏ္ဍရှိပါတယ်။ ဒါတွေကို ကြိုးစားပြီးဆောင်ရွက်ဖို့ ရည်ရွယ်ထားပါတယ်။
မေး။ အဘတို့အနေနဲ့ အစိုးရနဲ့ ဆက်လက်ပြီးဆောင်ရွက်မယ့်ကဏ္ဍတွေမှာ ဘယ်လိုမျိုး ပါဝင်ပြီးဆောင်ရွက်သွားမလဲဆိုတာ သိချင်ပါတယ်။
ဖြေ။ အစိုးရလုပ်ငန်းတွေနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင် ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စပြီးရွေးကောက်ပွဲဝင်ကတည်းက ပြောင်းလဲချိန်တန်ပြီဆိုပြီး အဲဒီကြွေးကြော်သံနဲ့ ဝင်ခဲ့တာပါ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၈ဝ ရာခိုင်နှုန်း လောက်နိုင်တယ်။ အခု တစ်နှစ်ရှိပြီ။ လူတွေကမေးကြတယ်။ ဘာတွေပြောင်းလဲ သလဲ။ ကျွန်တော်ကတော့ ပြောလေ့ပြောထရှိတယ်။ ၁၉၆၂ ခုနှစ်ကစပြီးတော့ ဗိုလ်ချုပ်ကြီးနေဝင်းကနေပြီး တိုင်းပြည်အုပ်ချုပ်လာခဲ့တယ်။
၁၉၈၈ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရကနေ ဗိုလ်ချုပ်မှူးကြီး စောမောင် အစိုးရကတာဝန်ယူတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တာဝန်ယူတယ်။ ၂ဝ၁ဝ အကုန် ၂ဝ၁၁ ခုနှစ်ထိပေါ့။ အဲဒီတောက်လျှောက် တာဝန်ယူခဲ့တာမှာ ဗိုလ်ချုပ်ကြီးတွေက ပုံစံမျိုးစုံနဲ့ တိုင်းပြည်ကိုအုပ်ချုပ်ခဲ့တာ။ အဲဒီလိုအုပ်ချုပ်ခဲ့ရာက ၂ဝ၁၅ ခုနှစ်မှာ လုံးဝအရပ်သားပါဝင်တဲ့ အစိုးရဖြစ်လာတာ ထူးခြားတဲ့ ပြောင်းလဲမှုပါ။
ပူးပေါင်းဆောင်ရွက်
ဒါကိုပြောစရာရှိတာက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထဲရေးရယ်၊ ကာကွယ်ရေးရယ်၊ နယ်စပ်ရေးရာကိုတော့ တပ်မတော်ကိုပေးထားတဲ့အတွက် ဗိုလ်ချုပ်ကြီး သုံးယောက်ကတော့ အဲဒီဌာနတွေကို တာဝန်ယူတယ်။ ဒါကို ကျွန်တော်တို့ လက်ခံတယ်။ ပူးပေါင်းဆောင်ရွက်တယ်။ ဒါပထမပြောင်းလဲချက်ပါ။
ဒုတိယပြောင်းလဲချက်က ကျွန်တော်တို့ပါတီရဲ့ မူဝါဒအတိုင်းပဲ အဂတိ တရားနည်းသွားအောင် ကြိုးစားပြီး ဆောင်ရွက်မယ်ဆိုတဲ့အတွက်ကြောင့် အခုကျွန်တော်တို့ ပြည်ထောင်စုအစိုးရအဖွဲ့ကော၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရအဖွဲ့က အဂတိတရားအနည်းဆုံးနဲ့ အစိုးရအဖွဲ့ရဲ့လုပ်ငန်းတွေကို ဆောင်ရွက်နေတယ်။ ဒါ ဒုတိယပြောင်းလဲမှုပါ။
နောက် တတိယပြောင်းလဲမှုက ကျွန်တော်တို့က နိုင်ငံရေးလှုပ်ရှားတာဆိုတော့ တစ်နေရာသွားမယ်၊ လက်ဖက်ရည်ဆိုင်သွားမယ်၊ ထမင်းဆိုင်သွားမယ်၊ လူစည်ကားတဲ့ နေရာရောက်ရင် ကိုယ်ပြောတဲ့စကားကို ဘာလဲဆိုရင် လှည့်ကြည့်နေရတာ။ ဘာလို့လဲဆိုတော့ အကြောက်တရားနဲ့နေနေရတာ။ အခု အဲဒီလိုကြောက်စရာမလိုတော့ဘူး။ ပြောချင်ရာပြောလို့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုပြောလို့ရတယ်၊ ဦးထင်ကျော်လည်းပြောလို့ရတယ်။ အဲဒီလို အကြောင်းမျိုးပြောနိုင်တဲ့ အနေအထားက အဲဒါပြောင်းလဲမှု။ တတိယပြောင်းလဲမှုပါ။
အင်မတန်ကောင်းမွန်သည့် အဆောက်အအုံများဖြစ်ပေါ်လာ
စတုတ္ထပြောင်းလဲမှုကတော့ ကျွန်တော်ကတော့ တိုင်းနဲ့ပြည်နယ်အများကြီးကို ရောက်တဲ့အခါမှာ ဘာတွေ့သလဲဆိုရင် အစိုးရကနေပြီးတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ဖွံ့ဖြိုးရေးကိစ္စတွေလုပ်ဖို့ ဘတ်ဂျက်ချလိုက်တယ်။ အဲဒီဘတ်ဂျက်တွေက အပြည့်အဝသုံးတဲ့အတွက်ကြောင့် အဲဒီဘတ်ဂျက်တွေနဲ့ အကောင်အထည်ဖော်တဲ့ လမ်း၊ တံတား၊ ကျောင်းတို့ စသဖြင့် ပရောဂျက်တွေဟာ အသုံးစရိတ် ပြည့်အောင်သုံးတဲ့အတွက်ကြောင့် အင်မတန်ကောင်းမွန်တဲ့ အဆောက်အအုံတွေ ဖြစ်ပေါ်လာတယ်။ ဒါတွေက စတုတ္ထပြောင်းလဲချက်ပါ။
ပြောစရာရှိတာက ဒါတွေပြောင်းလဲသော်လည်း မျှော်လင့်တကြီးနဲ့ ပြည်သူ လူထုက ကျွန်တော်တို့ကို မဲပေးလိုက်တယ်။ ကျွန်တော်တို့တာဝန်ယူရတယ်။ မျှော်လင့်တကြီးမဲပေးတဲ့ ပြည်သူလူထုရဲ့ စားဝတ်နေရေးအခြေအနေကိုတော့ ဒီထက် တိုးတက်အောင်လုပ်ဖို့ လိုသေးတယ်။ ကျွန်တော်တို့လည်းသိတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ဝန်ခံတယ်။ ဒါတစ်ချက်။
ဆင်းရဲတွင်းကနေ ကယ်ထုတ်နိုင်မည့်လုပ်ငန်း၏ အစနှစ်
နောက်တစ်ချက်ကတော့ အဲဒီပြည်သူလူထု စားဝတ်နေရေး တိုးတက်လာအောင် အလုပ်အကိုင် ဖန်တီးပေးဖို့ ပိုပြီးတော့ဆောင်ရွက်ဖို့လိုသေးတယ်။ ဒီနှစ်ချက်က အဓိကပဲ။ ဒါကြောင့် ဒီ၂ဝ၁၇ ခုနှစ်ဟာ NLD အစိုးရတာဝန်ယူတာ တစ်နှစ်ပြည့်တဲ့နှစ်ဖြစ်သလို နှစ်အကူးမှာ ဒီနိုင်ငံကို ဆင်းရဲတွင်းကနေ ကယ်ထုတ်နိုင် မယ့်လုပ်ငန်းရဲ့အစနှစ်လို့ ကျွန်တော်တို့ သတ်မှတ်ချင်တယ်လို့ ပြောချင်ပါတယ်။
မေး။ တာဝန်ရှိသူအချို့ကို အရေးယူခဲ့ရတာနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ပြောပြပေးနိုင်မလား။
ဖြေ။ အခုကျွန်တော်တို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တာဝန်ယူရတဲ့ ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကစပြီး အောက်ခြေတာဝန်ယူရတဲ့ ပုဂ္ဂိုလ်အားလုံးဟာ စေတနာအပြည့်ရှိတယ်။ စေတနာအပြည့်ရှိသော်လည်း လုပ်တာကိုင်တာမှားယွင်းတာ တချို့ရှိတယ်။ ဒါတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ဟာ ကိုယ်မှားယွင်းတာကိုပြင်ဖို့ ဝန်မလေးဘူး။
ဘာကြောင့်ဝန်မလေးလဲဆိုရင် ကျွန်တော်တို့အစိုးရသွားကတည်းက နောင်အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ထောင်တဲ့အခါမှာ ဒီမို ကရေစီလမ်းမှန်၊ ကမ်းမှန်ဖြစ်အောင်လို့၊ ဒီမိုကရေစီရည်မှန်းချက် အောင်မြင်အောင်အတွက် အဲဒီရည်မှန်းချက်ကို အနှောင့်အယှက်ဖြစ်မယ်၊ ခလုတ် တံသင်းဖြစ်မယ်ဆိုရင် အဲဒီခလုတ်တံသင်းကို ဖယ်ရှားမယ်။
ပြည်သူလူထုအကျိုးကို ဆန့်ကျင်လျှင်
ဖယ်ရှားတာက အငြိုးနဲ့လည်း မဟုတ်ဘူး။ မလိုလို့လည်း မဟုတ်ဘူး။သူတို့လုပ်ဆောင်ချက်တွေက ခုနကပြောတဲ့ လမ်းစဉ်တွေကို အထောက်အကူ မပြုတဲ့အတွက်ကြောင့်မို့လို့ပါ။ အခုကျွန်တော်တို့ အရေးယူခဲ့တာဆိုရင် ပြည်ထောင်စုအစိုးရအဖွဲ့ထဲက ဒုတိယဝန်ကြီးတစ်ယောက်၊ မွန်ပြည်နယ်က ဝန်ကြီးချုပ်တစ်ယောက် အလဲအလှယ်လုပ်ခဲ့ရတယ်။ ဒါတွေက ခုနကပြောတဲ့ မူတွေနဲ့လုပ်ခဲ့တာဖြစ်တယ်။ နောင်ဆိုရင်လည်း အချိန်မရွေး ပြည်ထောင်စု အစိုးရရော၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရက ပုဂ္ဂိုလ်တွေရော၊ လွှတ်တော် ကိုယ်စားလှယ်အပါအဝင် သူတို့ရဲ့လုပ်ငန်းဟာ သူတို့ကို မဲပေးလိုက်တဲ့ ပြည်သူလူထုအကျိုးကို ဆန့်ကျင်တဲ့ကိစ္စကို ကျူးလွန်တဲ့သူ မှန်သမျှကို အထိုက်အလျောက်အရေးယူဆောင်ရွက်သွားမယ်ဆိုတာ သိစေချင်ပါတယ်။
မေး။ အစိုးရရဲ့ အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီးလည်း သိချင်ပါတယ်။
ဖြေ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့မူက ဒီမိုကရေစီဖက်ဒရယ်နိုင်ငံ တည်ထောင်တဲ့အခါမှာ အမျိုးသားရင်ကြားစေ့ရေးကို အခြေခံခဲ့တယ်။ အဲဒါကို အခြေခံတော့ ပြည်သူ့လွှတ်တော်မှာ ဦးဝင်းမြင့်က ဥက္ကဋ္ဌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖြစ်ပါတယ်။ ဦးတီခွန်မြတ်က ဒုတိယဥက္ကဋ္ဌ ကချင်လူမျိုး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖြစ်ပါတယ်။ ဒုတိယဥက္ကဋ္ဌ က ဦးအေးသာအောင် ရခိုင်အမျိုးသားပါတီက ဖြစ်ပါတယ်။
ဆိုလိုတာက အမျိုးသားရင်ကြားစေ့ရေးမူတွေကို အခြေခံပြီးတော့ ပြည်ထောင်စုအဆင့်တာဝန်ပေးတာတောင် တခြားပါတီနဲ့ တိုင်းရင်းသားတွေကို ဦးစားပေးတာကိုတွေ့ရပါတယ်။ တပ်မတော်နဲ့လည်း အလားတူပဲ။ ဒေါ်အောင် ဆန်းစုကြည်က အစိုးရအဖွဲ့မှာ တာဝန်ယူတဲ့ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းတို့၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေတို့နဲ့ အဆင်ပြေ အောင်ပေါင်းတယ်။ သူတို့နဲ့ ပွင့်ပွင့်လင်းလင်းဆက်ဆံတယ်။ မှားရင် မှားသလို မှန်ရင်မှန်သလို လုပ်ခဲ့တယ်။
မျှော်လင့်ချက်တွေ ထားရှိ
အထူးသဖြင့် အရေးကြီးဆုံးကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပေါ့၊ ဘာကြောင့်လဲဆိုရင် သူကတပ်မတော်ခေါင်းဆောင်ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အဆင်ပြေမှ ကျွန်တော်တို့ ရည်မှန်းထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်နိုင်မယ်၊ နောက်အနာဂတ်အတွက်လည်း ဒီမိုကရေစီဖက်ဒရယ်နိုင်ငံ ထူထောင်နိုင်မယ်၊ ငြိမ်းချမ်းရေးအတွက်လည်း အဆင်ချောမယ်။
ဒါတွေ ရည်ရွယ်ပြီးတော့မှ အရင်နှစ်က အာဇာနည်နေ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့တယ်။ အရင်တပ်မတော်ခေါင်းဆောင်တွေက တက်ရောက်တာ ထုံးစံမရှိခဲ့ဘူး။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဲဒီလို လိုက်လျောခဲ့တယ်။ အလားတူပဲ အဲဒီနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ခြံထဲမှာ လုပ်တဲ့ဘာသာပေါင်းစုံဆုတောင်းပွဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်တဲ့အတွက် သူ့ဘက်က လိုက်လျောမှုရှိသလို ဒေါ်အောင်ဆန်းစုကြည်ကလည်း သူဟာ တိုင်းပြည်အပေါ်မှာ တကယ်စေတနာနဲ့လုပ်နေပါတယ်ဆိုတဲ့ စိတ်ထားကိုသိအောင် ဆက်ဆံတယ်။
အခုထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တပ်မတော်ကြားမှာ အင်မတန် သိသာထင်ရှားတဲ့ အဖုအထစ်မရှိဘူးလို့ ပြောလို့ရတယ်။ အဲဒီအခြေအနေကနေပြီး တစ်ဦးအပေါ်တစ်ဦး ပိုနားလည်ပြီး နိုင်ငံရေးအရ ဆောင်ရွက်နိုင်ဖို့အတွက် ပိုပြီးမျှော်လင့်ချက်တွေထားတယ်။ မျှော်လင့်ချက်တွေရှိတယ်။ အဲဒီအတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ဆောင်ရွက်မယ်လို့ ယုံကြည်ပါတယ်။
တွေ့ဆုံမေးမြန်း-မျိုးမြင့်၊ မွှေးကြူဇင်(သတင်းစဉ်)

No comments:

Post a Comment