Saturday, April 1, 2017

အကျပ်အတည်း၊ ပဋိပက္ခအခြေအနေများတွင် မီဒီယာနှင့် ဆက်ဆံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြီးစီး



Image may contain: 13 people, people sitting, table and indoor
နေပြည်တော် မတ် ၃၁
မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်သစ်သို့ကူးပြောင်းရာ၌ အစိုးရဌာနဆိုင်ရာများရှိ ဝန်ထမ်းများအနေဖြင့် မီဒီယာများနှင့်ဆက်ဆံရာတွင် ပိုမိုကျွမ်းကျင်မှုရှိရန် တောင်းဆိုမှုနှင့် လိုလားချက်များသည် တိုးပွားလျက်ရှိသည်။
အဆိုပါ လိုလားချက်များအပြင် အကျပ်အတည်း၊ ပဋိပက္ခ အခြေအနေများတွင် မီဒီယာနှင့် ဆက်ဆံရေးကျွမ်းကျင်မှုရှိရန် အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီ အခြေစိုက် Daniel K. Inouye Asia - Pacific Center for Security Studies က ဦးဆောင်သော အလုပ်ရုံဆွေးနွေးပွဲကို မတ် ၃ဝ ရက်မှ ၃၁ ရက်အထိ နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပခဲ့သည်။
ယနေ့ကျင်းပသည့်အလုပ်ရုံဆွေးနွေးပွဲ၌ Asia - Pacific Center for Security Studies မှ ပြည်သူ့ဆက်ဆံရေးအရာရှိ မစ္စမယ်ရီက အမေရိကန်တပ်မတော်၏ သတင်းပြန်ကြားရေးနှင့် လူထုဆက်ဆံရေး လုပ်ငန်းဆောင်ရွက်နေမှု၊ လူထုဆက်ဆံရေးမှတစ်ဆင့် တပ်မတော်အပေါ် ပြည်သူများ၏ သဘောထားအမြင်များရရှိနိုင်မှုတို့နှင့်စပ်လျဉ်း၍ ၎င်း၏ အတွေ့အကြုံများကို ရှင်းလင်းပြောကြားပြီး ပါဝင်တက်ရောက်သူများက အဖွဲ့များခွဲ၍ အကျပ်အတည်းနှင့် ပဋိပက္ခအခြေအနေများတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို လက်တွေ့လေ့ကျင့်ကြသည်။
ထိုသို့ လက်တွေ့ ဆောင်ရွက်နေမှုကို အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာမာစီရယ်လ်တို့ တက်ရောက်အားပေးသည်။
ယခုဆွေးနွေးပွဲသည် မီဒီယာများနှင့်ဆက်ဆံရာတွင် အထူးသဖြင့် ပဋိပက္ခအခြေအနေ၌ ထိရောက်သော မီဒီယာဆက်ဆံရေးရရှိရန် ဌာနဆိုင်ရာ တာဝန်ရှိသူများကို ထိရောက်သော မီဒီယာဆက်ဆံရေး မူဝါဒနှင့် အလေ့အကျင့်များ ပေးအပ်ရန်၊ ပဋိပက္ခ စီမံခန့်ခွဲရေး မူဘောင်အတွင်းမှ မီဒီယာ အခန်းကဏ္ဍကို အလေးထားကာ အစိုးရအား အထောက်အပံ့ဖြစ်၍ တိကျမှန်ကန်ပြီး အချိန်နှင့်တစ်ပြေးညီဖြစ်သော သတင်းအချက်အလက်ပေးနိုင်မည့် မီဒီယာဆက်ဆံရေး မဟာဗျူဟာတစ်ရပ် ဖော်ဆောင်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ညနေပိုင်းတွင် အမေရိကန်ပြည်ထောင်စု Asia - Pacific Center for Security Studies ၌ တက်ရောက်သင်ကြားခဲ့သည့် မြန်မာနိုင်ငံမှ သင်တန်းသားများ၏ သင်တန်းဆိုင်ရာ အတွေ့အကြုံများကို ရှင်းလင်းပွဲကျင်းပသည်။
သာစိန်၊ မီမီဖြိုး(သတင်းစဉ်)

No comments:

Post a Comment