ပြည်သူအတွက် အဓိကလိုအပ်ချက်မှာ စားဝတ်နေရေးဟုဆိုကြသည်။ စားဝတ်နေရေးဟူသည်မှာ လူတိုင်းအတွက်လိုအပ်ချက်ဟု မဆိုအပ်ချေ။ အချို့မှာပြည့်စုံပြီး အချို့မှာနေရေးစားရေး တစ်မျိုးမဟုတ်တစ်မျိုး လိုအပ်ချက်ရှိတတ်သည်။ ထို့ကြောင့် စားဝတ်နေရေးမှာ ပြည်သူအားလုံးအတွက် မဆိုအပ်ချေ။ ပြည်သူအားလုံးအတွက် လိုအပ်ချက်မှာ လမ်းပန်းဆက်သွယ်ရေးပင်ဖြစ်သည်။
လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပါက သွားလမ်းသာ၍ လာလမ်းလွယ်ကူပြီး အခက်အခဲနှင့် လိုအပ်ချက်အနည်းအများအလိုက် မိမိတို့ဆောင်ရွက်လိုသည်များကို အလွယ်တကူပင် ခရီးရောက်အောင် ဆောင်ရွက်နိုင်ပေသည်။ ယခုအခါ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွင် လိုအပ်ချက်များရှိနိုင်သော်လည်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍများတွင် သိသာထင်ရှားစွာ ပြည့်စုံကောင်းမွန်နေသည်ကို တွေ့ရသည်။
ကျေးလက်ဒေသများတွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သောကြောင့် ဒေသခံပြည်သူများ အလုပ်အကိုင်နှင့် စီးပွားရေးအခွင့်အလမ်းများ လွယ်ကူလာသည်ဟုသိရသည်။ အထူးသဖြင့် ကျေးလက်ဒေသမှ လူငယ်လူရွယ်များ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည့်အတွက် ၎င်းတို့၏ဘဝများ ပိုမိုတိုးတက်လာသည်ဟု သိရသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် အချို့နေရာများ၌ ရာသီစုံသွား၍မရသောလမ်းများ ရာသီစုံသွားလာ၍ရပြီး လျှပ်စစ်မီးမရရှိသည့် နေရာများတွင် လျှပ်စစ်မီးရရှိပါက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စီးပွားရေးအခွင့်အလမ်းများ ရရှိလုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊ ပြည်ပမှစီးပွားရေးလုပ်ငန်းရှင်များကလည်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး လျှပ်စစ်မီးရရှိပါက ရင်းနှီးမြှုပ်နှံလိုသည့် စိတ်များဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ပြောကြားထားသည်။
ထို့ကြောင့် နိုင်ငံတော်က ပြည်သူလူထုအတွက် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေးဆောင်ရွက်ပေးမည်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း မျဉ်းပြိုင်သဘောမျိုးဆောင်ရွက်ပေးသွားမည်ဟု ကြားသိရပေရာ ဒေသခံပြည်သူများအတွက် ဝမ်းမြောက်ဖွယ်ဖြစ်သည်။ နိုင်ငံတော်၏လမ်းညွှန်ချက်နှင့်အညီ လျှပ်စစ်မီးရရှိရေးအတွက် ဒေသလိုအပ်ချက်နှင့်အညီ သက်ဆိုင်ရာတာဝန်ရှိသူများအားလုံး လက်တွဲပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။
လက်ရှိတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များအနေဖြင့် ပြည်သူများ လျှပ်စစ်အလင်းရောင်ရရှိရေးအတွက် အားနည်းချက်များရှိနေသေးသည်။ ဗဟိုအစိုးရနှင့်ဒေသဆိုင်ရာအာဏာပိုင်များအကြား အားနည်းချက်များ ရှိနေသေးသဖြင့် ဒေသခံပြည်သူများ လျှပ်စစ်အလင်းရောင် ဖြန့်ကြက်ရရှိရေး နည်းလမ်းများကို နိုင်ငံတော်သို့ ဦးစွာအကြံပြုတင်ပြပြီး နိုင်ငံတော်၏ လမ်းညွှန်ထောက်ပံ့ဖြည့်ဆည်းဆောင်ရွက်ပေးမှုများနှင့် ပြည်သူများအကျိုးကို ထိရောက်စွာဆောင်ရွက်ပေးကြရမည်ဖြစ်သည်။
ပြည်သူများ အလင်းရောင်ရရှိရေးအတွက် နိုင်ငံတော်၏စွမ်းအင် မူဝါဒမျှော်မှန်းချက်မှာ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေပြီး တိုးမြင့်လာသော ပြည်တွင်းစွမ်းအင် လိုအပ်ချက်ကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးရန် ရည်ရွယ်ထားသည်။ ပြည်သူအားလုံး စွမ်းအင်သယံဇာတ အရင်းအမြစ်များကို ရေရှည်တည်တံ့စွာအသုံးပြုနိုင်ရေး ဦးတည်လျက် တိုင်းဒေသကြီးနှင့်ပြည်နယ်များအကြား မျှတမှန်ကန်စွာ ခွဲဝေအသုံးချနိုင်မည့် စွမ်းအင်မူဘောင် တစ်ရပ်ချမှတ်ရန် မျှော်မှန်းထားကြောင်း သိရသည်။
ရည်မှန်းချက်များအနေဖြင့် နိုင်ငံတော်၏စီးပွားရေးမူဝါဒများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများကို အထောက်အပံ့ဖြစ်စေမည့် စွမ်းအင်မူဝါဒကျင့်သုံးရန်၊ စွမ်းအင်သယံဇာတ အရင်းအမြစ်များထုတ်ယူရာတွင် ဒေသအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များအကြား ဘက်ညီမျှတစွာ ခွဲဝေသုံးစွဲနိုင်စေသည့် အခွင့်အလမ်းများ ဖန်တီးပေး၍ လူ့စွမ်းအားအရင်းအမြစ်တိုးမြင့်စေရေး ဆောင်ရွက်ရန်စသည်တို့ကို ရေးဆွဲထားပြီးဖြစ်သည်။
ထို့ကြောင့် ပြည်သူများဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်လာသော အခါသမယတွင် ပြည်သူများဘဝအတွက် ဆက်လက်လိုအပ်နေသော စွမ်းအင်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ အောင်မြင်စေရန် စွမ်းအင်ထုတ်လုပ်သူနှင့် သုံးစွဲသူနှစ်ဦးနှစ်ဖက် စီးပွားရေးအာမခံချက် ဖြစ်စေမည့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်ပေးသွားနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။ ။
No comments:
Post a Comment