Saturday, April 1, 2017

တစ်နှစ်သားလွှတ်တော်နှင့် စွမ်းဆောင်ချက်များ


မြန်မာ့အလင်းအယ်ဒီတာအာဘော်


၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲ ကျင်းပ ပြီးနောက် ဒုတိယအကြိမ် လွှတ်တော်ကို ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် ဖွဲ့စည်းခဲ့ရာ ယခုဒုတိယအကြိမ်လွှတ်တော်သည် သက်တမ်းတစ်နှစ်စွန်းစွန်း ကို ဖြတ်သန်းခဲ့ပြီး ဖြစ်ပါသည်။ ဒုတိယအကြိမ် လွှတ်တော်သည် နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ နိုင်ငံရေးလှုပ်ရှားတက်ကြွသူများနှင့် ဒီမို ကရေစီရေးအတွက် အနစ်နာခံဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များစွာ ပါဝင် နေရာ မြန်မာ့နိုင်ငံရေးသမိုင်းတွင် ထူးခြားသောလွှတ်တော်ဟု ဆိုရမည် ဖြစ်သည်။ 

လွှတ်တော်၏ အဓိကတာဝန်များမှာ ကိုယ်စားပြုခြင်း၊ စောင့်ကြည့် စစ်ဆေးခြင်းနှင့် ဥပဒေပြုခြင်းတို့ပင်ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ် သည် မိမိကိုယ်စားပြုရာ မဲဆန္ဒနယ်မြေမှ ပြည်သူများ၏ ကိုယ်စား လွှတ်တော်တွင် ပြောဆိုပိုင်ခွင့်ရှိသူ ဖြစ်သည်။ ထို့အပြင် လွှတ်တော် ကိုယ်စားလှယ်သည် အစိုးရကို စောင့်ကြည့်ရန် တာဝန်ရှိသကဲ့သို့ အစိုးရ၏ မူဝါဒများ၊ လုပ်ငန်းများ၊ စီမံကိန်းများနှင့် ဥပဒေအကောင်အထည်ဖော် မှုများကို စောင့်ကြည့်ရမည်ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်၏ နောက်ဆုံးနှင့် အဓိကအကျဆုံးတာဝန်မှာ ပြည်သူအကျိုးပြုဥပဒေများ ပြုစုပြဋ္ဌာန်းရန်ပင် ဖြစ်ပါသည်။ ထိုတာဝန်တွင် လွှတ်တော်၏ ကော်မတီ များမှ ပြုစုသော ဥပဒေများနှင့် အစိုးရအ¸မှ တင်သွင်းသော ဥပဒေများကို ဆွေးနွေးခြင်းအပြင် ယခင်ဥပဒေအဟောင်းများကို ခေတ်နှင့်လျော်ညီ အောင်စောင့်ကြည့်ပြင်ဆင်ပြီး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန် လိုအပ်ပေသည်။
ထိုလုပ်ငန်းစဉ်များအတွက် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မေးခွန်းများမေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်းများကို ပြုလုပ်ရသည်။ ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ စတင်ခဲ့သော လွှတ်တော်များသည် တစ်နှစ်အတွင်း လွှတ်တော်သုံးရပ်၏ လွှတ်တော်တွင်းလုပ်ငန်းစဉ်များ အဖြစ် ဆွေးနွေးမှု၊ အဆိုတင်သွင်းမှု၊ ကြယ်ပွင့်ပြမေးခွန်းမေးမြန်းမှု၊ ဥပဒေကြမ်းတင်သွင်းမှု စုစုပေါင်း ဆောင်ရွက်ခဲ့သည့် အကြိမ်ရေ(၁၁၆၈) ကြိမ်ရှိခဲ့သည်ဟု သိရသည်။ ထိုအထဲတွင် ဆွေးနွေးမှု (၄၁၃)ကြိမ်၊ အဆို တင်သွင်းမှု(၄၅)ကြိမ်၊ ကြယ်ပွင့်ပြမေးခွန်းမေးမြန်းမှု (၇ဝ၉)ကြိမ် ရှိခဲ့ သည်ဟု သိရသည်။ ထိုသို့ တစ်နှစ်အတွင်း ပါတီအလိုက် လွှတ်တော်သုံးရပ် အတွက် လွှတ်တော်လုပ်ငန်းစဉ် ဆောင်ရွက်ခဲ့သည့်စာရင်းတွင်NLD ပါတီသည် ၈၁၉ ကြိမ်ဖြင့် အများဆုံးနေရာတွင် တည်ရှိပြီး ရခိုင်အမျိုးသား ပါတီ ၁ဝ၉ ကြိမ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၉၂ ကြိမ်နှင့် တပ်မတော်မှ ၅၃ ကြိမ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ၃၄ ကြိမ် စသည်ဖြင့် အသီးသီးရှိကြသည်ကို တွေ့ရသည်။

ပြည်သူ့လွှတ်တော်တွင် တင်သွင်းခဲ့သော အဆိုများအနက် အတည် ပြုခဲ့သော အဆို ၁ဝ ခုရှိပြီး အမျိုးသားလွှတ်တော်တွင် တစ်ခုရှိခဲ့သည်။ ထိုအဆိုများတွင် နိုင်ငံအဝန်း အဂတိလိုက်စားမှုများ ကျဆင်းလျော့ပါးရေး အဆို၊ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးအဆို၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်အချို့အား ထိရောက်စွာ အရေးယူ ပေးရန်အဆို၊ ရွေးကောက်ပွဲပြီးနောက်ပိုင်း၊ အစိုးရတာဝန်မလွှဲပြောင်းမီ၊ နိုင်ငံပိုင်သယံဇာတများအား အလျင်အမြန် စီမံခန့်ခွဲနေမှုများကို စိစစ် ဟန့်တားပေးရန် အဆို၊ ကျန်းမာရေးဝန်ကြီးဌာနပိုင်မြေကို အများပြည်သူ အကျိုးစီးပွားကို ဖော်ဆောင်ခြင်းမရှိသော ပုဂ္ဂလိကဆေးရုံတည်ဆောက် ရန် ငှားရမ်းပေးခြင်းအား ရပ်ဆိုင်းရန်အဆို စသည်တို့ ပါဝင်ပါသည်။ ယခု လွှတ်တော်သက်တမ်းအတွင်း ဥပဒေပေါင်း ၂ဝ ပြဋ္ဌာန်းနိုင်ခဲ့သည်ကို တွေ့ရသည်။ ယင်းဥပဒေများတွင် ထူးခြားသော ဥပဒေများအဖြစ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ၊ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ၊ အရေးပေါ်စီမံမှု အက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ၊ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ စသော ဥပဒေများပါဝင်သည်ကို တွေ့ရပါသည်။

လွှတ်တော်သက်တမ်းအတွင်း လွှတ်တော်ကိုယ်စားလှယ်များ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းများနှင့် ပြည်ပလေ့လာရေး ခရီးစဉ် များလည်း စေလွှတ်နိုင်ခဲ့သည်။ ဥပဒေပြုစုရာတွင် လွှတ်တော်ကော်မတီ များ၏ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်လာနိုင်ပြီး၊ ပြင်ပကိုယ်ကျိုးစီးပွားများ ပါဝင်ပတ်သက်မှုမရှိဘဲ ပွင့်လင်းမြင်သာမှုရှိသည်ကို တွေ့ရသည်။ ဥပဒေ ပြုစုရန်အတွက် လိုအပ်သောကြားနာမှုများ ပိုမိုပြုလုပ်နိုင်ခဲ့သည်။ ဒုတိယ အကြိမ် လွှတ်တော်သည် အစိုးရနှင့်အကြား အပြန်အလှန်ထိန်းကျောင်းမှု ကိုလည်း သင့်တော်မှန်ကန်စွာ ပြုလုပ်နိုင်ခဲ့သည်ကို တွေ့ရပြီး ဒီမိုကရေစီ နှင့် လွတ်လပ်ခွင့်ကို ပိုမိုဖော်ဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်ကို တွေ့ရပါကြောင်း တင်ပြလိုက်ရပါသည်။ ။

No comments:

Post a Comment