Saturday, April 1, 2017

ပြည်သူနှင့်အတူ ကြိုးပမ်းဖော်ဆောင်



Image may contain: text
၂ဝ၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူတစ်ရပ်လုံး၏ တစ်ခဲနက်ထောက်ခံမှုဖြင့် ''ပြောင်းလဲချိန်တန်ပြီ''ဟု ကြွေးကြော်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းသည့် အစိုးရအဖွဲ့သည် ယခု ၂ဝ၁၇ ခုနှစ်မှစတင်၍ ''ပြည်သူနှင့်အတူ''လက်တွဲကာ နိုင်ငံတော်ကိုတည်ဆောက်နေသည်။
ထိုသို့တည်ဆောက်ရာတွင် အစိုးရသက်တမ်းတစ်နှစ်အတွင်းမှာပင် စိန်ခေါ်မှုများစွာနှင့်ကြုံတွေ့ခဲ့ရသည်။ ထိုစိန်ခေါ်မှုများတွင် စီးပွားရေးအရ ကျဆင်းမှုများရှိသလို နိုင်ငံရေးအရ မငြိမ်းချမ်းမှုများမှာ အရေးအကြီး ဆုံးစိန်ခေါ်မှုများအဖြစ် ပါဝင်နေသည်။ စီးပွားရေးတွင် ကုန်ဈေးနှုန်း တက်ခြင်း၊ ငွေကြေးဖောင်းပွခြင်းတို့သည် ပြည်သူကို ဖိစီးနှိပ်စက်စေနိုင် ပြီး မငြိမ်းချမ်းမှုများမှာ တန်းတူညီမျှအခွင့်အရေးနှင့် လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးကို ထိခိုက်စေသည်။
စီးပွားရေးနှင့်ငြိမ်းချမ်းရေးသည် ဆက်စပ်နေပြီး ငြိမ်းချမ်းရေးမရရှိလျှင် စီးပွားရေးတိုးတက်အောင် ဖော်ဆောင်နိုင်မည်မဟုတ်ချေ။ထို့ကြောင့် အမျိုးသားရင်ကြားစေ့ရေး၊ ယုံကြည်မှုတည်ဆောက်ရေးကို ဦးစားပေး လုပ်ဆောင်နေရသည်။ ငြိမ်းချမ်းရေးရရှိရန်အတွက် အဂတိတရားကင်းစင် ရမည်ဖြစ်သည်။ နိုင်ငံအတွင်းတည်ရှိသည့် အဖွဲ့အစည်းများ၊ အစုအဖွဲ့ များနှင့်ဆက်ဆံရာတွင် ဆန္ဒဂတိကိုဘေးဖယ်၍ အများအကျိုးအတွက် အမှန်တရားကိုရှေးရှုပြီး လုပ်ကိုင်နိုင်ဖို့လိုသည်။
အစိုးရအဖွဲ့အစည်းကိုဖြစ်စေ၊ အခြားအဖွဲ့အစည်းတစ်ခုခုကိုဖြစ်စေ အများပြည်သူက ၎င်းတို့၏လုပ်ဆောင်မှုကိုကြည့်၍ အကဲခတ်သုံးသပ် ဆုံးဖြတ်ကြမည်ဖြစ်သည်။ မိမိအဖွဲ့အစည်းမှအကောင်း၊ အခြားအဖွဲ့ အစည်းကမကောင်းဟု ဆုံးဖြတ်မည်ဆိုလျှင် အမျိုးသားရင်ကြားစေ့ရေးကို မည်သည့်အခါမှ ရရှိနိုင်မည်မဟုတ်သည့်အပြင် ပြည်သူလူထု၏ မှတ်ချက် ပြုခြင်းခံရနိုင်သည်။ ပုထုဇဉ်လူသားတစ်ဦးအနေဖြင့် ပုဂ္ဂလလွတ်လပ်ခွင့်အရ မိမိစိတ်ခံစားမှုအတိုင်း နှစ်သက်ရာဆုံးဖြတ်နိုင်သော်လည်း အဖွဲ့အစည်းတစ်ရပ်အနေဖြင့် စိတ်ခံစားမှုများ မပါဝင်ဘဲ အများအကျိုးအတွက်သာ ရှေးရှုရမည်ဖြစ်သည်။
ငြိမ်းချမ်းရေးအတွက် အဖွဲ့အစည်းများ၏မျှော်လင့်ချက်များရှိသည်ထက် ပြည်သူများ၏မျှော်လင့်ချက်များကို အလေးထားရမည်ဖြစ်သည်။ မျှော်လင့်ချက်ဟူသည် လက်ဝယ်ပိုင်ပိုင်ရရှိနိုင်သောအရာ မဟုတ်သေးသောကြောင့် မျှော်လင့်ချက်ပန်းတိုင်အတိုင်း ဖြစ်တည်လာစေရန်အတွက် မိမိတို့၏ဆန္ဒစွဲများကို ဘေးဖယ်ထား၍ အားလုံးဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ရာတွင် မိတ်ဖက်အဖွဲ့အစည်းများ၏ စာနာမှု၊ ကူညီရိုင်းပင်းမှုတို့ကို အသိအမှတ်ပြုရမည်ဖြစ်သော်လည်း မိမိနိုင်ငံ၏ လိုအပ်ချက်များကို မိမိတို့သာအသိဆုံးဖြစ်၍ မိမိတို့ကိုယ်တိုင် ကြိုးပမ်းအားထုတ်ရမည်ဖြစ် သည်။ ယခုအခါ နိုင်ငံတော်အစိုးရ၏ဦးဆောင်မှုဖြင့် အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးအတွက် လက်တွေ့အကောင်အထည်ဖော်နေပြီဖြစ်သည်။ ထိုသို့ အကောင်အထည်ဖော်နိုင်ရန်အတွက် စိတ်ဓာတ်နှင့်ယုံကြည် ချက်များလည်းရှိပြီးဖြစ်သည်။
အားလုံးစိတ်တူကိုယ်မျှ အတူတကွလက်တွဲကာ မိမိတို့နိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းအောင် ဝိုင်းဝန်းတည်ဆောက်မည်ဟူသည့် စိတ်ထားများ မွေးမြူကြရန်သာလိုအပ်သည်။ ငြိမ်းချမ်းရေးကို ရှေးရှုသောစိတ်ထားများဖြင့် အစိုးရက ဦးဆောင်ကာ တစ်နှစ်တာကာလအတွင်း လုပ်သင့်လုပ်ထိုက်သည်များအား လုပ်ဆောင်ခဲ့သည်ကိုမြင်တွေ့ရသည်။ တိုင်းရင်းသားပေါင်းစုံဖြင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံအဖို့ ငြိမ်းချမ်းရေးကို သိမ်မွေ့ညင်သာစွာဖြင့် အကောင်အထည်ဖော်ရသည်။ အချိန်ယူကာ လုပ်ကိုင်ရသည်ဖြစ်သော်လည်း အချိန်မကြာညောင်းဘဲ ငြိမ်းချမ်းရေးကို မြန်မြန်ဆန်ဆန်သာရလိုသည့် ဆန္ဒရှိကြသည်။
သို့ဖြစ်ရာ နိုင်ငံတော်အစိုးရ၏ ပြည်သူများအပေါ်ထားရှိသော မေတ္တာ၊ သစ္စာနှင့် မှန်ကန်သောစေတနာများမှာ ပြည်သူများ၏ အဆုံးအဖြတ်သုံးသပ်မှုကို ခံနိုင်သည်ဟုယုံကြည်သည်။ ထိုသို့ယုံကြည်သည့် အတိုင်းလည်း ပြည်သူများနှင့်အတူ အဖွဲ့အစည်းများအားလုံးက နိုင်ငံတော်အစိုးရနှင့်လက်တွဲကာ မိမိတို့မျှော်မှန်းထားသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကြီးဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ။

No comments:

Post a Comment