Friday, April 28, 2017

ကမ္ဘာ့ဈေးကွက်သို့ တိုးချဲ့ဝင်ရောက်နေသော မြန်မာ့ပို့ကုန်များ

မြန်မာ့အလင်းအယ်ဒီတာအာဘော်


မကြာသေးသော အတိတ်ကာလကိုသုံးသပ်ပါက မြန်မာနိုင်ငံ၏ပို့ကုန် များတွင် သဘာဝဓာတ်ငွေ့ကဲ့သို့သော သယံဇာတပို့ ကုန်များက အရေး ပါသော အခန်းကဏ္ဍကပါဝင်နေသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ သယံ ဇာတဟူသည် အကန့်အသတ် ဖြင့်သာရရှိနိုင်သော သဘာဝ၏လက်ဆောင် ပစ္စည်းဖြစ်၍ သယံဇာတပို့ကုန်များအပေါ်မှီခိုခြင်းသည် စီးပွားရေးအရ အားပျော့ချက်တစ်ရပ်ဖြစ်သည်ဟု ပညာရှင်များက ထောက်ပြကြပါသည်။ မြန်မာနိုင်ငံ၏ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်သယံဇာတတင်ပို့မှုကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက သဘာဝဓာတ်ငွေ့ တင်ပို့မှုတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံခန့်လျော့နည်းသွား သကဲ့သို့ ကျောက်စိမ်းနှင့် သတ္တုတင်ပို့မှုတွင်လည်း အမေရိကန်ဒေါ်လာသန်း ၂ဝဝ ခန့် လျော့နည်းသွားသည်ဟု သိရှိရပါသည်။ တင်ပြလိုသည်မှာ မြန်မာ နိုင်ငံ၏ အတွေ့အကြုံများက သယံဇာတပို့ကုန်များအပေါ် အားပြုမှီခိုခြင်း မပြုရန် သတိပေးလျက်ရှိပါသည်။

နိုင်ငံတော်အစိုးရ၏ ပထမတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှု များနှင့်ပတ်သက်သော သတင်းစာရှင်းလင်းပွဲ၌ အားတက်စရာသတင်း တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါသည်။ ဤသည်မှာ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရ္ဆာန်ထွက်ပစ္စည်းနှင့်ရေထွက်ပစ္စည်းတို့ကိုပြည်ပသို့တိုးချဲ့တင်ပို့နိုင်ခဲ့ ခြင်း ဖြစ်ပါသည်။ ဤသို့တိုးချဲ့တင်ပို့နိုင်မှုကြောင့် အမေရိကန်ဒေါ်လာ သန်း ၄၈ဝ ခန့်ပိုမိုရရှိခဲ့သည်ဟုလည်း သိရှိရပါသည်။ သယံဇာတပို့ကုန်တို့ တင်ပို့နိုင်မှုလျော့နည်းခဲ့သော်လည်း လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍမှ ပို့ကုန်တို့ကို တိုးချဲ့တင်ပို့နိုင်ခဲ့ခြင်းသည် တိုင်းပြည်၏အနာဂတ် အတွက် ရေရှည်အလားအလာကောင်း တစ်ရပ်ဖြစ်ပါသည်။ ကျေးလက် ပြည်သူတို့က တိုင်းပြည်လူဦးရေ၏ သုံးပုံနှစ်ပုံခန့်ရှိသော မြန်မာနိုင်ငံ၌ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတို့မှ ပြည်ပပို့ကုန်တို့တိုးချဲ့ တင်ပို့နိုင်ခဲ့ခြင်းသည် စစ်မှန်သော မင်္ဂလာသတင်းတစ်ရပ်ဖြစ်ပါသည်။ 

တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက ရွေးချယ်တင်မြှောက်သော လူထုအစိုးရဟူသော ဂုဏ်သိက္ခာကြောင့် မြန်မာနိုင်ငံ၏လယ်ယာထွက်ကုန် တို့ကို ဥရောပသမဂ္ဂအဖွဲ့ဝင်၂၈ နိုင်ငံအပါအဝင် သြစတြေးလျ၊ ဘီလာရု၊ ရုရှား၊ ကနေဒါ၊ ဆွစ်ဇာလန်၊ အိုက်စ်လန်၊ တူရကီ၊ ဂျပန်၊ အမေရိကန်နိုင်ငံ တို့မှ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးများ(GSP) ပေးအပ်ထားပြီး ဖြစ်၍ရရှိပြီးအောင်မြင်မှုတို့ကို ရှေ့လာမည့်နှစ်များအတွင်း ပိုမိုအရှိန် အဟုန်မြှင့်တင်နိုင်တော့မည် ဖြစ်ပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက (၈) ကြိမ် မြောက် ကမ္ဘာ့ဆန်စပါးညီလာခံသို့တက်ရောက်၍ ကမ္ဘာ့ဆန်ဈေးကွက်နှင့် ပြန်လည်ချိတ်ဆက်နိုင်ရေး ကြိုးပမ်းမှုသည်လည်းအားတက်စရာ ခြေလှမ်း တစ်ရပ်ဖြစ်ပါသည်။ ဤသို့ကြိုးပမ်းမှုကြောင့် အာဖရိကနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၅၃ နိုင်ငံသို့ဆန်တင်ပို့နိုင်ခဲ့ခြင်းသည် အသိအမှတ် ပြုရမည့် ခြေလှမ်းဖြစ်ပါသည်။ မကြာသေးမီကာလများအထိ တိုင်းပြည်၏ ပို့ကုန်တို့ကို အိမ်နီးချင်းနိုင်ငံများသို့သာ အဓိကထားတင်ပို့နေရ၍ ကျဉ်း မြောင်းသော ဈေးကွက်ကိုမှီခိုရသော အနေအထားဖြစ်နေခဲ့ပါသည်။ ဤကဲ့သို့သော ကျဉ်းမြောင်းသည့် ဈေးကွက်ကိုမှီခိုနေရသော အခြေအနေ မျိုးမှ က္ဘာ့နိုင်ငံများစွာသို့တိုးချဲ့တင်ပို့နိုင်ခဲ့ခြင်းသည် ကျယ်ပြန့်သော ဈေးကွက်ကို ဆုပ်ကိုင်နိုင်ခြင်းဖြစ်၍ ဝမ်းမြောက်ဝမ်းသာကြိုဆိုကြောင်း လေးစားစွာဖော်ပြအပ်ပါသည်။ ။

No comments:

Post a Comment