Saturday, April 1, 2017

ဘရာဇီးလက်ရွေးစင်အသင်း ကမ္ဘာ့အဆင့်(၁)နေရာသို့ ပြန်လည်တက်လှမ်း

Image may contain: 2 people, people playing sports and outdoor
ဘရာဇီးလက်ရွေးစင်အသင်းသည် ကိုးပွဲဆက်အနိုင်ရလဒ်နှင့်အတူ ၂ဝ၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲကို အစောဆုံးအောင်မြင်ခဲ့ပြီးနောက် ခြောက်နှစ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ကမ္ဘာ့အဆင့်(၁)နေရာ သို့ ပြန်လည်တက်လှမ်းနိုင်ခဲ့သည်။ ပြီးခဲ့သည့် ဇွန်လအတွင်း နည်းပြ တိုက်တီ ဘရာဇီးနည်းပြအဖြစ် တာဝန်ယူခဲ့ပြီးနောက် ရလဒ်ပိုင်း ဆက်တိုက်တိုးတက်လာခြင်းကြောင့် ကမ္ဘာ့ထိပ်တန်းနေရာကို ယခုကဲ့သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
ဘရာဇီးအသင်းသည် ခြေစစ်ပွဲစဉ်အတွင်း ၂၅ ဂိုးသွင်းကာ နှစ်ဂိုးသာ ပေးခဲ့ရပြီး ၂ဝ၁၈ ကမ္ဘာ့ဖလားကို ပထမဦးဆုံးခြေစစ်ပွဲ အောင်မြင်သော အသင်းဖြစ်လာခဲ့သည်။ လွန်ခဲ့သည့် တစ်နှစ်က ကမ္ဘာ့အဆင့် (၁)နေရာကို ရယူနိုင်ခဲ့သည့် အာဂျင်တီးနားအသင်းမှာမူ ကမ္ဘာ့ အဆင့်(၂)နေရာသို့ ရောက်ရှိသွားခဲ့သလို အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီ၏ လေးပွဲပယ်ပြစ်ဒဏ်ကြောင့် ခြေစစ်ပွဲအောင်မြင်ရန် အတော်လေးရုန်းကန်ရမည့် အနေအထားဖြစ်သည်။
ဟော်လန်အသင်းမှာမူ အကြီးအကျယ် ကျရှုံးသည့်အသင်း ဖြစ်ခဲ့ပြီး အဆင့်(၁၁)နေရာမှ အဆင့်(၃၂)နေရာအထိ ထိုးဆင်းသွားခဲ့သလို ၄င်းတို့အသင်းအတွက် အနိမ့်ကျဆုံးသော ကမ္ဘာ့အဆင့် သတ်မှတ် ချက်လည်းဖြစ်ခဲ့သည်။ ယခုမတိုင်မီ ဟော်လန်အသင်း၏ အနိမ့်ကျဆုံးသော ကမ္ဘာ့အဆင့်မှာ အဆင့်(၂၆) ဖြစ်ရာ သမိုင်းတစ်လျှောက် အနိမ့်ကျဆုံး အဆင့်ထက်ပင် ခြောက်ဆင့်ကျဆင်းနေသည်။
ထိပ်တန်း အသင်းငါးနေရာကို တောင်အမေရိကအသင်းများဖြစ်သည့် ဘရာဇီး၊ အာဂျင်တီးနား၊ ချီလီနှင့် ကိုလံဘီယာတို့ လွှမ်းမိုးထားပြီး ဂျာမနီ တစ်သင်းသာ ထိပ်တန်းငါးနေရာအတွင်း ဝင်ရောက်သည့် တစ်ခုတည်း သော ဥရောပအသင်းဖြစ်နေသည်။
ကမ္ဘာ့ထိပ်တန်းအသင်း(၂ဝ)
၁။ ဘရာဇီး၊ ၂။ အာဂျင်တီးနား၊ ၃။ ဂျာမနီ၊ ၄။ ချီလီ၊ ၅။ ကိုလံဘီယာ၊ ၆။ ပြင်သစ်၊ ၇။ ဘယ်လ်ဂျီယံ၊ ၈။ ပေါ်တူဂီ၊ ၉။ဆွစ်ဇာလန်၊ ၁ဝ။ စပိန်
၁၁။ ပိုလန်၊ ၁၂။ အီတလီ၊ ၁၃။ ဝေလ၊ ၁၄။ အင်္ဂလန်၊ ၁၅။ ဥရုဂွေး၊ ၁၆။ မက္ကဆီကို၊ ၁၇။ ပီရူး၊ ၁၈။ ခရိုအေးရှား၊ ၁၉။ အီဂျစ်၊ ၂ဝ။ ကော်စတာရီကာ
မေလဲ့သင်း

No comments:

Post a Comment