
တောင်ကိုရီးယားရဲ့ကျော်ကြားတဲ့ အမျိုးသား တေးဂီတအဖွဲ့တွေအနက် တစ်ဖွဲ့ဖြစ်တဲ့ ''BIG BANG'' မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ G-Dragon ဟာ လတ်တလောမှာ ဖော်ပြခဲ့တဲ့ဓာတ်ပုံကြောင့် သူ့ရဲ့ပရိသတ်တွေကို သူနဲ့ပတ်သက်ပြီး ထပ်မံ စိုးရိမ်စေခဲ့ကြောင်း ကိုရီးယားဘိုးဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။
G-Dragon ဟာ မကြာသေးမီက သူ့ရဲ့လူမှု ကွန်ရက်မီဒီယာတစ်ခုဖြစ်တဲ့ အင်စတာဂရမ် စာမျက်နှာပေါ်ကနေတစ်ဆင့် သူ့ရဲ့ဓာတ်ပုံတစ်ပုံ ကို ဖော်ပြခဲ့ရာ အဆိုပါဓာတ်ပုံကြောင့် ပရိသတ် တွေက G-Dragon အနေနဲ့ ယခင်အကျင့်ဟောင်း ကို မဖျောက်ဖျက်နိုင်ဘဲ ဆေးလိပ်ပြန်သောက်မှာကို စိုးရိမ်နေကြတာဖြစ်ကြောင်းလည်း သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၂ ရက်မှာ G-Dragon က သူ့ရဲ့အင်စတာဂရမ် စာမျက်နှာပေါ်မှာ စီးကရက် ပုံကို ဖော်ပြခဲ့တာကြောင့် ယခင်ကလည်း ဆေးရွက်ကြီးကို အချိန်အတော်ကြာ သုံးစွဲခဲ့ဖူးသူအဖြစ် ဝန်ခံခဲ့ဖူးကာ ဆေးလိပ်ဖြတ်ဖို့ ကတိပေးပြောကြားထားတဲ့ G-Dragon အနေနဲ့ လတ်တလောမှာ သူ့ရဲ့အကျင့်ဟောင်းကို ပြန်လည်စတင်နေပြီ လားရယ်လို့ သံသယဝင်နေကြပါတယ်။
ဒါပေမယ့် အဆိုပါ မီဒီယာကတော့ ယင်းဓာတ်ပုံဟာ ဆေးလိပ်ဖြတ်လိုတဲ့စိတ်နဲ့ သုံးစွဲလိုတဲ့စိတ်အကြား ဗျာများနေတဲ့ သူ့ရဲ့ ခံစားချက်ကို G-Dragon က ဖော်ပြချင်နေခဲ့တာဖြစ်တယ်လို့လည်း ဝေဖန် ရေးသားခဲ့ပါတယ်။
ဆေးရွက်ကြီးကို နှစ်အတော်ကြာသုံးစွဲနေတဲ့ ကြယ်ပွင့်တစ်ဦးအဖြစ် ကိုရီးယားဘိုးဒေါ့ကွန်းရဲ့ ရေးသားဖော်ပြခြင်းခံခဲ့ရပြီးတဲ့ နောက်မှာတော့ G-Dragon က ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ဆေးလိပ်ဖြတ်တော့မှာဖြစ်ကြောင်း ပရိသတ်တွေကို မီဒီယာတွေကနေတစ်ဆင့် ကတိပေးပြောကြား ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဆေးလိပ်ဖြတ်ရတာဟာ ထင်သလောက်မလွယ်ကူဘဲ ကြိုးစားဖြတ်နေရတာကို ပြောကြားလိုခြင်းဖြစ်တယ်လို့လည်း အဆိုပါ မီဒီယာက ထင်ကြေးပေးခဲ့ပါတယ်။
အဆိုပါဓာတ်ပုံကို ဖော်ပြခဲ့ပြီးတဲ့နောက် G-Dragon ရဲ့ ပရိသတ်တွေက သူ့ကို ဆေးလိပ် သောက်တဲ့အကျင့်ကို ပြန်လည်မမွေးမြူဖို့၊ ကျန်းမာရေးအတွက် အဆိုပါအကျင့်ကို ဖျောက်သင့်ကြောင်းနဲ့ အားပေးနေတဲ့ ပရိသတ်အတွက် ကျန်းကျန်းမာမာ နေထိုင်စေလိုကြောင်း သူ့ရဲ့လူမှုကွန်ရက် မီဒီယာပေါ်မှာ ဝိုင်းဝန်းဝေဖန်ရေးသားခဲ့ကြပါတယ်။
အဆိုပါဓာတ်ပုံဟာ G-Dragon အနေနဲ့ ဆေးလိပ်ပြန်သောက်နေတာကို ဖော်ပြလိုတာဟုတ်၊ မဟုတ်မသေချာပေမယ့် သူ့ရဲ့ပရိသတ်တွေကိုတော့ အတော်လေးစိတ်ပူစေခဲ့တဲ့ ဓာတ်ပုံတစ်ပုံဖြစ်ခဲ့ ကြောင်းလည်း အဆိုပါမီဒီယာက ဖော်ပြခဲ့ပါတယ်။
(အေးပြည့်)
No comments:
Post a Comment