ရန်ကုန် မတ် ၅
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ နှလုံးခွဲစိတ်ကုသမှုကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ရန်ကင်းကလေးဆေးရုံကြီး၌် မြန်မာဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများက ခြောက်နာရီခွဲခန့်ကြာ ခွဲစိတ်မှုများပြုလုပ်ခဲ့ပြီးနောက် ထူးခြားသော အောင်မြင်မှု မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့သည်။
ထိုသို့ အောင်မြင်စွာ ခွဲစိတ်ကုသမှုများ ပြုလုပ်ခဲ့သည့်အပေါ် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် အထူးကု ဆရာဝန်ကြီးများနှင့် သက်ဆိုင်ရာ တာဝန်ရှိ သူတို့အား မြန်မာ့သတင်းစဉ်က သွားရောက်တွေ့ဆုံ မေးမြန်းခဲ့မှုများကို ဖော်ပြလိုက်ပါသည်။
ဒေါက်တာမြင့်မြင့်ခိုင် (ရန်ကင်းကလေးဆေးရုံ၊ ဆေးရုံအုပ်ကြီး)
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ နှလုံးခွဲစိတ်ကုသမှုနဲ့ပတ်သက်ပြီး ရန်ကင်းဆေးရုံမှာ ခွဲစိတ်ဖို့ ဆုံးဖြတ်ပြီးတဲ့အချိန်မှာ ကျွန်မတို့အနေနဲ့ ခွဲစိတ်ကုသမှု အပိုင်းတွေ အဆင်ပြေစွာဆောင်ရွက်နိုင်ဖို့အတွက် ခွဲစိတ်ကုသမှု အဖွဲ့အပါအဝင် အစည်းအဝေးတွေလုပ်ခဲ့ပါတယ်။ မခွဲစိတ်မီအချိန်၊ ခွဲစိတ်နေစဉ်နဲ့ ခွဲစိတ်ပြီးနောက်ပိုင်း အချိန်တွေမှာ ဆေးရုံအနေနဲ့ လိုအပ်တဲ့ ဝန်ထမ်းအင်အား၊ စက်ပစ္စည်း၊ အောက်ဆီဂျင် စတာတွေ အပါအဝင် ဆေးရုံအုပ်ချုပ်မှုအပိုင်း စတဲ့လုပ်ဆောင်မှုတွေကို ရက်ပေါင်း ၂ဝ လောက် ကြိုတင်ပြီး စီမံချက်ရေးဆွဲဆောင်ရွက်ခဲ့တာပါ။ ခွဲစိတ်ကုသတဲ့အခါမှာတော့ အင်္ဂလန်နိုင်ငံမှာ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ပါမောက္ခ အောင်ရဲဦးက ဦးဆောင်ပြီး ရန်ကင်းကလေးဆေးရုံကြီးမှာရှိတဲ့ ခွဲစိတ်ကုသတဲ့ အဖွဲ့နဲ့ မြန်မာနိုင်ငံက ဆရာဝန်တွေ ပူးပေါင်းပြီး စီစဉ်ဆောင်ရွက်ခဲ့တာပါ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ တာဝန်ရှိသူတွေက ဦးဆောင်ပြီးတော့ ဝိုင်းဝန်းကူညီ စီစဉ်ဆောင်ရွက်ပေးခဲ့တာ ဖြစ်တဲ့အတွက် ဝန်ကြီးချုပ်ကို ခွဲစိတ်ကုသတဲ့အခါမှာ အခက်အခဲမရှိဘဲ အားလုံး အဆင်ပြေချောမွေ့စွာနဲ့ အောင်မြင်စွာ ကုသပေးနိုင်ခဲ့ပါတယ်။ အခုလို အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့တဲ့အတွက် ကျွန်မတို့ မြန်မာနိုင်ငံမှာရှိတဲ့ ဆရာဝန်တွေနဲ့အတူ ကျန်းမာရေးဝန်ထမ်းတွေအတွက် တကယ့်ကိုအောင်မြင်တဲ့ နေ့တစ်နေ့အဖြစ် ဝမ်းသာဂုဏ်ယူမိပါတယ်။
ပါမောက္ခ အောင်ရဲဦး ( အင်္ဂလန်နိုင်ငံမှ နှလုံးသွေးကြော ခွဲစိတ်အထူးကု ဆရာဝန်ကြီး)
ဝန်ကြီးချုပ်ကို ခွဲစိတ်ကုသမှုတွေလုပ်ဖို့အတွက် ပြီးခဲ့တဲ့ သုံးလ လောက်က ကျွန်တော့်ဆီကို ဝန်ကြီးချုပ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပို့ပေးတယ်။ အချက်အလက်တွေအရ အဆို့ရှင်က ယိုယွင်းပြီး သွေးကြောမကြီးကဖောင်းနေတော့ ခွဲစိတ်ဖို့လိုတယ်လို့ အကြံဉာဏ် ပေးခဲ့ပါတယ်။ ခွဲမယ်ဆိုရင် ဒီနားက နိုင်ငံတွေမှာပဲဖြစ်ဖြစ်၊ အင်္ဂလန်လာချင် လည်းလာပေါ့။ ကျွန်တော်က ဒီလာပြီးခွဲပေးနေတော့ ဒီမှာလည်းခွဲလို့ရတယ်လို့ ပြောခဲ့ပါတယ်။ အဲဒါကြောင့် ပါမောက္ခ ဝင်းဝင်းကျော်တို့နဲ့ တိုင်ပင်ပြီး ကြိုတင်ပြင်ဆင်ထားတယ်။ ဒါကြောင့် အခုလိုအောင်မြင်စွာနဲ့ ခွဲစိတ်ပေးနိုင်ခဲ့ တာပါ။ ဝန်ကြီးချုပ်က အထူးကြပ်မတ်ဆောင်မှာ နောက်ထပ်တစ်ရက်၊ နှစ်ရက်လောက် နေရမယ်။ ပြီးရင် ဆေးရုံမှာ တစ်ပတ် ၊ ဆယ်ရက်လောက်နေပြီး အိမ်ပြန် လို့ရမှာပါ။ အိမ်ပြန်ပြီးရင်တော့ ပုံမှန်ပြန်ရောက်သွားဖို့ဆိုရင် ပုံမှန်အားဖြင့် လေးပတ်နဲ့ ခြောက်ပတ်၊ အလွန်ဆုံး ရှစ်ပတ်လောက်ကြာ တတ်ပါတယ်။ ပြန်လည်ကျန်းမာပြီး ပုံမှန်ပြန်ဖြစ်လာမှာပါ။
ပါမောက္ခ ဝင်းဝင်းကျော် (နှလုံးသွေးကြောခွဲစိတ် အထူးကု ဆရာဝန်ကြီး)
ဝန်ကြီးချုပ်ကို ခွဲစိတ်ဖို့ ပါမောက္ခ အောင်ရဲဦးနဲ့ဆက်သွယ်တယ်။ ဝန်ကြီးချုပ်က မွေးရာပါ အဆို့ရှင် သုံးခုရှိတဲ့နေရာမှာ မွေးရာပါ အဆို့ရှင် နှစ်ခုပဲ ပါလာတာဆိုတော့ သွေးကြောမကြီးကလည်း ကြီးနေတာဆိုတော့ ရောဂါ ရှာဖွေတွေ့ရှိသွားတာပါ။ သူက ဟိုမှာလည်းခွဲလို့ရတယ်၊ ဒီမှာလည်းခွဲ လို့ရတယ်ပြောတော့ ဝန်ကြီးချုပ်က ဒီမှာပဲ ခွဲမယ်ပြောလို့ လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေလုပ်ပြီး သုံးပတ်လောက်အချိန်ယူပြီး ပြင်ဆင်ခဲ့ပါတယ်။ အားလုံး အသင့်ဖြစ်ပြီဆိုတော့မှ ပါမောက္ခ အောင်ရဲဦးက လာရောက်ခွဲစိတ်ပေးခဲ့တာပါ။ ဝန်ကြီးချုပ်ရဲ့ ကျန်းမာရေးအခြေအနေ အားလုံးကောင်းပါတယ်။ ဝန်ကြီးချုပ်ကို လာရောက်ခွဲစိတ်ပေးတဲ့ နှလုံးသွေးကြောခွဲစိတ် အထူးကုဆရာဝန်ကြီး ပါမောက္ခ အောင်ရဲဦးက ရန်ကင်းဆေးရုံမှာ တစ်နှစ်ကို နှစ်ခါလောက် လာခွဲစိတ်ပေးတယ်။ ကျွန်မတို့ ရန်ကင်းကလေးဆေးရုံကြီးမှာဆိုရင် နှလုံးခွဲစိတ်မှုကို ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၅ ရက်က စတင်ခဲ့ပြီး ယနေ့အထိ လူနာပေါင်း ၁၈ဝဝ ခန့်ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပါတယ်။
နော်ပန်းသဉ္ဇာမျိုး(ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး)
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မွေးရာပါ နှလုံးအဆို့ရှင် မလုံတာနဲ့ ဆိုင်တဲ့ သွေးကြောမကြီး ကြီးနေတဲ့အတွက် ခွဲစိတ်ရခြင်းဖြစ်ပါတယ်။ ဒီနေ့ မနက် ၇ နာရီမှာပဲ ရန်ကုန်မြို့က ရန်ကင်းကလေးဆေးရုံကြီး နှလုံးနှင့် ခွဲစိတ်ဌာနရဲ့ အစီအစဉ်နဲ့ ခွဲစိတ်ကုသခဲ့ရာမှာ မွန်းလွဲ ၁ နာရီမှာပဲ အောင်မြင်စွာနဲ့ ခွဲစိတ် ပြီးစီးခဲ့ပါတယ်။ ဝန်ကြီးချုပ်ရဲ့ ကျန်းမာရေးအခြေ အနေကတော့ တည်ငြိမ်ကောင်းမွန်လျက်ရှိပါတယ်။ အထူး ကြပ်မတ်ကုသ ဆောင်မှာ ကုသမှုကို ဆက်လက်ခံယူနေပါတယ်။ နှလုံးခွဲစိတ်ကုသမှု အဖွဲ့ ကိုတော့ အင်္ဂလန်နိုင်ငံက ပါမောက္ခ အောင်ရဲဦး ဦးဆောင်ပြီး ပါမောက္ခ ဝင်းဝင်းကျော်နဲ့ ပါမောက္ခ အောင်သူတို့ ပူးပေါင်းခွဲစိတ်ခဲ့ကြပါတယ်။ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းရဲ့ နှလုံးခွဲစိတ်ကုသမှုကို မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ မြန်မာဆရာဝန်၊ သူနာပြုတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေက အောင်မြင်စွာ ဆောင်ရွက်ခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒါဟာ ကျွန်မတို့နိုင်ငံရဲ့ ဆေးသမိုင်း မှတ်တမ်းမှာ အောင်မြင်မှု မှတ်တိုင်တစ်ခုဖြစ်ပါတယ်။
ခွဲစိတ်ကုသမှုကလည်း တကယ်အဆင့်မြင့်ပါတယ်။ အခုလို အောင်မြင်စွာ ခွဲစိတ်ကုသမှုကြောင့် ဝန်ကြီးချုပ်အနေနဲ့ အမြန်ဆုံးပြန်လည်ကောင်းမွန် လာမှာပါ။ အခုလို ဆေးကုသမှု ခံယူနိုင်ဖို့အတွက်ကိုလည်း ဝန်ကြီးချုပ်အနေနဲ့ သက်ဆိုင်ရာဝန်ကြီးတွေကိုလည်း ရှေ့ဆက်လုပ်ဆောင်ရမယ့် အပိုင်းတွေကို တိတိကျကျ ညွှန်ကြားထားပါတယ်။ သက်ဆိုင်ရာဝန်ကြီးတွေအနေနဲ့လည်း ဝန်ကြီးချုပ်ရဲ့ ညွှန်ကြားချက်တွေအတိုင်းပဲ ဆက်လက်ဆောင်ရွက်နေပါတယ်။
တွေ့ဆုံမေးမြန်း-ဇော်ကြီး(ပဏီတ)၊ မင်းသစ်(သတင်းစဉ်)၊
ဓာတ်ပုံ-ဇော်ဇော်ကြီး

No comments:
Post a Comment