Friday, March 31, 2017

ပြည်ထောင်စုနယ်မြေတွင် တောင်သူနစ်နာမှု ထောက်ပံ့ကြေးငွေနှင့် သီးနှံလျော်ကြေးငွေများပေးအပ်


နေပြည်တော် မတ် ၃ဝ

ပြည်ထောင်စုနယ်မြေ ဒက္ခိဏသီရိမြို့နယ် ကရုဏာက္ဘာဘိုးဘွားရိပ်သာအနီး ရတနာမဉ္ဇူလမ်းနှင့် နေပြည်တော် မြို့ပတ်လမ်းအကြားရှိ ယခင်သစ်တောကြိုးဝိုင်းတွင်း လယ်ယာမြေများနှင့် စိုက်ပျိုးသီးနှံများအတွက် နစ်နာမှုထောက်ပံ့ကြေးငွေနှင့် သီးနှံ လျော်ကြေးငွေများ ပေးအပ်ခြင်း အခမ်းအနားကို ဒက္ခိဏသီရိမြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နံနက်ပိုင်းကကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာမျိုးအောင် တက်ရောက်၍ ထောက်ပံ့ကြေးငွေနှင့် လျော်ကြေး ငွေများ ပေးအပ်သည်။
အဆိုပါ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ နေပြည် တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များဖြစ်ကြသော ဦးအေးမြင့်၊ ဦးမင်းသူ၊ ဦးမျိုးတင့်၊ ဒေါ်စံပယ်ထွေးနှင့် ဦးမင်းသိမ်း၊ ဒက္ခိဏခရိုင်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင် ထွန်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူ များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် လျော်ကြေးရရှိသည့် သစ်တောကြိုးဝိုင်းတွင်း လယ်ယာမြေသိမ်းဆည်းခံတောင်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက သစ်တောကြိုးဝိုင်းတွင်း လယ်ယာမြေသိမ်းဆည်းခံတောင်သူများကို နစ်နာမှုထောက်ပံ့ကြေးငွေနှင့် သီးနှံလျော်ကြေး ငွေများ ပေးအပ်ကြသည်။
ယနေ့ အခမ်းအနားတွင် ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော် မြို့ပတ်လမ်း၊ ရတနာမဉ္ဇူလမ်း၊ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာနှင့် မြို့နယ်ထိုင်တော်မူဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တည်ထားကိုးကွယ်မည့် နေရာအကြားရှိ တောင်သူ ၂၂၈ ဦးတို့၏ သစ်တောကြိုးဝိုင်းတွင်း လယ်ယာမြေ ၄၄၄ ဒသမ ၈၂၅ ဧက အတွက် တစ်ဧကလျှင် ငွေကျပ် ၁ဝ သိန်းနှုန်းဖြင့် နစ်နာမှုထောက်ပံ့ကြေးငွေနှင့် သီးနှံလျော်ကြေးငွေ ၄၇၃ ဒသမ ၁၁၄ သန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ကလည်း ဒက္ခိဏသီရိ မြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်များတွင် တောင်သူ ၁၅၃ ဦးတို့၏ သစ်တောကြိုးဝိုင်းတွင်း လယ်ယာမြေ ၄၅၄ ဒသမ ၂၄ ဧကအတွက် နစ်နာမှုထောက်ပံ့ကြေးငွေနှင့် သီးနှံလျော်ကြေးငွေ ၄၆၈ ဒသမ ၈၃၅ သန်းအားနေပြည် တော်စည်ပင်သာယာရေးကော်မတီ မှ ကော်မတီဝင် ဦးမင်းသူနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင် ဒက္ခိဏ သီရိမြို့နယ်နှင့် ဇမ္ဗူသီရိ မြို့နယ်အတွင်းရှိ သစ်တောကြိုးဝိုင်းတွင်း လယ်ယာမြေ စုစုပေါင်း ၈၉၉ ဒသမ ဝ၆၅ ဧကပေါ်တွင် လုပ်ကိုင်လျက်ရှိသော တောင်သူ ၃၈၁ ဦး တို့ကို နစ်နာမှုထောက်ပံ့ကြေးငွေနှင့် သီးနှံလျော်ကြေးငွေ စုစုပေါင်း ငွေကျပ် ၉၄၁ ဒသမ ၉၄၉ သန်းအား ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)

No comments:

Post a Comment