Wednesday, March 1, 2017

လီဗာပူးကို အနိုင်ရရှိသည့် ပွဲစဉ်အပြီး လက်စတာ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရရန် ခရိတ်ခ်ရှိတ်စပီးယား ထိပ်ဆုံးမှ ရေပန်းစားလာ


Image may contain: 1 person
လီဗာပူးအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင် ရရှိသည့် ပွဲစဉ်အပြီးတွင် လက်စတာအသင်း ယာယီနည်းပြ ခရိတ်ခ်ရှိတ်စပီးယားအနေဖြင့် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရရန် ထိပ်ဆုံးမှ ရေပန်းစားလာပြီ ဖြစ်သည်။ ရှိတ်စပီးယားသည် လက်စတာနည်းပြ ရာနီရေရီ၏ လက်ထောက်အဖြစ်တာဝန်ယူခဲ့ သူဖြစ်သလို လက်စတာကစားသမားများနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသူလည်းဖြစ်သည်။
လီဗာပူးနှင့် ပွဲစဉ်တွင် ရလဒ်ကောင်းတစ်ခု ဖန်တီးနိုင်ခဲ့သည့်အတွက် ရာသီကုန်အထိ လက်စတာအသင်းကို ရှိတ်စပီးယားသာ ဆက်လက် ကိုင်တွယ်သွားဖွယ် ရှိနေခြင်းဖြစ်သည်။
လီဗာပူးနှင့် ပွဲအပြီးတွင် ရှိတ်စပီးယားက ''ဒီအလုပ်ကို ကျွန်တော်လုပ်နိုင်မှာလား။ ကျွန်တော်တော့ လုပ်နိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အသင်းပိုင်ရှင်တွေက အသင်းအတွက် သင့်လျော်တဲ့ လူတစ်ဦးကို ရွေးချယ် ပါလိမ့်မယ်'' ဟု တုံ့ပြန်ဖြေကြားခဲ့သည်။
ရှိတ်စပီးယားအနေဖြင့် အမြဲတမ်းနည်းပြ ရာထူးအတွက် လက်စတာနည်းပြဟောင်း ပီယာဆန်နှင့် အဓိကယှဉ်ပြိုင်ရဖွယ်လည်း ရှိနေသည်။ လက်စတာအသင်းပိုင်ရှင်များက အခြားနာမည်ကြီး နည်းပြအချို့ကို ချိတ်ဆက် နေသော်လည်း လက်ကျန် ၁၂ ပွဲအတွက် အခြေအနေယိမ်းယိုင်မှုကို မလိုလားသဖြင့် ရှိတ်စပီးယားကိုသာ ဆက်လက်ကိုင်တွယ်ခွင့် ပေးဖွယ်ရှိနေသည်။ အင်္ဂလန်နည်းပြဟောင်း ဆမ်အလာဒွိုက်စ်ကလည်း အင်္ဂလန်နည်းပြ အဖြစ် တာဝန်ယူစဉ်က ရှိတ်စပီးယားကို နည်းပြ အဖွဲ့ဝင်တစ်ဦးအဖြစ် ဆောင်ရွက်ရန် ကမ်းလှမ်းခဲ့ဖူးသည်။
ရာနီရေရီ ထုတ်ပယ်ခံရမှုကြောင့် ဝေဖန် မှုများနှင့် ရင်ဆိုင်နေရသည့် ကစားသမားများကို မည်သို့ကိုင်တွယ်ရမည်ကို ရှိတ်စပီးယား ကောင်းစွာသိရှိနေခြင်းကလည်း ဘုတ်အဖွဲ့ဝင်များ ရှိတ်စပီးယားကို မျက်စိကျနေသည့် အဓိက အားသာချက်တစ်ခုဖြစ်နေသည်။ အလုပ်အမှုဆောင်ချုပ် ဆူဆန်ဝီလန်၊ ဘောလုံးဒါရိုက်တာ ဂျွန်ရက်ဒ်ကင်နှင့် ဘောလုံးစီမံခန့်ခွဲမှုဒါရိုက်တာ အန်ဒရူး နဗီးလ်တို့ သုံးဦးက နည်းပြသစ်အဖြစ် ပီယာဆန်၊ ဂူဟစ်ဒင့်နှင့် မန်စီနီတို့ အမည် စာရင်းကို အဆိုပြုထားပြီး အသင်းပိုင်ရှင် ဗီချိုင်း ဆရီဗက်ဟာနာပရာဟာက အပြီးသတ် ခန့်အပ်ရေးကို အတည်ပြု ဆုံးဖြတ်မည်ဖြစ်သည်။
ရက်ဒ်ကင်မှာ အသင်းပိုင်ရှင် ဆရီဗက် နှင့် အင်မတန်ရင်းနှီးသည့် ဆက်ဆံရေး ရှိသူဖြစ်ရာ နည်းပြသစ်ခန့်အပ်ရေး၏ အဓိက ဇာတ်ဆောင်တစ်ဦးအဖြစ် သူ၏စိတ်ကြိုက် ရွေးထုတ်ဖွယ်ရှိသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။
မေလဲ့သင်း

No comments:

Post a Comment