Wednesday, March 29, 2017

ခြောက်လတာ ပွဲပယ်ပြစ်ဒဏ်နဲ့အတူ လစာပါဖြတ်တောက်ခံရတော့မယ့် ကျင်


Image may contain: 4 people, people playing sport and outdoor
တရုတ်စူပါလိဂ်ရဲ့ အကျော်အမော် ကစားသမားတစ်ဦးဖြစ်တဲ့ ကျင်ဟာ ဘယ်လ်ဂျီယံစူပါစတား ဝီဆယ်လ်ကို ပင်နယ်တီဧရိယာအတွင်း ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့တဲ့အတွက် ဒိုင်ဖြစ်သူက တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်လိုက်ပါတယ်။ ဝီဆယ်လ်ဟာ ပွဲကစားချိန်နောက်ပိုင်းမှာ ဖရက်ဒီကို တံတောင်နဲ့တွက်ခဲ့ပေမယ့် ကံကောင်းလို့ ပြစ်ဒဏ်တစ်စုံတစ်ရာ ချမှတ်မခံရဘဲ ကွင်းထဲမှာ ဆက်ရှိခွင့်ရခဲ့ပါတယ်။
ကျင်ဟာ ပွဲကစားချိန်အတွင်း တိုက်ရိုက်အနီကတ်ပြသ ထုတ်ပယ်ခံလိုက်ရသလို ခြောက်လတာ ပွဲပယ်ပြစ်ဒဏ်လည်း ကျခံရဦးမှာဖြစ်တာကြောင့် သူ့ရဲ့ကလပ်အသင်း ရှန်ဟိုင်းရှန်ဟွာအသင်းက ရာသီကုန်အထိ လစာဖြတ်တောက်သွားမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒီလိုအဖြစ်အပျက်ဟာ မတ် ၁၁ ရက် တီယန်ကျင်းကွမ်းကျင်းနဲ့ ရှန်ဟိုင်းရှန်ဟွာအသင်းတို့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး ပြစ်ဒဏ်ကိုတော့ မတ် ၂၆ရက်ရောက်မှသာ တရုတ်ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။ တရုတ်ဘောလုံးအဖွဲ့ချုပ်က ကျင်ကို ပေါင် ၁၄ဝဝဝ ဒဏ်ရိုက်ခဲ့သလို ရှန်ဟိုင်းရှန်ဟွာအသင်းကလည်း ကလပ်အသင်းရဲ့ ဂုဏ်သိက္ခာကိုပါ သက်ရောက်မှုဖြစ်စေခဲ့တဲ့အတွက် ဝမ်းနည်းရကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ကျင်ကိုယ်တိုင်ကလည်း သူ့ရဲ့လုပ်ရပ်ကို ''အင်မတန်ကြမ်းတဲ့အပြုအမူ'' အဖြစ် အမည်တပ်ခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာ ဝီဘိုကတစ်ဆင့် တောင်းပန်လိုက်ပါတယ်။ ကျင်က သူ့ရဲ့အပြုအမူက ကလပ်အသင်းကို ဂုဏ်သိက္ခာ ကျဆင်းစေတဲ့အတွက် ကလပ်အသင်းက ချမှတ်တဲ့ ဘယ်လို ပြစ်ဒဏ်မျိုးကိုမဆို ခံယူဖို့အသင့်ပဲလို့လည်း ဆိုခဲ့ပြီးဖြစ်ပါတယ်။
ဒီသတင်းကို ထုတ်ပြန်လိုက်တဲ့ အေအက်ဖ်ပီသတင်းဌာနက ကျင်ရဲ့ လစာပမာဏဟာ ဘယ်လောက်ဖြစ်တယ်ဆိုတာ အတိအကျမဖော်ပြပေမယ့် ကျင်ရဲ့ တစ်နှစ်လစာဟာ ပေါင် ၅၈ဝဝဝဝ ဖြစ်တယ်လို့ တရုတ်မီဒီယာတွေက ဖော်ပြပါတယ်။ ဒါကြောင့် ကင်ရဲ့ တစ်နှစ်လုပ်ခလစာဟာ သူ့ရဲ့ အသင်းဖော်ဖြစ်တဲ့ ကမ္ဘာ့လုပ်ခလစာ အများဆုံးစံချိန်ရှင် ကာလို့စ်တိဗက်ရဲ့ တစ်ပတ်လုပ်ခလစာလောက်သာ ရရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
မေလဲ့သင်း - ရေးသားသည်

No comments:

Post a Comment