Friday, March 31, 2017

မြန်မာနိုင်ငံသည် စီးပွားရေးတိုးတက်မှုနှုန်း ဒုတိယအမြင့်ဆုံးနေရာတွင်ရှိနေ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နှစ်လတ်စီမံကိန်းအစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနားကျင်းပ

Image may contain: 5 people, people standing


နေပြည်တော် မတ် ၃ဝ

မြန်မာနိုင်ငံ၏ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ နှစ်လတ်စီမံကိန်းMedium Term Programme (MTP) အစီရင်ခံစာထုတ်ပြန်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Hilton ဟိုတယ်၌ ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြား သည်။
လုပ်ငန်းစဉ်တစ်ခုဖြစ်
ဒုတိယသမ္မတက ယနေ့အခမ်း အနားသည် မြန်မာနိုင်ငံအတွက် ကုန်သွယ်မှု ဘက်စုံလေ့လာဆန်းစစ်ခြင်း(Diagnostic Trade Integration Study-DTIS) အစီရင်ခံစာ၏ နောက် ဆက်တွဲလုပ်ငန်းစဉ်အဖြစ် ကမ္ဘာ့ဘဏ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ အပြီးသတ်ရေးဆွဲပြီး ဖြစ်သည့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ နှစ်လတ်စီမံကိန်းMedium Term Programme(MTP) အစီ ရင်ခံစာကို ထုတ်ပြန်သည့်အခမ်းအနားဖြစ်ပါကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့(WTO) က ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများ၏ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကုန်သွယ်မှု ဆိုင်ရာ အကူအညီပေးရေးအစီအစဉ် Enhanced Integrated Frame- work (EIF) လုပ်ငန်းစဉ်အောက်ရှိ လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်ပါကြောင်း။
ယနေ့ ကမ္ဘာ့စီးပွားရေးတိုးတက်မှု ကို ကမ္ဘာ့ဘဏ်က ၂ ဒသမ ၉ ရာခိုင်နှုန်း ခန့်မှန်းထားခဲ့သော်လည်း ယခုနောက်ဆုံး ၂ ဒသမ ၄ ရာခိုင်နှုန်းသို့ လျော့ကျလာပါ ကြောင်း၊ လျော့ကျလာရသည့်အကြောင်း အရင်းများမှာ ဖွံ့ဖြိုးပြီးနိုင်ငံကြီးများ၏ စီးပွားရေးနှေးကွေးလာမှု၊ ကုန်စည် ဈေးနှုန်းများကျဆင်းလာမှု၊ ကမ္ဘာလုံး ဆိုင်ရာ ကုန်သွယ်အားလျော့လာမှု၊ အဆင့်မြင့်စီးပွားရေးဈေးကွက်များတွင် ဝယ်လိုအားကျဆင်းလာမှု၊ အရင်းအနှီး စီးဆင်းမှုနှေးသွားမှု စသည့်အကြောင်း အရင်းများကြောင့် ဖြစ်ပါကြောင်း၊ တိုးတက်မှုနှေးကွေးသည့် စီးပွားရေး အခြေအနေနှင့် စီးပွားရေးမူဝါဒထိန်းညှိမှု ဆောင်ရွက်ချက်များကြောင့် ကမ္ဘာ့နိုင်ငံ များအနေဖြင့် ကမ္ဘာ့စီးပွားရေးဖွဲ့စည်း တည်ဆောက်မည့်ပုံစံကို ပြုပြင်ပြောင်းလဲ ရန်အရေးတကြီး လိုအပ်လာပါကြောင်း၊ ၂ဝ၁၇ ခုနှစ် World Economic Forumအစည်းအဝေးတွင် ကမ္ဘာလုံး ဆိုင်ရာ လုပ်ဆောင်ရမည့်အစီအစဉ်ကို ဖော်ထုတ်နိုင်ခဲ့ပါကြောင်း။
အလျင်အမြန်ပေါင်းစည်းရန်
အရေးကြီး
IMF ၏ ၂ဝ၁၆ ခုနှစ် ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံသည် စီးပွားရေး တိုးတက်မှုနှုန်း ဒုတိယအမြင့်ဆုံးနေရာတွင်ရှိနေပါကြောင်း၊ သို့သော်လည်း ကမ္ဘာ့စီးပွားရေး နှေးကွေးလာသည်နှင့် အမျှ အာရှဒေသတွင် စီးပွားရေးအင်အား ကြီးနိုင်ငံများ၏ စီးပွားရေးသည်လည်း နှေးကွေးလာခဲ့ပါကြောင်း၊ ယခုလိုအချိန် တွင် မိမိတို့နိုင်ငံသည် တစ်ကမ္ဘာလုံးနှင့် အလျင်အမြန် ပေါင်းစည်းရန်အရေးကြီး ပါကြောင်း၊ အထူးသဖြင့် ကုန်သွယ်မှု ကဏ္ဍတွင် ကမ္ဘာကြီးနှင့် မြန်မြန်ဆန်ဆန် ပေါင်းစည်းနိုင်ရန် အရေးကြီးလှ ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး မူဝါဒ(၁၂)ချက်ကို ချမှတ်ခဲ့ပြီးဖြစ်ပါ ကြောင်း၊ ချမှတ်ရာတွင် ရေရှည်တည်တံ့ သည့် ဖွံ့ဖြိုးမှုပန်းတိုင်များ(Sustain-able Development Goals- SDGs) ထဲမှ လူတိုင်းအတွက် သင့်တော်သည့် အလုပ်အကိုင်ရရှိစေပြီး အားလုံးပါဝင် ရေရှည်တည်တံ့မည့် စီးပွား ရေးတိုးတက်မှုမြှင့်တင်ရေး၊ ရေရှည် တည်တံ့သည့် စားသုံးမှု- ထုတ်လုပ်မှုပုံစံ များ အခိုင်အမာပေါ်ပေါက်လာရေး ဆိုသည့် ပန်းတိုင် (၂)ရပ်နှင့် ကိုက်ညီ အောင် ရေးဆွဲထားပါကြောင်း၊ Medi- um Term Programme သည် နောက်ငါးနှစ်အတွင်း ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍ၌ ထောက်ပံ့ရန် လိုအပ်နေသည့် ဦးစားပေးနယ်ပယ်ငါးခု တွင် ကုန်သွယ်ရေးဆိုင်ရာ နည်းပညာ အထောက်အပံ့များကို ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း။
ယနေ့ထုတ်ပြန်သည့် အစီရင်ခံစာပါ အချက်အလက်များ၊ လုပ်ငန်းစဉ်များ ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အကောင်အထည်ဖော်ရာတွင် WTO ၏ကုန်သွယ်မှုဆိုင်ရာအကူအညီပေးရေး အစီအစဉ် Enhanced Integrated Framework (EIF) လုပ်ငန်းစဉ်တွင် ပါဝင်သည့် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးရေး ဆိုင်ရာ စီမံကိန်းများဖော်ထုတ်ရေးဆွဲ ခြင်း၊ စီမံကိန်းအဆိုပြုလွှာများ တင်သွင်း ခြင်း၊WTO, EIF အတွင်းရေးမှူးရုံး၊ ဘဏ္ဍာရေးမှူးနှင့် သက်ဆိုင်ရာဖွံ့ဖြိုးမှု မိတ်ဖက်များမှ စီမံကိန်းအဆိုပြုလွှာ များအား ဆန်းစစ်ခြင်း၊ စီမံကိန်းများအား သဘောတူခွင့်ပြုခြင်း၊ စာချုပ်စာတမ်းများ နှင့် ဘဏ္ဍာငွေစီးဆင်းမှုများ စီမံဆောင် ရွက်ခြင်း၊ အတည်ပြုထားသည့် စီမံကိန်း များအကောင်အထည်ဖော်ခြင်း၊ စီမံကိန်း များ ချောမွေ့လျင်မြန်စေရန် ဆောင် ရွက်ခြင်း၊ စီမံခန့်ခွဲခြင်း၊ စောင့်ကြည့် အကဲဖြတ်ခြင်း စသည့် လုပ်ငန်းစဉ်များကို သေချာစွာ ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း။
ငွေကြေးအထောက်အပံ့များ
ပူးပေါင်းပါဝင်
ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်မည့် သက်ဆိုင်ရာဌာနများအလိုက် မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် များကို အောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရွက်သွားကြရန်နှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ အလှူ ရှင်များအနေဖြင့်လည်း လိုအပ်သည့် နည်းပညာဆိုင်ရာအကူအညီများနှင့် ငွေကြေးအထောက်အပံ့များကို ပူးပေါင်း ပါဝင်ပြီး ဆက်လက်ကူညီ ဆောင်ရွက် ပေးပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်က မိမိတို့ဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း၍ ၂ဝ၁၅ ခုနှစ်အတွင်း ကုန်သွယ် မှုဆိုင်ရာ ဘက်စုံလေ့လာဆန်းစစ်မှု Diagnostic Trade Integrated Study-DTIS အား ပထမဆုံးအကြိမ် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊Medium Term Programme သည် ကုန်သွယ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍစုံမှ နှစ်တို၊ နှစ်လတ်(၂ နှစ်၊ ၃ နှစ်၊ ၅ နှစ် အတွင်း) ဆောင်ရွက်ရမည့် လုပ်ငန်း အစီအစဉ် (Action Matrix)များကို တစ်ပေါင်းတစ်စည်းတည်း ဖော်ပြထား သည့် အစီရင်ခံစာဖြစ်ပါကြောင်း။
ဦးစားပေးကဏ္ဍ ရွေးချယ်ထား
နှစ်တို၊ နှစ်လတ်အတွင်း ဆောင်ရွက် ရမည့်လုပ်ငန်းအစီအစဉ်များကို ကုန် သွယ်မှု ဘက်စုံလေ့လာဆန်းစစ်ခြင်းပါအစီရင်ခံစာDiagnostic Trade Integration Study (DTIS) ပါ လုပ်ငန်းစဉ်အများစုကို ဆွဲယူထားပါ ကြောင်း၊ ထို့ပြင် အခြားလေ့လာ ဆန်းစစ်မှု အစီရင်ခံစာများဖြစ်သည့် အမျိုးသားပို့ကုန်ဆိုင်ရာ မဟာဗျူဟာ အစီရင်ခံစာများ၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အစီရင်ခံစာများ၊ ကုန်သွယ်မှုလျင်မြန်ချောမွေ့ရေးဆိုင်ရာ အစီရင်ခံစာများ၊ အာဆီယံကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ အစီရင်ခံစာ စသည့်စာတမ်းများမှ ဦးစားပေးကဏ္ဍများကို ရွေးထုတ်ထားပါကြောင်း၊ ရှေ့ဆက်ဆောင်ရွက်မည့် မဏ္ဍိုင်ကြီး ငါးခု၊ လုပ်ငန်းစဉ်အတွဲ ၂၃ ခုနှင့် ဦးစားပေး လုပ်ငန်း ၁၈ဝ ကျော်တို့ကို ဦးစားပေး ကဏ္ဍအနေဖြင့် ရွေးချယ်ထားခြင်း ဖြစ်ပါကြောင်း။
မဏ္ဍိုင်ကြီးငါးခုမှာ ကုန်သွယ်မှုမူဝါဒ နှင့် အဖွဲ့အစည်းများ၊ ကုန်သွယ်မှုလွယ်ကူ စေရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး၊ အရည်အသွေး မြင့် အခြေခံအဆောက်အအုံနှင့် စံချိန် စံညွှန်းများ၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန်အမျိုးမျိုး ထုတ်လုပ်ရေးတို့ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
နှုတ်ခွန်းဆက်
အမှာစကားပြော
ယင်းနောက် ဥရောပသမဂ္ဂ သံအမတ်ကြီး H.E.Roland Kobiaနှင့် ကမ္ဘာ့ဘဏ်မှ Country Manager, Mr. Abdoulaye Seck တို့က နှုတ်ခွန်းဆက်အမှာစကား ပြောကြားကြသည်။
အဆိုပါ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်မှ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ များမှ စီးပွားရေးရာဝန်ကြီးများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ကမ္ဘာ့ ဘဏ်မှ ဧည့်သည်တော်များ၊UMFCCI မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ (သတင်းစဉ်)

No comments:

Post a Comment