Friday, March 31, 2017

အာရှ ယူ-၁၉ ဘော်လီဘောပြိုင်ပွဲ မြန်မာအသင်း အုပ်စုပထမရရှိ



နေပြည်တော် မတ် ၃ဝ
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက် ရှိသည့် ၂ဝ၁၇ အာရှ ယူ-၁၉ ဘော်လီဘောပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ပွဲစဉ်များကို ယနေ့နံနက်ပိုင်းမှစ၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ ကျင်းပရာ မြန်မာအသင်းသည် သြစတြေးလျအသင်းကို အနိုင်ယူပြီး အုပ်စုပထမနေရာရရှိခဲ့သည်။
အုပ်စု(က)ပွဲစဉ်များတွင် နိုင်ပွဲကိုယ်စီရထားသည့် အိမ်ရှင်မြန်မာနှင့် သြစတြေးလျအသင်းတို့သည် ပထမနေရာအတွက် ယှဉ်ပြိုင်ခဲ့ရပြီး မြန်မာအသင်းက သုံးပွဲ-တစ်ပွဲဖြင့် အနိုင်ရကာ ပထမနေရာရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာနှင့် သြစတြေးလျတို့ပွဲမှာ ပထမပွဲငယ်နှင့် ဒုတိယပွဲငယ်တို့တွင် (၂၅-၂၃)မှတ်စီဖြင့် အပြန်အလှန်ရလဒ်ထွက်ပေါ်ခဲ့သောကြောင့် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပြီး မြန်မာ အသင်းက တတိယပွဲငယ်တွင် (၂၅-၁၆) မှတ်၊ စတုတ္ထပွဲငယ်တွင် (၂၅-၂၂) မှတ်ဖြင့် အနိုင်ရခဲ့သည်။ အုပ်စုပွဲစဉ်များအပြီးတွင် အုပ်စု(က)မှ မြန်မာနှင့် သြစတြေးလျ၊ အုပ်စု (ခ)မှ တောင်ကိုရီးယားနှင့် အီရန်၊ အုပ်စု (ဂ) မှ ဂျပန်နှင့် ထိုင်း၊ အုပ်စု (ဃ)မှ တရုတ်နှင့် တရုတ် (တိုင်ပေ)အသင်းတို့ ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့သည်။ ယင်းအသင်းများသည် ကွာတားဖိုင်နယ်တွင် တွေ့ဆုံမည့်အသင်းများအတွက် ဒုတိယအဆင့် အုပ်စုပွဲစဉ်များ ကစားရမည်ဖြစ်ပြီး အုပ်စု (က) မှအသင်းများမှာ အုပ်စု (ဂ) အသင်းများ၊ အုပ်စု (ခ) မှ အသင်းများမှာ အုပ်စု (ဃ)မှ အသင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မတ် ၃၁ ရက်တွင် ပြိုင်ပွဲများရပ်နားမည်ဖြစ်ပြီး ဒုတိယအဆင့် အုပ်စုပွဲများကို ဧပြီ ၁ ရက်၊ ၂ ရက်တွင် ကျင်းပမည်ဖြစ်သည်။ ကွာတားဖိုင်နယ်ပွဲစဉ်များကို ဧပြီ ၃ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဒုတိယအဆင့်ပွဲစဉ်များ ပြီးဆုံးမှသာ ထွက်ပေါ်လာမည်ဖြစ်သည်။
သတင်း-ရဲရင့်ရှိုင်း၊ဓာတ်ပုံ-ကိုကိုစိုးညွန့်

No comments:

Post a Comment