Wednesday, March 1, 2017

အလားအလာကောင်းသည့် မြန်မာ့ခရီးသွားလုပ်ငန်း

မြန်မာ့အလင်း အယ်ဒီတာအာဘော်

ပထမအကြိမ် တရုတ်-မြန်မာ ခရီးသွားပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို နေပြည်တော်၌ ကျင်းပမည်ဖြစ်သည်။ ထိုဖိုရမ်အား 'ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ခြင်း မြန်မာ-တရုတ် နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ပြည့်စုံကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှု တွန်းအားသစ်' ခေါင်းစဉ်ဖြင့် မတ်လ ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် ကျင်းပမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက အကြိုသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
ထိုဖိုရမ်တွင် နှစ်ဖက်အလားအလာများကို ဆွေးနွေးမည်ဖြစ်ပြီး ဖြစ်နိုင် ခြေရှိသော အလားအလာများပေါ်တွင် အခြေခံ၍ ခရီးသွားလုပ်ငန်းစီစဉ်သူများ နှင့် လာရောက်လည်ပတ်မည့် ခရီးသွားများ၊ ၄င်းတို့ဘက်မှ ကုမ္ပဏီများနှင့် အပြန်အလှန်ညှိနှိုင်း၍ မြန်မာ-တရုတ် ခရီးစဉ်များအပြန်အလှန် ရောင်းဝယ်ကြ မည်ဖြစ်သည်။ တရုတ်ပြည်ဘက်မှလည်း မြန်မာဘက်မှ သတင်းစကားများ ကို သယ်ဆောင်၍ မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ဖို့ တိုက်တွန်းခြင်းနှင့် ဈေးကွက်မြှင့်တင်ခြင်း စသည်တို့ လုပ်ဆောင်သွားမည်ဖြစ်သည်။
လက်ရှိ က္ဘာတွင် ခရီးအသွားဆုံး လူမျိုးမှာ တရုတ်လူမျိုးဖြစ်ပြီး ပြီးခဲ့ သည့်နှစ်က တရုတ်မှ နိုင်ငံခြားသို့ ခရီးသွား သန်း ၁ဝဝ ခန့် ရှိခဲ့သည်ဟု ဆိုသည်။ ထိုအထဲတွင် သန်း ၄ဝ လောက်မှာ အာဆီယံနိုင်ငံများသို့ သွားရောက် လည်ပတ်ကြသူများဖြစ်ပြီး ထိုအထဲမှ ထိုင်းနိုင်ငံတစ်ခုတည်းသို့ လာရောက် လည်ပတ်သူ တရုတ်နိုင်ငံသား ၁ဝ သန်းခန့် ရှိသည်။ ထိုင်းနိုင်ငံသို့ ၂ဝ၁၅ ခုနှစ်က နိုင်ငံခြားသား စုစုပေါင်း သန်း ၃ဝ ခန့် ဝင်ရောက်ခဲ့ပြီး ဝင်ငွေဒေါ်လာ ၄၄ ဒသမ ၆ ဘီလီယံရရှိခဲ့သည်ဟု သိရသည်။ မြန်မာနိုင်ငံ၏ စာရင်းများအရ ၂ဝ၁၅ ခုနှစ်က ကမ္ဘာလှည့်ခရီးသွား ၄ ဒသမ ၆၈ သန်း ဝင်ရောက်ခဲ့ပြီး ဒေါ်လာ ၂ ဒသမ ၁၂ ဘီလီယံ ရရှိခဲ့သည်ဟု ဆိုသည်။ သို့သော် ၄င်းကမ္ဘာလှည့် စာရင်းမှာ နယ်စပ်ဖြတ်ကျော်သွားလာသည့် လူဦးရေများ ပါဝင်နေခြင်းဖြစ်ပြီး ၂ဝ၁၆ ခုနှစ်အတွင်း နိုင်ငံကူးလက်မှတ်ဖြင့် တရားဝင်လာရောက်သော ကမ္ဘာ လှည့်ခရီးသည်မှာ ၂ ဒသမ ၉ သန်းသာ ရှိသည်ဟု ဆိုပါသည်။
ကမ္ဘာလှည့်ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှာ ကမ္ဘာတွင် မီးခိုးမထွက်သည့် စက်ရုံအဖြစ် တင်စားခေါ်ဝေါ်ကြပြီး နိုင်ငံအများအပြားမှ အပြိုင်အဆိုင် ဆွဲဆောင်ကြိုးပမ်းကြသော လုပ်ငန်းလည်းဖြစ်ပါသည်။ အစိုးရသစ် ပြောင်းလဲ လာပြီးသည့်နောက်ပိုင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာမည်ဟု ခန့်မှန်းမှုများ ရှိခဲ့သော်လည်း သိသိသာသာ တိုးပွားခြင်းမရှိသည်ကို တွေ့ရပေသည်။ မြန်မာ နိုင်ငံ၌ ရေမြေသဘာဝ၊ လူမျိုးစုံလင်ကွဲပြားမှု၊ ယဉ်ကျေးမှု၊အမွေအနှစ် စသဖြင့် စိတ်ဝင်စားဖွယ် စုံလင်စွာရှိသော်လည်း အခြေခံအဆောက်အအုံ အားနည်းချက်များ၊ ခေတ်မီငွေပေးချေစနစ်၊ ဟိုတယ်ခန်းငှားရမ်းခဈေးနှုန်း မြင့်မားနေခြင်း၊ အစားအစာလုံခြုံမှုအဆင့် လိုအပ်နေသေးခြင်း စသော အချက်များက အတားအဆီးသဖွယ်ဖြစ်နေသည်။ ထို့အပြင် ပြည်တွင်း နိုင်ငံရေးတည်ငြိမ်မှုကလည်း ခရီးသွားများ ထည့်သွင်းတွက်ချက်တတ်သည့် ကိစ္စတစ်ခု ဖြစ်ပါသည်။
အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ၌ ခရီးသွား လုပ်ငန်းမှ ဝင်ငွေဒေါ်လာ ၃ ဘီလီယံကျော်ရရှိခဲ့သည်ဟု သိရသည်။ ယင်းမှာ တိုင်းပြည်ဝင်ငွေ၏ ၁၃ ရာခိုင်နှုန်း ရှိသည်ဟုဆိုသည်။ ကမ္ဘောဒီးယား၌ ဟိုတယ်နှင့် တည်းခိုခန်း စုစုပေါင်း ခြောက်သောင်းကျော်ရှိပြီး အန်းကောဝပ် နယ်မြေတစ်ခုတည်း၌ ခရီးသည် ၂ ဒသမ ၂ သန်း လာရောက်ခဲ့သည်ဟု ဆိုသည်။ မြန်မာနိုင်ငံ၌ ဟိုတယ် ၁၃၆၁ လုံးနှင့် ဟိုတယ်ခန်း ၅၃ဝဝဝ ကျော် ရှိနေသည်။ ခရီးသွားကုမ္ပဏီ ၂၁၉၆ ခုအထိ ရှိနေသည်ဟု သိရသည်။
အစိုးရသစ်လက်ထက်တွင် ရက် ၁ဝဝ စီမံချက်နှင့်အတူ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ဝင်ပေါက်များမှ လွယ်ကူလျင်မြန်စွာ ဝင်ရောက်နိုင်ရေးအတွက် ဗီဇာဖြေလျှော့ရေး၊ နယ်စပ် ဝင်ပေါက်များ တိုးချဲ့ဖွင့်လှစ်ရေးတို့ကို ဆောင်ရွက်ခဲ့သည်ကိုလည်း တွေ့ရ သည်။ မြန်မာနိုင်ငံ၌ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း(Ecotourism) သည် အလားအလာကောင်းသည်ဟု သိရသည်။ ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်၊ ဖုန်ကန်ရာဇီဘေးမဲ့တော၊ ဟူးကောင်းချိုင့်ဝှမ်းဘေးမဲ့တော၊ ပုပ္ပား တောင်ဘေးမဲ့တောဥယျာဉ်၊ နတ်မတောင်အမျိုးသားဥယျာဉ်၊ မိုးယွန်းကြီး အင်း ဘေးမဲ့တော၊ မိန်းမလှကျွန်းဘေးမဲ့တော၊ လန်ပိကျွန်းအ္ဏဝါ အမျိုးသားဥယျာဉ် စသည်တို့ အပါအဝင် သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖော်ဆောင်လျက်ရှိသော ခရီးသွားစခန်း ၂၁ ခုရှိသည်ဟု သိရသည်။
ခရီးသွားလုပ်ငန်းသည် သဘာဝအရင်းအမြစ်များကို ထုတ်ယူသုံးစွဲခြင်း မရှိဘဲ ယင်းမှရရှိသော ဝင်ငွေသည် လူ့အလွှာပေါင်းစုံသို့စီးဝင်သက်ရောက်မှု ရှိစေသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ နိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းတွင် အလုပ်အကိုင်အများဆုံး ဖန်တီးပေးနိုင်မည့်လုပ်ငန်း ကြီးတစ်ခုဖြစ်သည့်အပြင် ဆင်းရဲမွဲတေမှုကိုလည်း လျှော့ချတိုက်ဖျက်နိုင်မည် ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရ၏ စနစ်တကျ စီမံခန့်ခွဲမှုများဖြင့်သာ ကြီးထွားတိုးတက်လာမည်ဖြစ်ပါကြောင်း တင်ပြရပါသည်။ ။

No comments:

Post a Comment