Friday, March 31, 2017

မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၂)၏ တံတားဆက်ပွဲ၊ မုဒုံ-မြဝတီလမ်းနှင့် အိန္ဒု-ဇာသပြင်လမ်း ကတ္တရာ ကွန်ကရစ်လမ်းသစ်များဖွင့်

Image may contain: 9 people, people standing

နေပြည်တော် မတ် ၃ဝ 

နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ထိုင်းနိုင်ငံအစိုးရတို့အကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းတည်ဆောက်ပြီးစီးသည့် မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားအမှတ်(၂)၏ Bridge Closure Ceremony (တံတားဆက်ပွဲ) အခမ်း အနားကို မတ် ၃ဝ ရက် နံနက် ၉ နာရီက အဆိုပါတံတားပေါ်ရှိ ယာယီမဏ္ဍပ်၌ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ၊ ထိုင်းနိုင်ငံ ပို့ဆောင်ရေး ဝန်ကြီး ဒေါက်တာ အာခွန်းသံပိတရာပိစစ်၊ နှစ်နိုင်ငံမှ ဧည့်သည်တော်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသခံပြည်သူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
အခမ်းအနားကို နှစ်နိုင်ငံရိုးရာအကများဖြင့် ဖွင့်လှစ်ပေးပြီး ထိုင်းနိုင်ငံဘက်မှ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် မစ္စတာထားနင်းစွန်ဘွန်းက တံတားတည်ဆောက် မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ထိုင်းနိုင်ငံပို့ဆောင်ရေး ဝန်ကြီး ဒေါက်တာ အာခွန်းသံပိတရာပိစစ်က နှုတ်ခွန်းဆက်စကားပြောကြား သည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကား ပြောကြားရာတွင် အဆိုပါတံတားသည် ဗီယက်နမ်-လာအို-ထိုင်း-မြန်မာတို့ ဆက်သွယ်ပေးသော အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးပေါ်တွင် တည်ရှိပြီး နှစ်နိုင်ငံဆက်သွယ်ရေးအတွက် အဓိကကျသော တံတားကြီးဖြစ်ပါကြောင်း၊ ပင်မတံတား အရှည် မီတာ ၂၇ဝ ယာဉ်သွားလမ်းအကျယ် ၁၇ မီတာနှင့် လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၁ ဒသမ ၅ မီတာရှိသော လေးလမ်းသွားတံတားဖြစ်ပြီး တံတား၏ ချဉ်းကပ်တံတားအရှည်မှာ မြန်မာဘက်ခြမ်းတွင် မီတာ ၁၁ဝ၊ ထိုင်းဘက်ခြမ်း တွင် မီတာ ၃၈ဝ စုစုပေါင်း မီတာ ၄၉ဝ ဖြစ်ပါကြောင်း၊ တံတားစီမံကိန်းတန်ဖိုးမှာ ထိုင်းဘတ် သန်း ၃၉ဝဝ ဖြစ်ပြီး ထိုင်းနိုင်ငံအစိုးရအကူအညီဖြင့် တည်ဆောက်ပြီးစီးခဲ့ပါကြောင်း၊ မြန်မာဘက်ကမ်းရှိ ကျန်ရှိနေသောချဉ်းကပ်လမ်းTraffic Change Over နှင့် Border Control Facilities (BCF) အဆောက်အအုံများကိုလည်း ထိုင်းနိုင်ငံ ဘက်မှ ဆက်လက်ဆောက်လုပ်ပေးမည်ဖြစ်သည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ တံတားကြီးဖွင့်လှစ်လိုက်သည့်အတွက် မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား ကုန်စည်စီးဆင်း မှုများ ပိုမိုလျင်မြန်ချောမွေ့လာခြင်း၊ ကုန်သွယ်မှုပမာဏများလည်း မြင့်မားတိုးတက် လာစေခြင်း၊ နှစ်နိုင်ငံရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ သိရှိနိုင်ခြင်း၊ ခရီးသွားလုပ်ငန်း များ ချဲ့ထွင်လာနိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုများတိုးတက်လာခြင်းနှင့် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုပိုမိုခိုင်မြဲလာစေခြင်းစသည့် အကျိုးတရားများရရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)၏ (တံတား ဆက်ပွဲ) ကို ထိုင်းနိုင်ငံဘက်မှ ပို့ဆောင်ရေးဝန်ကြီး ဒေါက်တာ အာခွန်းသံပိတရာပိစစ်နှင့် တာဝန်ရှိသူများက လည်းကောင်း၊ မြန်မာဘက်မှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက တံတားကို ဆက်ပေးသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်အတူ နှစ်နိုင်ငံဝန်ကြီး များ ၊ ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များ၊ ဌာနဆိုင်ရာပုဂ္ဂိုလ်များနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး တံတားဆက်ပွဲအထိမ်းအမှတ်အဖြစ် အမှတ်တရ လက်ဆောင်များ အပြန်အလှန်ပေးအပ်ကြသည်။
ဆက်လက်၍ ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့နယ်အတွင်းရှိ မုဒုံ-မြဝတီလမ်း (မြဝတီမြို့တွင်းအပိုင်း) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို နံနက် ၁ဝ နာရီတွင် အဆိုပါလမ်းရှိ မဏ္ဍပ်၌ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမှာစကား ပြောကြားသည်။
ထို့နောက် ကတ္တရာကွန်ကရစ်လမ်းသစ်ကို ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ် ဘားအံခရိုင် ဘားအံမြို့နယ်အတွင်းရှိ အိန္ဒု-ဇာသပြင်လမ်းဖွင့်ပွဲ အခမ်းအနားကို မွန်းလွဲ ၂ နာရီတွင် အဆိုပါလမ်းရှိ မုခ်ဦး၌ ကျင်းပ ရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကားပြောကြားသည်။
အိန္ဒု - ဇာသပြင်လမ်းအား ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရ အဖွဲ့မှ တာဝန်ရှိသူများနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ ကတ္တရာကွန်ကရစ် လမ်းပေါ်မှ ဖြတ်သန်းကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment