Wednesday, February 1, 2017

ငလျင်ဘေးအန္တရာယ်အခြေအနေ အရေးပေါ်တုံ့ပြန်နိုင်ရန် ဇာတ်တိုက်လေ့ကျင့်ခြင်း အစီအစဉ် လှိုင်သာယာ အထက (၂) တွင် ပြုလုပ်



Image may contain: 1 person, sitting and outdoor
ရန်ကုန် ဇန်နဝါရီ ၃၁
စာသင်ကျောင်းများ ဘေးကင်းလုံခြုံရေး အစီအစဉ်အရ ဘေးအန္တရာယ်ကြုံတွေ့ပါက အရေးပေါ်အခြေအနေ တုံ့ပြန်နိုင်ရန်နှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများ လျော့ပါးသက်သာစေရန် ဆောင်ရွက်လျက်ရှိရာ ငလျင်ဘေး အန္တရာယ်နှင့်ပတ်သက်၍ သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့် ခြင်းအစီအစဉ်ကို ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း အမှတ်(၂)၌ ဇန်နဝါရီ ၂၇ ရက်က ကျင်းပခဲ့သည်။
အဆိုပါ အစီအစဉ် ဆောင်ရွက်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ စာသင်ကျောင်းများ ဘေးကင်း လုံခြုံစေရန်နှင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ပါးသက်သာစေရန်၊ ဘေးမဖြစ်မီ၊ ဖြစ်နေစဉ်၊ ဖြစ်ပြီးချိန်များတွင် လုပ်ဆောင်ရမည့်အစီအစဉ်များကို တစ်ဦးချင်း၊ အတန်းအလိုက်၊ တစ်ကျောင်းလုံး စနစ် တကျလုပ်ဆောင်လာတတ်စေရန် အစမ်းဇာတ်တိုက် လေ့ကျင့်ခန်း ပြုလုပ်ခြင်းမှတစ်ဆင့် မိမိတို့ကျောင်းတွင်းရှိ ထိခိုက်လွယ်သော အုပ်စုများကို ထည့်သွင်းစဉ်းစားလာပြီး ဦးစားပေးလုပ်ဆောင်ရန်အဆင့်များတွင် ထည့်သွင်းထားရှိရန်၊ ကျောင်း၏ ဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်း စဉ်များအား သုံးသပ်ခြင်း၊ အကဲဖြတ်ခြင်းများ တိုးမြှင့် လုပ်ဆောင်နိုင်ရန်၊ သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံး နိုင်ခြေလျှော့ချရေးနှင့်ပတ်သက်ပြီး ကျောင်းသား ကျောင်းသူများ စိတ်ပါဝင်စားမှုနှင့် ပူးပေါင်းပါဝင်မှု ပိုမို အားကောင်းလာစေရန်၊ ဘေးအန္တရာယ်ကြိုတင်သတိပေး စနစ်များ၊ ခိုလှုံရန်အစီအစဉ်များ၊ တုံ့ပြန်နိုင်မှုများကို လက်တွေ့နားလည်ဆောင်ရွက်လာစေနိုင်ရန်၊ ကျောင်းသား ကျောင်းသူများအတွက် ဘေးကင်းလုံခြုံမှုဆိုင်ရာ အလေ့အကျင့်ကောင်းများ မြှင့်တင်ပေးရန်တို့အတွက် ကျင်းပခြင်းဖြစ်ပြီး စီမံချက်အလိုက် စာသင်ကျောင်းများတွင် ဇာတ်တိုက်လေ့ကျင့်ခြင်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများနှင့် သင်တန်းများပေးခြင်း၊ စာသင်ကျောင်းများ ဘေးကင်းလုံခြုံရေး အထောက်အကူပစ္စည်းများ ထောက်ပံ့ခြင်း (ရှေးဦးပြုစုရေးသေတ္တာ၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် ကြိုတင်သတိပေးရေး အထောက်အကူပြုပစ္စည်းများ)၊ မီးသတ်ဆေးဘူး၊ လေ့ကျင့် ခန်းစာအုပ်နှင့် Halmet များ ဖြန့်ဝေပေးခြင်းတို့ကိုလည်း လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
''ငလျင်ဘေးအန္တရာယ် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းကို ရန်ကုန်မှာ ပထမဆုံးအကြိမ် ပြုလုပ်တာဖြစ်ပါတယ်။ ကလေးတွေရဲ့ အချိန်အများစုက စာသင်ကျောင်းမှာ ဖြစ်ကြတဲ့အတွက် စာသင်ကျောင်းတွေ ဘေးကင်းလုံခြုံရေး က အဓိကကျပါတယ်။ ဘယ်လိုဘေးအန္တရာယ်တွေ ကြုံတွေ့ရနိုင်လဲ၊ ဘေးအန္တရာယ်ကြုံနေချိန်မှာ ဘယ်လိုလုပ်မလဲ ဒါတွေကို သင်တန်းတွေ၊ အသိပညာပေးတာတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေလုပ်ပြီး ဆောင်ရွက်နေပါတယ်။ ကျောင်းရဲ့ ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီမှာဆိုလည်း ဆရာ ဆရာမတွေအပြင် ကလေးတွေကိုပါ ပါဝင်ဖွဲ့စည်း ထားပြီးတော့ အရေးပေါ်ကြုံတွေ့တဲ့အခါ ဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။ အခု လှိုင်သာယာ အထက (၂) မှာ ငလျင်ဘေးနဲ့ပတ်သက်လို့ ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်း အစီအစဉ်ပြီးရင် ကျန်တဲ့မြို့နယ်တွေမှာလည်း ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုတွေ လုပ်သွားပေးဖို့ရှိပါတယ်'' ဟု Plan International Myanmar မှ စီမံကိန်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့် ခြင်းအစီအစဉ် ဆောင်ရွက်သည့် လှိုင်သာယာ အထက (၂) တွင် ကျောင်းသား ၁၅၇၉ ဦး၊ ကျောင်းသူ ၁၇၄၃ ဦး၊ ဆရာ ၁၂ ဦး၊ ဆရာမ ၉၅ ဦး စုစုပေါင်း ၃၄၂၉ ဦးရှိပြီး ဇန်နဝါရီ ၂၇ ရက်တွင် ပြုလုပ်သည့် ဇာတ်တိုက်လေ့ကျင့်ခြင်း အစီအစဉ်ကို Plan International Myanmar အဖွဲ့ကြီး နှင့်အတူ သက်ဆိုင်ရာ၊ ဌာနဆိုင်ရာအသီးသီးတို့က ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။ ဘေးကင်းလုံခြုံသည့် စာသင်ကျောင်းများစီမံချက် အကောင်အထည်ဖော်လျက် ရှိရာတွင် Plan International Myanmar အဖွဲ့အစည်းက ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မီးသတ်ဦးစီး ဌာန စသည့်ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်သည့် အစီအစဉ်တစ်ရပ်ဖြစ်ကြောင်း သိရသည်။
သတင်း-ဝဝ၁၊ ဓာတ်ပုံ - ခင်မောင်ဝင်း (ကြေးမုံ)

No comments:

Post a Comment