Thursday, February 2, 2017

ပုဇွန်တောင်မြို့နယ် (၅၂)လမ်း(အထက်)၌ နေ့ဈေးတန်းနှင့် ညဈေးတန်း ဖွင့်လှစ်တော့မည်



Image may contain: 3 people
ရန်ကုန် ဖေဖော်ဝါရီ ၁
ရန်ကုန်အရှေ့ပိုင်းခရိုင် ပုဇွန်တောင်မြို့နယ် အမှတ်(၁ဝ) ရပ်ကွက် (၅၂)လမ်း(အထက်)နေရာ၌ နေ့ဈေးတန်းနှင့် ညဈေးတန်း ဖွင့်လှစ်နိုင်ရေးနှင့်ပတ်သက်ပြီး မည်ကဲ့သို့ စီမံဆောင်ရွက်ပေးထားခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များအား မြန်မာ့သတင်းစဉ် သတင်းအဖွဲ့က သွားရောက်တွေ့ဆုံမေးမြန်းခဲ့မှုကို ဖော်ပြလိုက်ပါသည်။
ဦးမြင့်လွင်(ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ပုဇွန်တောင်မြို့နယ် (၅၂)လမ်း(အထက်)က အရင်တုန်းက ကျူးကျော်တွေ၊ ကားဟောင်းတွေရှိတယ်။ ရဲစခန်းလည်းရှိတယ်။ အဲဒီမှာ ခြောက်မြို့နယ် ပိုင်းလော့စီမံချက်နဲ့ မြို့ကိုသန့်ရှင်းရေးလုပ်မယ်ဆိုပြီး မြို့တော်ဝန်က ဆုံးဖြတ်လိုက်တယ်။ အဲဒီအထဲမှာ ပုဇွန်တောင်မြို့နယ်လည်း ပါသွားတယ်။ မြို့တော်ဝန်က သတ်မှတ်လိုက်တော့ ဒီလမ်းလေးက အဆင်ပြေတယ်။ လမ်းကြီးက အကျယ်ကြီးဖြစ်နေတယ်။ အကျယ်ကြီးဖြစ်နေတော့ ညဈေးတန်းလုပ်လိုက်ရင် အဆင်ပြေမယ်။ အလုပ်အကိုင် ဖန်တီးမယ်။ စည်ကားသွားမယ်။ ညတိုင်း လမ်းလျှောက်စရာ နေရာလေးတစ်နေရာ ရသွားမယ်လို့ စဉ်းစားမိတော့ မြို့တော်ဝန် ဦးမောင်မောင်စိုးကို တွေ့ဆုံပြီး (၅၂) လမ်းကို ညဈေး လုပ်ပေးဖို့ မြို့တော်ဝန်ကို အဆိုပြုတင်ပြပါတယ်။ မြို့တော်ဝန်က လမ်းကိုပြင်ပေးမယ်။ ဓာတ်တိုင် တွေစိုက်ပေးမယ်။ ရေလွှတ်ပေးမယ်၊ နောက်တစ်ခါ အိမ်သာပါလုပ်ပေးမယ် လို့ပြောပါတယ်။ အဲဒီကစပြီး ဒီလို အခင်းအကျင်းတွေနဲ့ အခုလို ဖြစ်သွားတယ်။ ပုဇွန်တောင်မြို့နယ်အတွင်း နေထိုင်သူတွေကလည်း သဘောကျကြပါတယ်။ ဒီလိုမြို့လယ်ကောင်ကြီးမှာ ဒီလိုရှုပ်ထွေးပြီး အသုံးမဲ့ဖြစ်နေတာကနေ အသုံးဝင်အောင်လုပ်လိုက်တဲ့အတွက် ဝမ်းသာနေကြတယ်။ ဈေးတန်းဖွင့်ဖို့ ဒီရက်ပိုင်းအတွင်း မှန်းထားပါတယ်။ မြို့ဖွံ့ဖြိုးရေးကိစ္စ လည်းလုပ်နေရတယ်။ ဆိုင်ခန်း ၁၈ဝ လောက် ယေဘုယျမှန်းထားပါတယ်။ စင်ကာပူ သံအမတ်ကြီးကလည်း ကူညီမယ်လို့ပြောတယ်။ ဆိုင်တွေက နံနက် ၆ နာရီကနေ နံနက် ၁၁ နာရီထိ၊ ညနေ ၃ နာရီကနေ ည ၁၁ နာရီအထိအဆိုင်း နှစ်ဆိုင်းသွားမယ်။ ပေးသင့်တဲ့ အခွန်အခတွေပေးရမယ်။ ဘယ်လိုစီမံခန့်ခွဲမလဲဆိုတော့ ရန်ကုန်မြို့တော် စည်ပင်သာယာဈေးများဌာနကနေ ပညာယူပြီးလုပ်ပါမယ်။ အစားအသောက်ချည်း သီးသန့်မလုပ်ဘူး၊ ကုန်စိမ်းလည်းပါမယ်။ နံနက်ခင်းဆို ကုန်စိမ်း၊ သားငါးပါမယ်။ ညနေဆိုရင် အစားအသောက် လည်းပါမယ်။ နှစ်ခုတောင်ဖြစ်ပါမယ်။ ဈေးကိုစည်ကားစေချင်ပါတယ်။
ဦးခင်မောင်ဝင်း
ပုဇွန်တောင်မြို့နယ်မဲဆန္ဒနယ် အမှတ်(၁)ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်

ဒီ(၅၂)လမ်းက ညဈေးတင်မကဘူး နံနက်ဈေးတန်းလည်းရှိတယ်။ နံနက်ကိုတော့ ဟင်းသီးဟင်းရွက်၊ သားငါး ရောင်းမယ့်ဈေးသည်တွေကို ရောင်းချခွင့်ပေးပါမယ်။ ဘာကြောင့်လဲဆိုတော့ မြို့နယ်အချို့မှာ လမ်းသူလမ်းသားတွေနဲ့ ဈေးသည်တွေ အဆင်မပြေတာ တွေရှိတယ်။ အဲဒီဈေးသည်တွေကို နေရာပေးပြီး သူတို့လည်းရောင်း၊ ရပ်ကွက်ပြည်သူတွေလည်းအဆင်ပြေအောင် ဒီနေရာမှာ လာရောင်းရင် အားလုံးအဆင်ပြေသွားမယ်။ဘယ်လိုစီစဉ်လဲဆိုတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကိုလည်း ရပ်ကွက်လမ်းမတန်းက ဈေးသည်တွေ၊ ဗိုလ်တထောင်ဘုရားလမ်းတို့ ဗိုလ်မြတ်ထွန်းလမ်းတို့မှာရှိတဲ့ ဈေးသည်တွေကို စာရင်းကောက်စေတယ်။ စာရင်းကောက်ပြီး စည်ပင်သာယာ လည်းစာရင်းယူတယ်။ လွှတ်တော် ကိုယ်စားလှယ်ရုံးအဖွဲ့နဲ့ ပူးပေါင်းပြီးစာရင်းကောက်ယူပြီးတကယ်ဈေး ရောင်းမယ့်သူတွေကို မဲစနစ်နဲ့ နေရာချထားပေးဖို့ စီစဉ်ထားပါတယ်။
ဦးတင့်လွင်
ပုဇွန်တောင်မြို့နယ်မဲဆန္ဒနယ် အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်

ဈေးအကျယ်အဝန်းကိုတော့ အတိအကျ မပြောနိုင်သေးပါဘူး။ဈေးတန်းကိုတော့ အမှတ်မထင် ဒီနေရာကိုတွေ့ လိုက်ရတာ။ပုဇွန်တောင်မြို့နယ်က သန့်ရှင်းရေးမှာ ပိုင်းလော့စီမံကိန်း အနေနဲ့ နောက်ဖေးလမ်းကြားသန့်ရှင်းတယ်။ ပြည်သူတွေနဲ့ လွှတ်တော်ကိုယ် စားလှယ်တွေနဲ့ ညှိတဲ့အခါ လမ်းပိတ်ဆို့မှု ပြဿနာ၊ လမ်းဘေးဈေးရောင်း ပြဿနာတွေတွေ့ရတယ်။ တချို့လမ်းတွေမှာ နံနက်ပိုင်းဈေးသည်တွေ လာရောက် ရောင်းချတယ်။ ကားတွေ အဝင်အထွက် အခက်အခဲဖြစ်တယ်။ အဲဒါတွေတင်ပြတယ်။ညဈေးတန်း စီမံကိန်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေ တိုင်ပင်ပြီးတော့ ဒီနေရာကိုရွေး ပြီးဈေးသည်တွေအတွက် ဈေးရောင်းဖို့ နေရာရှာပေးတာပါ။ ဒါကတော့ ပထမစီမံကိန်းဖြစ်ပါတယ်။မြို့နယ် ဖွံ့ဖြိုးရေးဆောင်ရွက်သွားဖို့ စိတ်ကူးရှိတယ်။ ဈေးရောင်းတဲ့နေရာကိုလည်း ဖန်တီးပေးမှ အလုပ်အကိုင်အခွင့် အလမ်းအဆင်ပြေပြီး ယာဉ်ကြော ပြဿနာရှင်းနိုင်မယ်။ (၅၂) လမ်းက ဗိုလ်ချုပ်လမ်းကိုလည်းရောက်တယ်။ ဗိုလ်တထောင်ဘုရားလမ်းကိုလည်း ရောက်တယ်။ ဈေးရောင်းရအောင် ရေတိုင်ကီတွေကိုလည်း ဆင်ပေးပြီးပါပြီ။ အိမ်သာတွေလည်း ဆင်ပေးတယ်။ မီးလည်းဆင်ပေးပြီးပြီ။ မြို့တော်နေ ပြည်သူတွေ အလုပ်အကိုင် အခွင့်အလမ်း ရရှိအောင် ဖန်တီးပေးခြင်းဖြစ်ပါတယ်။
သတင်းအင်တာဗျူး- ရီရီမြင့်၊ဥမ္မာသန့် 
ဓာတ်ပုံ-ရီရီသန့်

No comments:

Post a Comment