Monday, February 27, 2017

ကြည့်မြင်တိုင်ကမ်းနားလမ်း မြို့တွင်းသွားယာဉ်ကြောတွင် ကုန်သေတ္တာတင်ယာဉ်များကြောင့်လမ်းပိတ်ဆို့၊ ယာဉ်များပြောင်းပြန်မောင်းနှင်ရသည့်ဖြစ်စဉ်နှစ်ခု သီးခြားပြိုင်တူကြုံတွေ့

Image may contain: sky and outdoor
ရန်ကုန် ဖေဖော်ဝါရီ ၂၆
ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၆ နာရီခွဲခန့်က ပရိုဘောက် အငှားယာဉ်ဖြင့် ဘုရင့်နောင်ပွဲရုံသို့ သွားသော လုပ်ငန်းရှင်များ၏ ဖုန်းသတင်းပေးမှုကြောင့် ဟုမ်းလမ်း မှတ်တိုင်အလွန်မှစ၍ ကမ်းနားလမ်းမဟောင်း (ကြည့်မြင်တိုင်)၏ မြို့တွင်းသွားယာဉ်ကြောပေါ်တွင် သီးခြားစီ ဖြစ်သော ကုန်သေတ္တာတင်ယာဉ်များဖြစ်စဉ်များကြောင့် မြို့တွင်းသွား ယာဉ်မျိုးစုံ လမ်းပြောင်းပြန်မောင်းနှင်ရမှု နာရီအတန်ကြာဖြစ်ပွားသည်ကို သိရသည်။
ဖုန်းသတင်းရရှိပြီးချိန် ယင်းနေရာသို့ ရောက်ရှိ သွားချိန် နံနက် ၇ နာရီ မိနစ် ၂ဝ ခန့်တွင် ဟုမ်းလမ်း ကြက်လျှာစွန်းရှိ စက်သုံးဆီဆိုင်အထွက်လမ်းတွင် ၂၂ ဘီး နောက်တွဲပါ ပေ ၄ဝ ကုန်သေတ္တာတစ်လုံး တင်ဆောင်ထားသော ကုန်တင်ယာဉ်ကြီးတစ်စီးသည် မြို့တွင်းသွား ယာဉ်ကြော ပေါ်အပြည့် ကန့်လန့်ဖြတ်ပိတ်အနေအထားမျိုး မြင်တွေ့ရသည်။ နံနက် ၆ နာရီခွဲခန့် ယင်းယာဉ်၏ ယာဉ်မောင်းသည် ယာဉ်မောင်းခန်းအပြင်သို့ ခြေထောက်ထွက် အိပ်နေသည်ကို မြင်တွေ့ခဲ့ရသည်ဟု ဆိုသည်။
နံနက် ၈ နာရီတွင် ယင်းအနေအထားအတိုင်း မြင်တွေ့ရဆဲဖြစ်သော်လည်း ဖယ်ရှားရန် ပြင်ဆင်မှုမြင်တွေ့ရသည်။ ယင်းဖြစ်စဉ်နေရာအလွန် သီးခြားဖြစ်သော ကွန်ကရစ်ကမ်းနားလမ်းသစ်သို့ ဝင်ရောက်မည့် ကမ်းနားလမ်းမ (ကြည့်မြင်တိုင်)ပေါ်တွင် ညဈေးမှတ်တိုင်ဝန်းကျင်ထိ မြို့တွင်းသွားယာဉ်ကြောအပြည့် ပိတ်ဆို့ရပ်ထားသော ကုန်သေတ္တာတင်ယာဉ်တန်း ထပ်မံတွေ့ရသည်။ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းတွင်ဖြစ်ပေါ်ခဲ့သော ယင်းနေရာ၌ နေ့တစ်ဝက်ကြာမြင့်သော အလားတူဖြစ်စဉ်နှင့် ကွဲပြားခြားနားသည်မှာ ကွန်ကရစ်လမ်း အဝင်လမ်းပေါ်၌ ယနေ့ဖြစ်စဉ်တွင် ယာဉ်ရှင်းလင်းနေခြင်း ဖြစ်သည်။ သို့သော် ထီးတန်းဆိပ်ကမ်းရှေ့ပိတ်ဆို့ ရပ်ထားသော ယာဉ်တန်းရှိ ကုန်သေတ္တာယာဉ်တစ်စီး၏ ယာဉ်ခေါင်းပိုင်းတွင် အပြင်ဘက်သို့ ခြေထောက်ထုတ်၍ အိပ်နေသည်ကို တွေ့ရပြန်သည်။
စက်သုံးဆီဆိုင်အလွန် နံနက် ၇ နာရီ မိနစ် ၂ဝ ခန့်တွင် တန်းစီပိတ်ဆို့ရပ်ထားသော ကုန်သေတ္တာယာဉ်အချို့ ကွန်ကရစ်လမ်းသို့မောင်းနှင်ဝင်ရောက်သည့် မြင်ကွင်း မြင်တွေ့လာရသည်။ ယင်းဖြစ်စဉ် ဖြစ်ပွားသော နေရာတွင် ဟုမ်းလမ်းနှင့် ဗားကရာမီးပွိုင့် ယာဉ်ထိန်းရုံး များရှိသော်လည်း ပိတ်ထားသည်ကို မြင်တွေ့ရသည်။
ယင်းသို့ မြို့တွင်းသွားယာဉ်ကြောပေါ်တွင် ပိတ်ဆို့ ရပ်ထားမှုကြောင့် YBS လိုင်းကားများအပါအဝင် ယာဉ်မျိုးစုံလမ်းကြောင်းပြောင်းပြန်မောင်းနှင်နေရမှု မြင်တွေ့ရသည်။ ယင်းယာဉ်တန်းများကို မှတ်တမ်းဓာတ်ပုံရိုက်ယူ ထားမှုနှင့်အတူ ပြန်လည်မောင်းနှင်မှုများကြောင့် နံနက် ၈ နာရီခန့်တွင် ကုန်သေတ္တာတင်ယာဉ်များ အဆိုပါ လမ်းပေါ်တွင် ရှင်းသွားသည်ကို မြင်တွေ့ရသည်။
၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၇ ရက်မှစ၍ ယာဉ်+ကုန် ကိုးတန်အထက် ကုန်တင်ယာဉ်ကြီးများနှင့်အတူ ကုန်သေတ္တာတင်ယာဉ်ကြီးများ နေ့တိုင်းသွားလာခွင့်မပြုဘဲ ည ၉ နာရီမှ နောက်နေ့နံနက် ၆ နာရီအတွင်းသာ သတ်မှတ် လမ်းကြောင်းပေါ်တွင်သာ မောင်းနှင်ခွင့်ပြုခဲ့ရာ ယာဉ်ပိတ်ဆို့မှုမကြာခဏကြုံတွေ့ရတတ်သော ဘုရင့်နောင် လမ်းမအပါအဝင် ကြည့်မြင်တိုင် ကမ်းနားလမ်းတစ်လျှောက် ယာဉ်ပိတ်ဆို့မှုများ လျော့ကျလာသည်ဟု ယင်းလမ်းကြောင်းပေါ် မောင်းနှင်သူများက ပြောကြားမှုရှိသည်။
သို့သော် ကန့်သတ်ချိန်တွင် ကုန်တင်ယာဉ်ကြီးအချို့နှင့် ကုန်သေတ္တာတင်ယာဉ်ကြီးအချို့ ဖြတ်သန်းမောင်းနှင်မှု များမြင်တွေ့ရဆဲဟု ယင်းလမ်းကြောင်းပေါ် နေ့စဉ်ဖြတ်သန်းသွားလာနေသူများ၊ ကြည့်မြင်တိုင်မြို့နယ်နေသူ များက ပြောသည်။
ယင်းသို့ နေ့ပိုင်းသွားလာမှု ကန့်သတ်ထားခြင်းအတွက် စားအုန်းဆီထုတ်ယာဉ်များ၊ ကုန်သေတ္တာတင်ယာဉ်များ ကားခနှုန်းများ ပိုမိုမြှင့်တင်ရယူလာသည်ဟု ကုန်ပို့သူ များထံမှ သိရသည်။ စားအုန်းဆီထုတ်ယာဉ်များဆိုလျှင် တရားဝင် နေ့ပိုင်းသွားလာခွင့်ရှိသော ယာဉ်+ကုန် ကိုးတန် အောက် ယာဉ်များအပါအဝင် ယာဉ်+ကုန် ကိုးတန်အထက် ခြောက်ဘီးကားကြီးများ၏ ဆီထုတ်ကားခမှာ မြှင့်တင်ယူလာသည့် တရားဝင်သွားလာခွင့်တောင်းခံမှုရှိသည်ဟု သိရသော်လည်း တိုးမြှင့်ယူထားသော ကားခနှုန်းမှာ ပြန်လည်ဈေးနှုန်းချပေးခြင်းရှိနိုင်မည့် အလားအလာမရှိဟု စားအုန်းဆီထုတ်ယူသူများက ဆိုသည်။ ကားခဈေးနှုန်း မြင့်တက်မှုအကြောင်းပြ၍ ဆီဈေးကွက်တွင် ပုံမှန်ယူနေကျ အကျိုးအမြတ်ထက် ပိုမိုငွေကြေးမြှင့်တင်ရယူမှုများ ရှိလာသည်။
စားအုန်းဆီထုတ်ကားခ၊ စားအုန်းဆီဈေးနှုန်း ပိုမိုမြင့်တက်လာသကဲ့သို့ ကုန်သေတ္တာယာဉ်ကားခများတွင် လည်း ညအိပ်ကြေး၊ နေ့ကျော်ကြေး၊ ယာဉ်မောင်းပံ့ပိုးကြေး များ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၅ ရက်မှစ၍ ယာယီသတ်မှတ် တောင်းခံသွားမည့်အကြောင်းကြားမှု ရှိလာသည်။
ယခုအခါ နေ့ပိုင်းအချိန်ကန့်သတ်၍ သွားလာခွင့် တောင်းခံမှုများ ကုန်သေတ္တာတင်ယာဉ်နှင့် စားအုန်းဆီ ထုတ်ယာဉ်များအသိုင်းအဝိုင်းတွင် ကြားသိလာရသည်။ သက်ဆိုင်ရာမှ ဖြေလျှော့မှုပေးလာချိန်တွင် မူလကားခနှုန်း များအတိုင်း ပြန်လည်ကျဆင်းပေးရန်လည်း ကုန်ပို့သူများက မျှော်လင့်သည်။ သို့မဟုတ်ပါက ယာဉ်ပိတ်ဆို့မှု ပြေလျော့ရေး စီစဉ်ဆောင်ရွက်ရာတွင် သယ်ယူပို့ဆောင်ခ ဈေးနှုန်းမြင့်လာမှုနှင့်အတူ ကုန်သည်အချို့ ကုန်ဈေးနှုန်း မြင့်တက်မှုများရှိလာသည်ဟု အများပြည်သူအနေဖြင့် အထင်မြင်မှားမှုများဖြစ်ပေါ်လာနိုင်သည်။ တားမြစ်ထားသော စည်းကမ်းချက်များ ရန်ကုန်မြို့တွင်း ယာဉ်လမ်းကြောင်းများတွင် အလေးထားလိုက်နာရန် အထူးလိုအပ်နေသည်ကို ယနေ့နံနက်ပိုင်း ကြုံတွေ့ရသော စက်သုံးဆီဆိုင်အထွက်လမ်းဖြစ်စဉ်နှင့် ကွန်ကရစ်ကမ်းနား လမ်းသစ်အဝင်မှ ကြည့်မြင်တိုင်ညဈေး မှတ်တိုင်ဝန်းကျင်အထိ ကုန်သေတ္တာတင်ယာဉ်ကြီးများ မြို့တွင်းသွား လမ်းကြောပေါ်အပြည့် ပိတ်ဆို့ရပ်ထားသည့်ဖြစ်စဉ် နှစ်ရပ်မှ ညွှန်းဆိုပြသနေသည်ဟု မြင်တွေ့ခဲ့သည့် ဘုရင့်နောင်ပွဲရုံလုပ်ငန်းရှင်အချို့က ပြောသည်။
(မောင်စေအောင်)

No comments:

Post a Comment