Thursday, February 2, 2017

ဒီမိုကရေစီ ရှင်သန်ခိုင်မာရန်အတွက် စွမ်းရည်မြင့်မားပြီး အားကောင်းခိုင်မာသော လွှတ်တော်များရှိနေရန် လိုအပ် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ



Image may contain: 7 people, people sitting, table and indoor
နေပြည်တော် ဖေဖော်ဝါရီ ၁
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ထမင်းစား ခန်းမဆောင်၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စု လွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်ထောင်စု လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ သုံးခွမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုလွင်နှင့်လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဒီမိုကရေစီ အသွင်သဏ္ဌာန်နှင့် အနှစ်သာရကို ထင်ဟပ်စေသည့် ဒုတိယအကြိမ်လွှတ်တော်များ၏ သက်တမ်းသည် ယနေ့ (၁)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ ပြည်သူလူထုက တူညီသည့် ဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ခဲ့သည့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှစပြီး မိမိတို့တာဝန်ယူခဲ့သည့်ကာလအတွင်း လွှတ်တော်၏ တာဝန်များဖြစ်သည့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ခေတ်စနစ်နှင့်အညီ ဖော်ဆောင်နိုင်ရန် ဥပဒေများအသစ်ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်း၊ ရုပ်သိမ်းသင့်သည့် ဥပဒေများရုပ်သိမ်းခြင်းစသည့် ဥပဒေပြုခြင်းလုပ်ငန်းများအပြင် အုပ်ချုပ်ရေးကဏ္ဍနှင့် တရားစီရင်ရေးကဏ္ဍတို့ကို တတ်နိုင်သမျှ ပိုင်းခြားစောင့်ကြည့် ထိန်းကျောင်းခြင်းစသည့် တာဝန်များကို ဆောင်ရွက်ခဲ့ပါကြောင်း။
မိမိတို့ တာဝန်ယူခဲ့သည့် ကာလအတွင်း ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးဖြစ်ထွန်းစေမည့် ဥပဒေများ အသစ်ရေးဆွဲ ခြင်း၊ ပြင်ဆင်ခြင်းနှင့် ရုပ်သိမ်းခြင်းတို့ဆောင်ရွက်ရာတွင် အသစ်ပြဋ္ဌာန်းသည့် ဥပဒေ(၅)ခု၊ ခေတ်ကာလအခြေအနေနှင့် လိုက်လျောညီထွေခြင်း မရှိတော့သည့်အတွက် ပြင်ဆင်ခဲ့ရသည့် ဥပဒေ(၈)ခုနှင့် ရုပ်သိမ်းခဲ့ရသည့် ဥပဒေ(၆)ခုတို့ကို ဆောင်ရွက်ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ဥပဒေအသစ်များ ရေးဆွဲပြဋ္ဌာန်းရာတွင်လည်း ပြည်သူများအကျိုးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် ဥပဒေများဖြစ်ရေးအတွက် လွှတ်တော်က အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု စတုတ္ထပုံမှန်အစည်းအဝေးတွင်လည်း ပြဋ္ဌာန်းရန်ကျန်ရှိနေသည့် ဥပဒေများကိုပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်နေပါကြောင်း။
လွှတ်တော်က ဥပဒေပြုခြင်းလုပ်ငန်းများအပြင် နိုင်ငံတော်၏အကျိုး၊ ဒေသ၏ အကျိုး၊ ပြည်သူလူထု၏အကျိုးအတွက် လွှတ်တော်အတွင်း အဆိုများတင်သွင်းခြင်း၊ မေးခွန်းများ မေးမြန်းခြင်းနှင့် ကော်မတီများအလိုက် ကော်မတီလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် အုပ်ချုပ်ရေးကဏ္ဍနှင့် တရားစီရင်ရေးကဏ္ဍများကိုလည်း ထိန်းညှိဆောင်ရွက်လျက်ရှိပါကြောင်း။
ဒီမိုကရေစီ ရှင်သန်ခိုင်မာရန်အတွက် စွမ်းရည်မြင့်မားပြီး အားကောင်းခိုင်မာသော လွှတ်တော်များရှိနေရန် မဖြစ်မနေလိုအပ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံးဝန်ထမ်းများ၏ ဘက်စုံစွမ်းရည်မြင့်မားရေးအတွက် ပြည်တွင်း ပြည်ပ ပညာရှင်များနှင့်ပူးပေါင်းပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လွှတ်တော်များ စွမ်းရည်မြင့်မားပြီး အားကောင်းလာသည်နှင့်အမျှ ဒီမိုကရေစီစနစ်သည်လည်း ခိုင်မြဲလာမည်ဖြစ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့၏စွမ်းရည် မြင့်မားအောင် ဆောင်ရွက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားအားလုံး တောင့်တလျက်ရှိသည့် ငြိမ်းချမ်းရေး၊ သာယာဝပြောပြီး ချမ်းသာကြွယ်ဝ ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်လာရေးအတွက်လည်းအားသွန် ခွန်စိုက် ဆက်လက်ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ပေးကြပါဟု ဆန္ဒပြုရင်း နိဂုံးချုပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယခုကဲ့သို့ ဒုတိယအကြိမ် လွှတ်တော်သက်တမ်း တစ်နှစ်ပြည့်မြောက်သည့်အခမ်းအနားကို ကျင်းပနိုင်ခြင်းသည် ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် တာဝန်ယူခဲ့သည့် လွှတ်တော်အသီးသီး၏ ဥက္ကဋ္ဌများက မိမိတို့ကို လွှတ်တော်လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့အောင် ကူညီပံ့ပိုးခဲ့သည့် အကျိုးဆက်ဖြစ်ပါကြောင်း၊ ဒုတိယအကြိမ် လွှတ်တော်သက်တမ်း တစ်နှစ်ပြည့်ပြီဆိုသည့်အခါ၊ မိမိတို့ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရန်လုပ်သည့်အခါ ဒီမိုကရေစီအသွင် ကူးပြောင်းရေး လမ်းစပေါ်သို့ ခြေချကာစသာ ရှိပါသေးကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၏ လမ်းစပေါ်ရောက်ရန်မှာ မိမိတို့အားလုံး ပန်းခင်းလမ်းကို လျှောက်လှမ်းခဲ့ရခြင်း မဟုတ်ပါကြောင်း။
ခယောင်းလမ်းကို ကြမ်းတမ်းခက်ထန်စွာဖြင့် ကျားကုတ်ကျားခဲ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ ယခုလိုဆောင်ရွက်ခဲ့ပြီးမှ လက်ရှိအခြေအနေကို ဆိုက်ရောက်လာခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ ကိုယ်စားလှယ်များ အားလုံးက ဒါကို သတိမပြတ်ရန်လိုပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များသည် ယခု တစ်နှစ်ပြည့်သွားပြီဖြစ်သည့်အတွက် တစ်နှစ်ထက် တစ်နှစ် မိမိတို့၏ အရည်အသွေးများ မြင့်မားတိုးတက်လာပါမှ လွှတ်တော်ကြီးခိုင်မာ တောင့်တင်းမည်ဖြစ်ပါကြောင်း၊ ထိုသို့လွှတ်တော်ကြီးခိုင်မာတောင့်တင်းမှ သာလျှင် မိမိတို့နိုင်ငံ၌ ဒီမိုကရေစီအခြေခံအုတ်မြစ် မြဲမြံမည်ဖြစ်ပါကြောင်း။
လွှတ်တော်ကြီးခိုင်မာတောင့်တင်းမှုမရှိလျှင် ဒီမိုကရေစီအခြေခံအုတ်မြစ် မခိုင်မာနိုင်ပါကြောင်း၊ ဗဟိုအစိုးရ၊ ဗဟိုအဖွဲ့အစည်းများကို ကြည့်ကြည့်၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ၊ ပြည်နယ်၊ တိုင်းအဖွဲ့အစည်းများကို ကြည့်ကြည့် လွှတ်တော်ပေါ်ပြီးမှ လွှတ်တော်ကနေ ဆင့်ကဲပေါ်ပေါက်လာခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် လွှတ်တော်သည် ဒီမိုကရေစီတွင် အခြေခံအုတ်မြစ် ဖြစ်သည့်အတွက် မိမိတို့လွှတ်တော် ခိုင်မာတောင့်တင်းရန် လိုအပ်ပါကြောင်း၊ ယင်းကို ကိုယ်စားလှယ်များအနေဖြင့်လည်း သတိရှိစေချင်ပါကြောင်း။
နောက်တစ်ခုမှာ မိမိတို့ကို မဲဆန္ဒရှင်မိဘပြည်သူများက ဒီမိုကရေစီ လိုလားသည့် စိတ်ဆန္ဒ၊ အာသာဆန္ဒပြင်းပြင်းပြပြဖြင့် မဲပေးလိုက်ခြင်းဖြစ်ပါကြောင်း၊ ဒီမိုကရေစီ အာသာဆန္ဒပြင်းပြသည့် မဲဆန္ဒရှင်များကို တာဝန်ကျေရန် မိမိတို့ ဒီမိုကရေစီ ပန်းတိုင်သို့ လျှောက်လှမ်းကြရမည်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီပန်းတိုင်ကို လျှောက်လှမ်းသည့်အခါ ပြင်းထန်သည့်စိတ်ဓာတ်၊ မလျှော့သည့် လုံ့လဝီရိယ၊ ခိုင်မာသည့်ဆန္ဒ အမှားအမှန်ကို ခွဲခြားဆုံးဖြတ်နိုင်သော ဉာဏ်ပညာအမြော်အမြင်များနှင့် မိမိတို့ ဆက်လက်ပြီး ဒီမိုကရေစီပန်းတိုင် ရောက်အောင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် လျှောက်လှမ်းနိုင်ကြရန် အလေးအနက်ပြောကြားအပ်ပါကြောင်း။
ဒုတိယအချက်အနေဖြင့် ဒုတိယအကြိမ်လွှတ်တော်သက်တမ်း၏ ပထမတစ်နှစ်တာကာလမှာပဲ မိမိတို့ နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်ခဲ့ပါကြောင်း၊ လွှတ်တော်၏ဂုဏ်သိက္ခာကို မြင့်မားစေခဲ့ပါကြောင်း၊ ယင်းမှာ(၃၇)ကြိမ်မြောက် အာဆီယံပါလီမန်များအထွေထွေညီလာခံကို ခမ်းနားထည်ဝါအောင်မြင်စွာ ကျင်းပနိုင်ခဲ့၍ ဖြစ်ပါကြောင်း၊ ယင်းသို့ ခမ်းနားထည်ဝါအောင်မြင်စွာ ကျင်းပနိုင်ခြင်းမှာလည်း လွှတ်တော်ဥက္ကဋ္ဌများသာမက ဒုတိယဥက္ကဋ္ဌ နှစ်ဦး၊ အဆင့်ဆင့်သော အရာရှိ၊ အရာခံ၊ အမှုထမ်း၊ အရာထမ်း၊ ဝန်ထမ်းများအားလုံး၏ တက်ညီလက်ညီ မမောမပန်း ကြိုးပမ်းဆောင်ရွက်ပေးမှုကြောင့် ဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီး ပြည်ထောင်စုဝန်ကြီးဌာန အသီးသီး၏ ဝိုင်းဝန်းကူညီပံ့ပိုးမှုကြောင့် မိမိတို့ ခမ်းနားထည်ဝါအောင်မြင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဒါကို အလေးအနက်ဂုဏ်ပြုအပ်ပါကြောင်း၊ လွှတ်တော်၏ ဒုတိယဥက္ကဋ္ဌ နှစ်ဦးနှင့် လွှတ်တော်ဝန်ထမ်းအသီးသီး၊ အရာထမ်း၊ အမှုထမ်း အသီးသီး၏ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အလေးအနက်ဂုဏ်ပြုအပ်ပါကြောင်း၊ လွှတ်တော်မှ ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ဦးအေးသာအောင်နှင့် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့က (၃၇)ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံအောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအတွက် ကူညီဆောင်ရွက်ပေးခဲ့သော ဝန်ကြီးဌာနများ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်နှင့် လွှတ်တော်အကူအညီပေးရေး မိတ်ဖက် အဖွဲ့အစည်းများဖြစ်ကြသည့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်(UNDP)၊ နိုင်ငံတကာ ပါလီမန်များအဖွဲ့ (Inter-Parliamentary Union)မှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့ သည် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာ အတူတကွ သုံးဆောင်ကြသည်။
ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌများနှင့် တက်ရောက်လာကြသူများသည် လွှတ်တော်သဘင်ဆောင်ခန်းမ၌ ကျင်းပသည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ယဉ်ကျေးမှုဖျော်ဖြေပွဲသို့ တက်ရောက်ကြည့်ရှုအားပေးပြီး ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုပန်းခြင်း ပေးအပ်သည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၏ ပထမပုံမှန်အစည်းအဝေးကို ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှ ဇွန် ၆ ရက်အထိ လည်းကောင်း၊ ဒုတိယပုံမှန် အစည်းအဝေးကို ၂ဝ၁၆ ခုနှစ် ဇူလိုင် ၂၅ ရက်မှ အောက်တိုဘာ ၇ ရက်အထိ လည်းကောင်း၊ တတိယပုံမှန်အစည်းအဝေးကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၁၆ ရက်မှ ဒီဇင်ဘာ ၂ဝ ရက်အထိ လည်းကောင်း ကျင်းပခဲ့ပြီး စတုတ္ထပုံမှန် အစည်းအဝေးကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၃ဝ ရက်တွင် စတင်ကျင်းပလျက်ရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment