Thursday, February 2, 2017

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ



Image may contain: 1 person, sitting
နေပြည်တော် ဖေဖော်ဝါရီ ၁
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအတွက် (၂ဝ၁၇-၂ဝ၁၈)ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်နှင့် သာမန်အသုံးစရိတ် စုစုပေါင်းငွေကျပ် (၁ဝ၇၇ ဒသမ ၈၈၈) ဘီလီယံလျာထားပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဝန်ကြီးဌာန၏ ၂ဝ၁၇-၂ဝ၁၈ ခုနှစ်၊ အရအသုံး ခန့်မှန်းခြေငွေစာရင်း လျာထားချက်များကို လွှတ်တော်သို့ရှင်းလင်းတင်ပြရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ၂ဝ၁၇-၂ဝ၁၈ ခုနှစ် ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေ စာရင်းတွင် ကုသရေး ဦးစီးဌာနအတွက် သာမန်နှင့် ငွေလုံးငွေရင်းအသုံးစရိတ်စုစုပေါင်း (၅၂ဝ ဒသမ ၁ဝ၉)ဘီလီယံ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအတွက် သာမန်နှင့် ငွေလုံး ငွေရင်းအသုံးစရိတ် စုစုပေါင်း (၄၂၈ ဒသမ ၁၄၄) ဘီလီယံ၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအတွက် သာမန်နှင့် ငွေလုံးငွေရင်း အသုံးစရိတ်စုစုပေါင်း (၅ဝ ဒသမ ၃၅၂) ဘီလီယံ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနအတွက် သာမန်နှင့် ငွေလုံးငွေရင်း အသုံးစရိတ် စုစုပေါင်း (၂၈ ဒသမ ၉၇၂ ) ဘီလီယံ၊ အားကစားနှင့် ကာယပညာဦးစီးဌာနအတွက် သာမန်နှင့် ငွေလုံးငွေရင်း အသုံးစရိတ်စုစုပေါင်း (၂၁ ဒသမ ၉၇၉) ဘီလီယံ၊ တိုင်းရင်းဆေးပညာဦးစီးဌာနအတွက် သာမန်နှင့် ငွေလုံး ငွေရင်း အသုံးစရိတ်စုစုပေါင်း (၁၅ ဒသမ ၈၂၃) ဘီလီယံ၊ ဆေးသုတေသနဦးစီးဌာနအတွက် သာမန်နှင့် ငွေလုံး ငွေရင်း အသုံးစရိတ် စုစုပေါင်း (၁ဝ ဒသမ ၃၅၉) ဘီလီယံ၊ ဝန်ကြီးရုံးအတွက် သာမန်နှင့် ငွေလုံးငွေရင်း အသုံးစရိတ် စုစုပေါင်း (၂ ဒသမ ၁၅ဝ) ဘီလီယံ ခွဲဝေထားရှိပါကြောင်း ရှင်းလင်းတင်ပြသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ပြည်သူများအား လူမှုရေးဆိုင်ရာအခွင့်အရေးများ တန်းတူညီမျှ ရရှိစေမှုကိုအခြေခံကာ ပြည်သူလူထုတစ်ရပ်လုံးအတွက် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများနှင့် မြန်မာ နိုင်ငံတစ်ဝန်းဖြစ်ပွားသည့် ဘေးအန္တရာယ်အမျိုးမျိုးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို လျော့နည်းသက်သာစေရန်နှင့် ဘေးသင့်ပြည်သူများ မူလလူနေမှု ဘဝအခြေအနေထက် ပိုမိုကောင်းမွန်သည့်အခြေအနေသို့ ရောက်ရှိစေရန် မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနသည် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာ ရေးနှစ်အတွက် သာမန်ရငွေ (၁ဝ၅၄၁ ဒသမ ၃၅၁)သန်း၊ သာမန်အသုံးစရိတ် (၃၆၈၃၇ ဒသမ ၆၇၈)သန်းနှင့် ငွေလုံး ငွေရင်းအသုံးစရိတ် (၁၅၅၈၁ ဒသမ ၃ဝ၃) သန်းဖြစ်ပါကြောင်း၊ သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်းအသုံးစရိတ် စုစုပေါင်းမှာ (၅၂၄၁၈ ဒသမ ၉၈၁)သန်းဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၏ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ၂ဝ၁၇ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကိစ္စရပ်များအပေါ် အတည်ပြုခွင့်ပြုပေးနိုင်ပါရန် ရှင်းလင်းတင်ပြသည်။
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာနသည် တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာစေပြီး တိုင်းရင်း သားများ၏ လူမှုစီးပွားဘဝမြင့်မားတိုးတက်စေရန်ဆိုသည့် မျှော်မှန်းချက်ထားရှိပါကြောင်း၊ မျှော်မှန်းချက်နှင့်အညီ မူဝါဒ (၄)ရပ်နှင့် ရည်မှန်းချက် (၅)ရပ်ကို ချမှတ်ထားပါကြောင်း။
ဝန်ကြီးဌာန၏ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် အတွက် သာမန်အသုံးစရိတ် ကျပ်၂၁၉၈ ဒသမ ဝ၇၁ သန်း၊ ငွေလုံးငွေရင်းအသုံးစရိတ်ကျပ်၁၄၇ဝ ဒသမ ၉၂၈ သန်း စုစုပေါင်းကျပ် ၃၆၆၈ ဒသမ ၉၉၉ သန်းတင်ပြတောင်းခံ ထားပါကြောင်း၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်အတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက တင်ပြထားသည့် အသုံးစရိတ် ကျပ် ၃၆၆၈ ဒသမ ၉၉၉ သန်းကို စိစစ်ခွင့်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ၊ နေပြည်တော် ကောင်စီဝင် ဦးတင်ထွဋ်၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းတို့က ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ၂ဝ၁၇ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေ များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ၂ဝ၁၇ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေ များနှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက် အစီရင်ခံစာများကို သက်ဆိုင်ရာပူးပေါင်းကော်မတီများက လွှတ်တော်သို့ အချိန်မီတင်သွင်းနိုင်ရန်အတွက် စိစစ်ရေးပူးပေါင်း အဖွဲ့အနေဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပြီး အဖွဲ့အသီးသီး၏ စိစစ်တွေ့ရှိချက်များကို ဖေဖော်ဝါရီ ၆ ရက်တွင် နောက်ဆုံးထား၍ ပူးပေါင်း ကော်မတီများသို့ ပေးပို့နိုင်ရေး အလေးထားဆောင်ရွက် သွားကြရန်လိုအပ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ တစ်ဦးချင်းအနေဖြင့် မိမိတို့ စိတ်ဝင်စားသည့် ဌာန၊ အဖွဲ့အစည်းများ၏ စိစစ်ရေးပူးပေါင်းအဖွဲ့များ ဆွေးနွေးပွဲသို့ ဆက်သွယ်တက်ရောက် ဆွေးနွေးနိုင်ပါကြောင်း ပြောကြားသည်။
မော်စီ-အောင်ရဲသွင် (သတင်းစဉ်)

No comments:

Post a Comment