Monday, February 27, 2017

ပရီမီယာလိဂ် ဖလားဆွတ်ခူးပေးခဲ့သည့် နည်းပြများ ထုတ်ပယ်ခံနေရသည့်မှတ်တမ်းကြောင့် ချယ်လ်ဆီးနည်းပြ ကွန်တီ အတွက် စိုးရိမ်စရာဖြစ်နေ

Image may contain: 1 person, smiling, closeup
ယခု နောက်ပိုင်းနှစ်များတွင် ပရီမီယာလိဂ်ဖလားဆွတ်ခူးခဲ့သည့် နည်းပြများ ထုတ်ပယ်ခံနေရသည် မှတ်တမ်းကြောင့် ယခုနှစ်ရာသီတွင် ချယ်လ်ဆီးအသင်း ပရီမီယာလိဂ် ဖလားဆွတ်ခူးခဲ့မည်ဆိုပါက နည်းပြကွန်တီအတွက် စိုးရိမ်စရာအခြေ အနေပင်ဖြစ်ကြောင်း ကောက်နုတ် ဖော်ပြချက်များရှိနေသည်။
မော်ရင်ဟိုနှင့်ရာနီရေရီတို့ စတေး ခံခဲ့ရပြီးနောက် ပရီမီယာလိဂ်ချန်ပီယံ ဟူသော ဝိသေသလက္ခဏာမှာ နည်းပြများအတွက် အိပ်မက်ဆိုးကိုပင် ဖန်တီးနိုင်သည်ဟူသော ထင်မြင်ချက်များလည်း ထွက်လာခဲ့သည်။ ပြီးခဲ့သည့်နှစ်ရာသီအတွင်း ပရီမီယာလိဂ် ချန်ပီယံဆု ရယူပေးထားသည့် မော်ရင်ဟို ၂ဝ၁၅ ခရစ္စမတ်ကာလ မတိုင်မီ ထုတ်ပယ်ခံခဲ့ရသလို ရာနီရေရီလည်း ဖေဖော်ဝါရီ ၂၃ရက်တွင် ထုတ်ပယ်ခံလိုက်ရသည်။
မော်ရင်ဟိုက ကွန်တီအနေဖြင့် အဆိုပါဖြစ်စဉ်များကို စဉ်းစားပြီး ဖြစ်လောက်သည်ဟု သရော်စကား ဆိုခဲ့သည်။ လက်ရှိကာလတွင် ပရီမီယာလိဂ် ချန်ပီယံဆုရယူပေးထားသည့်နည်းပြများမှာ တစ်ရာသီ (သို့မဟုတ်) နှစ်ရာသီလောက်အကြာတွင် ထုတ်ပယ်ခံနေရသည့်မှတ်တမ်းများကြောင့် ချန်ပီယံဆုဖလားသည်ပင် နည်းပြများကို အကြပ်ရိုက် မျက်ဖြူ စိုက်စေသည့် ကိစ္စရပ် ဖြစ်နေသလား ဆိုသည်မှာလည်း မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။
မန်စီးတီးအသင်းက လိဂ်ဖလား ဆွတ်ခူးပေးခဲ့သည့် ပယ်လီဂရီနီနေရာတွင် ဂွါဒီယိုလာဖြင့် အစားထိုးခန့်အပ် ခဲ့သလို နည်းပြဗန်ဟားလ်မှာလည်း အက်ဖ်အေဖလား ဆွတ်ခူးပေးပြီး နောက်နှစ်ရက်အကြာမှာပင် မန်ယူ နည်းပြအဖြစ်မှ ထုတ်ပယ်ခံလိုက်ရသည်။
ယင်းသို့သော အခြေအနေများကြောင့် အင်္ဂလန်ဘောလုံးလောကအတွင်း ကျင်လည်နေသူ နည်းပြများသည် ချန်ပီယံဆု ဆွတ်ခူးပေးနိုင်ကြသော်လည်း အာမခံချက်မရရှိသည့် အနေအထားမျိုး တွေ့ကြုံနေရသည်။
ရာနီရေရီနှင့် လက်တွဲအလုပ်လုပ် ဖူးသည့် ခရိတ်ခ်ရှိတ်စပီးယားနှင့် မိုက်အော်ဝဲလ်တို့ကမူ ရလဒ်ဆိုးလျှင် မည်သူမျှ အာမခံချက်ရရှိမည်မဟုတ် သောကြောင့် ရာနီရေရီ၏ ဖြစ်စဉ်မှာ သာမန် ဖြစ်ရိုးဖြစ်စဉ်ပင်ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။
မော်ရင်ဟိုက ချယ်လ်ဆီးနည်းပြ အဖြစ်မှ ထုတ်ပယ်ခံခဲ့ရပြီးနောက် ဘရာဇီးသို့ အပန်းဖြေခရီးသွားရောက်ခဲ့ပြီး အသစ်တစ်ဖန်လတ်ဆတ်သည့် အတွေးအခေါ်များ ရရှိရန်အားမွေးခဲ့ရကြောင်း ပြန်ပြောင်းပြောကြားခဲ့သည်။
မော်ရင်ဟိုက ''ကျွန်တော် ခရစ္စမတ်နဲ့ နှစ်သစ်ကာလတွေမှာလည်း ပရီမီယာလိဂ်ပွဲစဉ်တွေကို အမြဲကြည့်ရှုခဲ့ပြီး ငါသာဆိုရင်ဘယ်လို ပုံစံနဲ့ ရင်ဆိုင် မလဲဆိုတာကိုပါတွေးပြီး ကြိုပြင်ဆင်ခဲ့တယ်။ ဒါပေမယ့် သမိုင်းဆိုတာ ဖျောက်ဖျက်ပစ်လို့ မရတာကြောင့် ကိုယ်လုပ်ခဲ့သမျှ အရာတိုင်းက မှတ်တမ်းအဖြစ် တင်ကျန်ရစ်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ချန်ပီယံဖလားရရှိတဲ့ နည်းပြကတော့ နည်းပြပါပဲ'' ဟု ဆိုခဲ့သည်။
အင်္ဂလန်ဘောလုံးလောကတွင် ပြီးခဲ့သည့် ဘောလုံးရာသီက ချန်ပီယံဆု ရယူပေးနိုင်သည့် နည်းပြအများစု မှာ ထုတ်ပယ်ခံရမှုများနှင့် လမ်းခွဲမှုများကိုသာ မြင်တွေ့နေရပြီး ချန်ပီယံရှစ် ချန်ပီယံဆုကို ရယူပေးခဲ့သည့် ဘန်လေနည်းပြ စီယံဒက်ရှ်တစ်ဦးသာ လက်ရှိကလပ်အသင်းနှင့် ဆက်လက် လက်တွဲဆဲဖြစ်သည့် တစ်ဦးတည်းသော နည်းပြဖြစ်နေသည်။ ပရီမီယာလိဂ် ဖလားဆွတ်ခူးပေးခဲ့သည့် နည်းပြ ရာနီရေရီက ချန်ပီယံဆုရယူပြီး ၂၉၈ ရက်အကြာ ထုတ်ပယ်ခံရသလို အက်ဖ်အေဖလားရယူပေးခဲ့သူ မန်ယူ နည်းပြ ဗန်ဟားလ်က နှစ်ရက်အကြာ၊ လိဂ်ဖလားရယူပေးခဲ့သူ မန်စီးတီး နည်းပြပယ်လီဂရီနီက ၁၂၂ ရက်အကြာ၊ လိဂ်ဝမ်းချန်ပီယံဝီဂန် အသင်းနည်းပြ ဂယ်ဝက်ကောလ်က ၁၇၃ ရက်အကြာတွင် ထုတ်ပယ်ခံခဲ့ရသည်။ထို့ပြင်လိဂ်တူးကလပ် နော့ဟမ်တန်အသင်းနည်းပြ ခရစ္စဝေးလ်ဒါက ချန်ပီယံဆုဖလားဆွတ်ခူးပြီး ငါးရက်အကြာမှာပင် ကလပ်အသင်းနှင့် လမ်းခွဲသွားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ဆွမ်ဆီး အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ယူနိုင်ခဲ့ပြီးနောက် မန်ယူနှင့်မန်စီးတီး အသင်းတို့ ပွဲစဉ်မယှဉ်ပြိုင်မီ ဒုတိယ နေရာမှ မန်စီးတီးအသင်းကို ၁၁ မှတ် အထိ ဖြတ်ပြီးဦးဆောင်ထားနိုင်သည်။ ယခုနှစ်တွင် ပရီမီယာလိဂ်ဖလား ဆွတ်ခူးရန် အလားအလာ အကောင်းဆုံးဖြစ်နေသည့် ချယ်လ်ဆီးအသင်း ပဲ့ကိုင်ရှင်ကွန်တီလည်း မဝေးတော့သည့် အနာဂတ်ကာလတွင် အင်္ဂလန် ဘောလုံးလောက၏ ထုတ်ပယ်ခံ နည်းပြတစ်ဦး ဖြစ်လာမည်လား ဆိုသည်မှာလည်း စိတ်ဝင်စားဖွယ် ကောင်းနေသည်။
မေလဲ့သင်း

No comments:

Post a Comment