Tuesday, January 31, 2017

အနာဂတ်၏ လုပ်အားရှင်များ လက်တွေ့ကျကျပြုစုပျိုးထောင်

မြန်မာ့အလင်းအယ်ဒီတာအာဘော်


မြန်မာနိုင်ငံတွင် အသက် ငါးနှစ်မှ ၁၇ နှစ်အကြားရှိ ကလေးသူငယ်ဦးရေ ၁၂ သန်းကျော်ရှိကြောင်း ၂ဝ၁၅ ခုနှစ်အတွင်း အလုပ်သမားညွှန်ကြား ရေးဦးစီးဌာနက ကောက်ယူခဲ့သည့် စစ်တမ်းတစ်ရပ်က ဖော်ပြထားသည်။ အဆိုပါအသက်အရွယ်သည် အခြေခံပညာရေးကို သင်ယူနေကြရမည့် အရွယ်ဖြစ်သော်လည်း ကလေး ၁၂ သန်းကျော်၏ ၆ ဒသမ ၅ ရာခိုင်နှုန်းမှာ ကျောင်းလုံးဝ တက်ရောက်ဖူးခြင်းမရှိကြောင်းဖြင့်လည်း သိရသည်။
မြန်မာနိုင်ငံလုပ်သားအင်အား၊ ကလေးလုပ်သားနှင့် ကျောင်းအပြီး လုပ်ငန်းခွင်ဝင်ရောက်မှု အကူးအပြောင်းဆန်းစစ်ခြင်းစစ်တမ်း -၂ဝ၁၅ ခုနှစ် အနှစ်ချုပ် အစီရင်ခံစာအရ ကလေး ၁၂ သန်းကျော်၏ လေးပုံသုံး ပုံခန့်မှာ ကျေးလက်တွင် နေထိုင်ကြပြီး ကျန်လေးပုံတစ်ပုံကျော်မှာ မြို့ပြ တွင် နေထိုင်ကြသည်ဟု သိရသည်။ ယင်းအနက် (အသက် ငါးနှစ်မှ ၁၁ နှစ်ကြား) အခြေခံပညာမူလတန်းသင်ယူနိုင်သူမှာ ၉၇ ဒသမ ၅ ရာခိုင် နှုန်းရှိပြီး (အသက် ၁၂ နှစ်မှ ၁၄ နှစ်ကြား) အခြေခံပညာအလယ်တန်း အဆင့်တွင် ၈၂ ရာခိုင်နှုန်းကျော်နှင့် (အသက် ၁၅ နှစ်မှ ၁၇ နှစ်ကြား)အခြေခံပညာအထက်တန်းအဆင့်တွင် ၅ဝ ရာခိုင်နှုန်းသာ ပညာသင်ယူ နိုင်တော့သည်ဟု စစ်တမ်းက ဆိုထားသည်။ အခြေခံပညာရေးကို သင်ယူ ကြရမည့်အရွယ် ကလေးငယ်များ၏ ထက်ဝက်သည်သာ အခြေခံပညာ အထက်တန်းအဆင့်ထိ ရောက်ရှိလာကြပြီး ကျန်ကလေးထက်ဝက်မှာ အကြောင်းအမျိုးမျိုးကြောင့် ပညာရေးလမ်းခုလတ်တွင် စာသင်ခန်းကို စွန့်ခွာသွားခဲ့ရကြောင်း စစ်တမ်းက ဖော်ပြနေခြင်းပင်ဖြစ်သည်။
ပညာသင်အရွယ်ကလေးများ စာသင်ခန်းကို စွန့်ခွာသွားရခြင်း၏ အကြောင်းအရင်းများစွာ ရှိနိုင်သော်လည်း အဓိကအကျဆုံးအချက်မှာ ဆင်းရဲနွမ်းပါးမှုပင်ဖြစ်သည်။ အခြားအကြောင်းအရာများအဖြစ် မိသားစု ပြဿနာများ၊ မိသားစု၏ အိမ်မှုကိစ္စနှင့် လုပ်ငန်းခွင်တို့တွင် လုပ်အားလိုအပ်ချက်များ၊ ကျောင်းသို့သွားရောက်ရန်အတွက် အလှမ်း ဝေးခြင်း စသည်တို့ကလည်း ကလေးများ၏ ပညာသင်ကြားမှုကို ထိခိုက် စေသောအချက်များ ဖြစ်ကြသည်။ ကျောင်းလုံးဝတက်ရောက်ဖူးခြင်း မရှိသော ကလေးများ၊ အကြောင်းအမျိုးမျိုးကြောင့် ပညာရေးတစ်ပိုင်း တစ်စနှင့် ကျောင်းထွက်ခဲ့ရသော ကလေးများ သန်းနှင့် ချီ၍ရှိနေရာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ သစ်တောနှင့် ရေလုပ်ငန်းများ၊ ဆောက် လုပ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ စသည့်လုပ်ငန်းများတွင် ဝင်ရောက်အလုပ်လုပ် ကိုင်နေကြပြီး မိသားစုဝင်ငွေအတွက် တစ်ဖက်တစ်လမ်းမှ တာဝန်ခွဲဝေ ယူနေကြရသည်။ တစ်ဖက်တွင်လည်း ကျောင်းစာသင်ခန်းကို စွန့်ခွာခဲ့ရ သည့်ကလေးများ၊ ပညာသင်ကြားခွင့်လုံးဝမရခဲ့သည့်ကလေးများအနေဖြင့် ¤င်းတို့အား ကုန်ပစ္စည်းများသဖွယ် ရောင်းချခြင်း၊ တရားမဝင် လူကုန်ကူးခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ ကျေးကျွန်အဖြစ် စေခိုင်းခြင်း၊ စစ်မြေပြင်တွင် ကလေးများကို အသုံးပြုခြင်း၊ ပြည့်တန်ဆာလုပ်ငန်း များတွင် စေခိုင်းခြင်း၊ မူးယစ်ဆေးဝါးသယ်ယူရောင်းချသည့်လုပ်ငန်း များတွင် စေခိုင်းခြင်း၊ အန္တရာယ်ရှိသည့် လုပ်ငန်းခွင်၊ ကိုယ်ကျင့်တရားကို ထိခိုက်စေသည့်လုပ်ငန်းခွင်များတွင် စေခိုင်းခြင်း စသည့် အ္တရာယ်များ ပတ်လည်ဝိုင်းနေသည့် အခြေအနေတွင် ရှိနေနိုင်သည်ဟု စိုးရိမ်မကင်း ဖွယ်ပင်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ကျောင်းစာသင်ခန်းသို့ လုံးဝရောက်မလာ သည့်ကလေးများ၊ ကျောင်းစာသင်ခန်းကို အကြောင်းကြောင်းကြောင့် စွန့်ခွာခဲ့ရသူကလေးများမှာလည်း အဟောသိကံ ဖြစ်မသွားသင့်သည့် နိုင်ငံ၏အနာဂတ်လုပ်အားရှင်များပင်ဖြစ်ရာ ¤င်းတို့အပေါ် ကျရောက်လာ နိုင်ဖွယ်ရှိသည့် အန္တရာယ်များမှ အကာအကွယ်ပေးရေးနှင့် ကျွမ်းကျင် သည့်လုပ်သားများအဖြစ် လေ့ကျင့်ပေးကာ အဖိုးတန်လူသားအရင်း အမြစ်များ ဖြစ်လာစေရေး ဆောင်ရွက်ပေးသွားရမည်ဖြစ်သည်။ လုပ်ငန်း အလိုက် လိုအပ်သည့်ကျွမ်းကျင်မှုများနှင့်လည်း ကိုက်ညီ၊ ဒေသအလိုက် ရှိနေသည့် လုပ်ငန်းများ၏ သဘာဝနှင့်လည်း လိုက်လျောညီထွေရှိသည့် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာသင်တန်းများကို အခြေခံအဆင့်၊ မွမ်းမံအဆင့်၊ ကျွမ်းကျင်အဆင့် စသည်ဖြင့် စဉ်ဆက်မပြတ် လေ့ကျင့်ပေးကာ ကလေး များ၏ အနာဂတ်ဘဝလုံခြုံစိတ်ချရစေရေးနှင့် နိုင်ငံအတွက် လုပ်အား အရင်းအမြစ်ဖွံ့ဖြိုးရေး လက်တွေ့ကျကျ ဆောင်ရွက်ပေးနိုင်ရန် တိုက်တွန်း အပ်ပါကြောင်း။ ။

No comments:

Post a Comment