Friday, January 27, 2017

ကျောင်းနေအရွယ်ကလေးတိုင်း သင်ယူတတ်မြောက်နိုင်ရေး ဆရာ ဆရာမများက ကောင်းမွန်စွာ သင်ကြားပို့ချရန် လိုအပ်



 
 
နေပြည်တော် ဇန်နဝါရီ ၂၆

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီး ဌာန အခြေခံပညာစတုတ္ထတန်းနှင့် အဋ္ဌမ တန်းစာမေးပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက နေပြည်တော် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ကျောင်းနေ အရွယ် ကလေးအားလုံး ပညာရေးရယူနိုင် စေရန်အတွက် သင်ယူမှုအခွင့်အလမ်း များ တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကောင်းမွန်စွာ သင်ယူတတ်မြောက်နိုင် ရေးအတွက် ဆရာ ဆရာမများက ကောင်းမွန်စွာ သင်ကြားပို့ချပေးနေသူ များဖြစ်ရန် လိုအပ်ကြောင်း၊ ကျောင်းဆောင်၊ စာသင်ခန်းများ၊ သင်ကြားသင်ယူမှု အထောက်အကူ ပစ္စည်းများ၊ သိပ္ပံခန်းသုံးပစ္စည်းများ လုံလောက်အောင် ထားရှိပေးရမည် ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူ များ၏ ကျောင်းထွက်နှုန်းလျော့ပါး အောင် မိဘဆရာအသင်းနှင့် ပူးပေါင်းပြီး ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ စာမေးပွဲများဖြစ်သော အခြေခံပညာ စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲ ဆိုင်ရာလုပ်ငန်းများကို စာမေးပွဲစည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ စနစ်တကျ၊ တိတိကျကျလိုက်နာ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းနှင့် အဆင့်အလိုက် တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးမှာကြားသည်။

ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက ကျောင်းအပ်နှံရေး၊ ကျောင်းနေမြဲရေး၊ ကျောင်းထွက်နှုန်းလျော့ပါးရေး၊ သင်ယူ ပြီးမြောက်မှုနှုန်းမြင့်မားရေး၊ အတန်း ကူးပြောင်းမှုနှုန်းမြင့်မားရေး၊ ကျောင်း အဆင့်တိုးမြှင့်ရေး၊ ဆရာ ဆရာမများ ခန့်ထားပြောင်းရွှေ့ရေး၊ ရာထူးတိုးမြှင့် ရေး၊ ကျောင်းထောက်ပံ့ကြေးများ ထင်သာမြင်သာရှိအောင် စနစ်တကျသုံးစွဲ ရေး၊ ကျောင်းဆောင်သစ်များ ဆောက် လုပ်ရေး၊ မိဘဆရာအသင်းနှင့် ပူးပေါင်း ဆောင်ရွက်ရေး၊ ဆရာ ဆရာမများအရည် အသွေးမြင့်မားရေးဆိုင်ရာလုပ်ငန်းများ၊ အခြေခံပညာစတုတ္ထတန်း၊ အဋ္ဌမတန်း စာမေးပွဲဆိုင်ရာ လုပ်ငန်းများနှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ၊ ခရိုင်ပညာ ရေးမှူးများက အခြေခံပညာစတုတ္ထတန်း နှင့် အဋ္ဌမတန်းစာမေးပွဲဆိုင်ရာလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရေးတို့ကို ညှိနှိုင်းဆွေးနွေးကြသည်။
အခြေခံပညာစတုတ္ထတန်းနှင့် အဋ္ဌမ တန်းစာမေးပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၇ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိ သည်။ (သတင်းစဉ်)

No comments:

Post a Comment