Sunday, January 1, 2017

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ၏ နှစ်သစ်မင်္ဂလာ သြဝါဒကထာ



Image may contain: 1 person
၁၃၇၈-၇၉ ခုနှစ်ရောက်မယ်၊ ခရစ် နှစ်ဆို ၂ဝ၁၇ ခုနှစ် နှစ်သစ်မင်္ဂလာအနေဖြင့် ဆုတောင်း ပတ္ထနာသဘောမျိုး ရွတ်ပါမယ်။ စကြဝဠာအုပ်စုတွဲကြီးတွေကို အနန္တစကြ ဝဠာလို့ ခေါ်တယ်။ အနန္တစကြဝဠာဆိုတာ အဆုံးအပိုင်းအခြားမရှိ၊ စကြဝဠာအများ ကြီးကိုပြောတယ်။ စကြဝဠာတွေထဲမှာ လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေအများကြီး နေထိုင်ကြတယ်။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် အပါယ်သတ္တဝါတွေလည်း နေထိုင်ကြတယ်။ အဲဒီလို အပါယ်လေးဘုံ၊ လူ့ဘုံ၊ နတ်ဘုံခြောက်ထပ်၊ ဗြဟ္မာဘုံ ၂ဝ ပေါင်းလိုက်ရင် ၃၁ ဘုံရှိတာ၊ ၃၁ ဘုံမှာရှိတဲ့ လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေ၊ သတ္တဝါတွေ အများကြီး နေထိုင်ကြတယ်။
အဲဒီလိုရှိတဲ့ သတ္တဝါတွေအားလုံး ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေလို့ မေတ္တာပွားရတယ်။ မေတ္တာပွားမှ ဘေးအန္တရာယ်ကင်းတယ်။ သတ္တဝါတွေအားလုံး ကိုယ်လည်းကျန်းမာ သူလည်းချမ်းသာ ကျန်းမာချမ်းသာကြတယ်။ မေတ္တာပွားရုံနဲ့ မကဘူး၊ စကြဝဠာတွေ အမျိုးမျိုးရှိပြီးတော့ မေတ္တာပွားရတယ် စသည်ဖြင့် ပြောနိုင် ဆိုနိုင် ဟောနိုင်တဲ့ပုဂ္ဂိုလ်က သဗ္ဗညုဘုရား ပဲရှိတာ၊ ဘုရားကမှ စွမ်းနိုင်တာ၊ ဘုရားကမှ ဉာဏ်ပညာဆိုတဲ့ သဗ္ဗညုတဉာဏ်၊ အလုံးစုံ သိတဲ့ဉာဏ်၊ စကြဝဠာတွေအကုန်လုံးသိတဲ့ ဉာဏ်လည်း ရတယ်။ အဲဒါကြောင့် မြတ်စွာ ဘုရားသခင်ဟောကြားတော်မူတဲ့ တရား တော်တွေကို ကိုယ်တိုင်ကြိုးစားပြီး လိုက်နာရတယ်၊ ကျင့်သုံးရတယ်၊ ဘုရားစကား နားထောင်ရတယ်။
အသိဉာဏ်ပညာရှိတဲ့ ပုဂ္ဂိုလ်ကမှ လောကကြီးအကြောင်းတွေ အကုန်သိ၊ ကုသိုလ်တရားတွေလုပ်ရင် လူ့ပြည်၊ နတ် ပြည်၊ ဗြဟ္မာပြည် ရောက်မယ်။ အကုသိုလ် လုပ်ရင် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ရောက်မယ်။ အဲဒီလို သိနိုင်တဲ့ဉာဏ်ပညာ ရှိတာ ဘုရားပဲရှိတယ်။ အဲဒါကြောင့် ဘုရား ဟောကြားတော်မူတဲ့ တရားတော်တွေ အတိုင်း သူသူငါငါ လိုက်နာကျင့်သုံးကြရမယ်။ လိုက်နာမကျင့်သုံးဘဲ ဘုရားစကား နားမထောင်ရင် အကုသိုလ်ဖြစ်ပြီး သေလွန်တဲ့အခါ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် အပါယ်ဘုံကျတတ်တယ်။ အဲဒါကြောင့် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ပြီး သီလလည်း လုံခြုံအောင်နေကြ။ မြန်မာနိုင်ငံမှာရှိတဲ့ ဒါယကာ၊ ဒါယိကာမအပေါင်း သူတော်ကောင်းတို့ တစ်ကမ္ဘာလုံးမှာရှိတဲ့ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့ ငါးပါးသီလ လုံအောင်နေကြ။ တစ်ဦးနဲ့တစ်ဦး မေတ္တာထားပြီး မေတ္တာပွားများကြ။ ဒါယကာ၊ ဒါယိကာမအပေါင်း သူတော်ကောင်းတို့ ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာပြီး ဘေးဥပဒ်ရန်အသွယ်သွယ် ကင်းကြပါစေ။

No comments:

Post a Comment