Monday, January 2, 2017

ငြိမ်းချမ်းရေးစကားဝိုင်းသို့ တက်ရောက်ဆွေးနွေးခဲ့ကြသည့် လူငယ်များ၏ စကားသံများ



Image may contain: 4 people, text
နေပြည်တော် ဇန်နဝါရီ ၁
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်စားပြု လူငယ်ကိုယ်စားလှယ် ၁၈ ဦးတို့ သည် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန-၂ ၌တွေ့ဆုံပြီး ငြိမ်းချမ်းရေးစကားဝိုင်းအဖြစ် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ငြိမ်းချမ်းရေးစကားဝိုင်းသို့ တက်ရောက်ဆွေးနွေးခဲ့ကြသည့် လူငယ်များ၏ စကားသံများကို ကောက်နုတ်ဖော်ပြလိုက်ပါသည်-
စစ်ကိုင်းတိုင်းဒေသကြီးမှ 
လူငယ်ကိုယ်စားလှယ် ကိုဇော်သူရိန်ထွန်း

ငြိမ်းချမ်းရေးစကားဝိုင်းကို လာတက်တဲ့ လူငယ်တွေက လူငယ်မူဝါဒကို ရေးဆွဲနေတဲ့ လူငယ်တွေဖြစ်ပါတယ်။ ငြိမ်းချမ်းရေးခေါင်းစဉ် အောက်မှာ လူငယ်တွေအနေနဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို မေးချင်တာတွေ၊ ဆွေးနွေးချင်တာတွေရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ နှစ်ပေါင်း ၆ဝ ကျော်ကြာ စစ်ပွဲတွေ ဖြစ်ခဲ့ပြီး အခုလူကြီးတွေက ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းနေတာမျိုးရှိပါတယ်။ လူငယ်တွေအားလုံးကတော့ စစ်ပွဲတွေမလိုချင်တော့ပါဘူး။ လက်ရှိဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေအပေါ် အားရတဲ့အပိုင်းတွေ ရှိသလို အားမရတဲ့အပိုင်းတွေလည်း ရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်ဘက်က တစ်ဖက်သတ်သိမ်းသွင်းနေတယ်လို့ ခံစားရကြောင်း ပြောပါတယ်။ ဒီအချိန်ဟာ အခွင့် ကောင်းပါပဲ။ ဒီအချိန်မှ မမီဘူးဆိုရင် နောက်ဘယ်အချိန်မှ မရှိနိုင်တော့ပါဘူး။ NCA အပေါ်မှာ ခြွင်းချက်မရှိလက်ခံပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လက်နက်ကိုင်ပြီး ဆွေးနွေးလို့တော့ မရနိုင်ပါဘူး။ အဲဒီတော့ NCA ကို လက်မှတ်ရေးထိုးပြီးတော့မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်တာမျိုးက ယုတ္တိလည်းတန်ပါတယ်။ ဖြစ်လည်းဖြစ် သင့်တယ်လို့မြင်ပါတယ်။ NLD အစိုးရ တက်လာတဲ့အချိန်မှာ လူငယ်တွေနဲ့စကားဝိုင်း ပထမဦးဆုံးလုပ်တာဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း ဒီလိုမျိုး ပုံမှန်လေး လုပ်ပေးစေချင်ပါ တယ်။ ဒီလိုလူငယ်တွေချည်း မဟုတ်ဘဲ အလွှာအသီးသီးက လူငယ်တွေနဲ့လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တွေ့သင့်ပါတယ်။ ငြိမ်းချမ်းရေးအပြင် ကျန်တဲ့ ပညာရေး၊ စီးပွားရေးစကားဝိုင်းတွေကိုလည်း လုပ်ပေးသင့်ပါတယ်။
မသန်စွမ်းလူငယ်ကိုယ်စားလှယ် 
ကိုဇော်ဝင်းအောင်

ငြိမ်းချမ်းရေးလုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ မသန်စွမ်းသူတွေအနေနဲ့ ဘယ်လိုမျိုးပါဝင်နိုင်မလဲ။ လက်ရှိလုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာရော မသန် စွမ်းသူတွေကို ဘယ်လောက်အထိ ထည့်သွင်း စဉ်းစားထားသလဲဆိုတာ သိချင်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာ လက်ရှိ ကိုယ့်ရဲ့ဘဝမှာ ကောင်းကောင်းမွန်မွန်နဲ့ အေးအေးချမ်းချမ်း အပူအပင်မရှိ၊ တခြားသူတွေရဲ့ အနှောင့်အယှက် အတားအဆီးတွေမခံရဘဲနဲ့ လွတ်လပ်စွာနေထိုင်နိုင်တာကို ငြိမ်းချမ်းရေးလို့ယူဆပါတယ်။ မသန်စွမ်းသူတွေအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဖို့အတွက် ကြိုးစားနေတာရှိပါတယ်။ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး လှုပ်ရှားနေတာတွေရှိပါတယ်။ မသန်စွမ်းသူတွေအနေ နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ဖို့အတွက် ကြိုးစားနေပါတယ်။ လူ့အသိုင်းအဝိုင်းအထဲက မသန်စွမ်းသူတွေကို လက်တွဲပေးကြပါ။ တစ်ဦးနဲ့တစ်ဦးချစ်ချစ်ခင်ခင်နဲ့ ငြိမ်းချမ်း ရေးနဲ့အတူတကွ နေထိုင်ကြဖို့လည်း ပြောချင်ပါတယ်။ အရင်က ကြမ်းတမ်းတဲ့ဘဝတွေနဲ့ ဒီနိုင်ငံမှာ နေထိုင်ခဲ့ကြရတယ်။ အခုပြောင်းလဲ လာတဲ့ခေတ်စနစ်နဲ့အတူ ၂ဝ၁၇ ခုနှစ် နှစ်သစ်မှာ မိဘပြည်သူများအားလုံး ငြိမ်းချမ်းကြပါစေလို့ ဆုတောင်းပါတယ်။
တနင်္သာရီတိုင်းဒေသကြီးမှ 
လူငယ်ကိုယ်စားလှယ် ကိုသူရစိုး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ လူငယ်တွေရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းဟာ အင်မတန်မှလိုအပ်တဲ့ စကားဝိုင်းတစ်ခုဖြစ်ပါတယ်။ လူငယ်တွေဟာ နိုင်ငံရဲ့အနာဂတ် ဖြစ်ပါတယ်။ အနာဂတ်ရဲ့ခေါင်းဆောင်တွေ၊ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေဖြစ်တဲ့ လူငယ် တွေရဲ့ ပါဝင်ခွင့်တွေကို နေရာတိုင်းမှာရဖို့အတွက် သိပ်ကိုအရေးကြီးပါတယ်။ စကား ဝိုင်းတွေကနေတစ်ဆင့် နောက်ဆုံးနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နေတဲ့၊ ကြိုးစားနေတဲ့၊ အဖြေရှာနေတဲ့ နေရာတစ်ခုဖြစ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံဆိုတဲ့နေရာမျိုးတွေမှာ လူငယ်တွေ အနေနဲ့ ပြောဆိုခွင့်ရှိဖို့ မျှော်လင့်နေပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာရှိတဲ့ ငြိမ်းချမ်းရေးကို စိတ်ဝင်စားတဲ့ လူငယ်တွေကို အစိုးရကဖိတ်ကြားပေးဖို့နဲ့ ပါဝင်ခွင့်ကို လမ်းဖွင့် ပေးထားဖို့ တောင်းဆိုချင်ပါတယ်။ မငြိမ်းချမ်း ခြင်းရဲ့ အကျိုးဆက်တွေကြောင့် လူငယ်တွေဟာ သူများနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမား ဘဝနဲ့ နေထိုင်ကြရပါတယ်။ သူများနိုင်ငံမှာလည်း သူတို့ရဲ့ဘဝလုံခြုံမှုတွေ၊ ငြိမ်းချမ်းမှုတွေ မရှိပါဘူး။ ဒီလိုမျိုးအခြေအနေတွေကို အစိုးရအနေနဲ့ အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက် ပေးစေချင်ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး
လူငယ်တွေဆိုတာဟာ အနာဂတ်အတွက် ပခုံးပြောင်းတာဝန်ယူမယ့်သူတွေ ဖြစ်တယ်။ လူငယ်တွေရဲ့လက်ရှိငြိမ်းချမ်းရေး နဲ့ပတ်သက်တဲ့အမြင်တွေ၊ အတွေးတွေဟာ နောင်လျှောက်လှမ်းမယ့်လမ်းမှာ သူတို့ရဲ့ အတွေးအခေါ် အယူအဆတွေဟာ အင်မတန် အရေးပါမယ်လို့ ကျွန်တော့်အနေနဲ့ ယူဆတယ်။ လူငယ်မူဝါဒကို စပြီးရေးဆွဲတဲ့ ရည်ရွယ် ချက်ကလည်း လူငယ်တွေကို စနစ်တကျစုစည်း ပြီးတော့ နိုင်ငံအတွက်အကျိုးရှိမယ့် လုပ်ငန်းတွေကို ဘယ်လိုလုပ်ကြမလဲ။ လူငယ်တွေရဲ့ အခွင့်အရေးတွေလည်း အပြည့်အဝရရှိဖို့နဲ့ လူငယ်တွေရဲ့ လုပ်နိုင်စွမ်းအားဟာ အမြင့်မားဆုံးဖြစ်အောင် ဘယ်လိုဆောင်ရွက်ကြ မလဲဆိုတာအတွက် လုပ်တာဖြစ်ပါတယ်။
လူငယ်မူဝါဒပေါ်ပေါက်လာတဲ့အခါမှာ လူငယ်မူဝါဒဟာ တိုင်းပြည်အတွက် လူငယ်တွေဘယ်လိုအကျိုးပြုမယ်ဆိုတာကို ရေးဆွဲ ထားတာဖြစ်တဲ့အတွက်ကြောင့် လူငယ်တွေရဲ့အကျိုး၊ တိုင်းပြည်ရဲ့အကျိုးနဲ့အများကြီး ဆက်စပ်တဲ့အတွက်ကြောင့် မူဝါဒပေါ်မူတည် ပြီးတော့ ကျွန်တော်တို့ ဆက်လက်အကောင် အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ မူဝါဒဆိုတာကလည်း တစ်ခါရေးပြီးတာနဲ့ တစ်သက်လုံး ဒီပုံစံအတိုင်းသွားတာ မဟုတ်ပါဘူး။ ပိုမိုကောင်းမွန်ဖို့ ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
သတင်းစဉ်(သတင်းအဖွဲ့)

No comments:

Post a Comment