Wednesday, January 4, 2017

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ တွေ့ဆုံဆွေးနွေး



Image may contain: one or more people and people sitting
နေပြည်တော် ဇန်နဝါရီ ၃
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများအကြား တွေ့ဆုံ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် အဖွဲ့ဝင်များ၊ အတွင်းရေးမှူး ဦးတင်ထွန်းနှင့် တာဝန်ရှိသူများ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ ၂၃ ပါတီမှ တာဝန်ရှိသူများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ တက်ရောက်ကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိုင်ငံရေးပါတီ ၂၄ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၈ ဦးနှင့် တစ်သီးပုဂ္ဂလ ခုနစ်ဦး စုစုပေါင်း ၉၅ ဦးသည် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံကြမည်ဖြစ်ပြီး အဆိုပါကိုယ်စားလှယ်လောင်း အမည်စာရင်းကို ဇန်နဝါရီ ၂ ရက်က အတည်ပြုထုတ်ပြန်ခဲ့ပါကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းကို Door to Door စနစ်ဖြင့် ပြုစုဆောင်ရွက်ခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်မှ ၁၄ ရက်အထိ သက်ဆိုင်ရာမဲဆန္ဒနယ်မြေများတွင် ကပ်ထားကြေညာ သွားမည်ဖြစ်ပါကြောင်း၊ မဲစာရင်းကို အိမ်ထောင်စုအလိုက် ကြည့်ရှုနိုင်စေရန် ဆောင်ရွက်ထားပါကြောင်း၊ ထိုသို့ ကပ်ထားကြေညာသည့်အခါတွင်လည်း မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းကြည့်ရန်၊ အမည်မပါဝင်က တောင်းဆိုရန်၊ အမှားပါရှိပါက ပြင်ဆင်ရန်၊ မပါသင့်သူများ ပါဝင်နေပါက ပယ်ဖျက်ရန်အတွက် သတ်မှတ်ပုံစံများဖြင့် တောင်းဆိုကြရမည်ဖြစ်ပါကြောင်း၊ ဥပဒေနှင့်အညီ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးခွင့်ရရှိရန် နိုင်ငံရေးပါတီများအနေဖြင့် မိမိတို့၏ မဲဆန္ဒရှင်များကို အသိပညာပေး ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း။
နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ဇန်နဝါရီ ၃ဝ ရက်မှ မတ် ၃ဝ ရက်အထိ မဲဆွယ်စည်းရုံးခြင်းကို ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ မဲဆွယ်စည်းရုံးခြင်း ဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရန် ကျင့်ဝတ်နှင့်အညီ လေးစားလိုက်နာဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ရွေးကောက်ပွဲ ကာလအတွင်း တည်ငြိမ်အေးချမ်းရေးသည် အဓိကကျသည်နှင့်အညီ မိမိတို့ ပါတီကို ထောက်ခံအားပေးကြသည့် ပြည်သူများကို ပဋိပက္ခမဖြစ်အောင် ထိန်းသိမ်းဆော်သြဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးဗဟိုကော်မတီနှင့် ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းခဲ့ပြီး ယခု ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံရေးပါတီများအနေဖြင့်လည်း ပူးပေါင်းပါဝင်လိုက်နာရေး ဆောင်ရွက်ပေးစေလိုကြောင်း။
မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံကိုယ်စားလှယ်နှင့် အကူကိုယ်စားလှယ်များအနေဖြင့် မဲရုံအတွင်း မဲဆွယ်စည်းရုံးသည့် ပုံစံမဖြစ်စေရေး သည် အရေးကြီးပါကြောင်း၊ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း တရားမဲ့ပြုကျင့်မှုများ မဖြစ်စေရန် ထိန်းသိမ်းဆောင်ရွက်စေလိုပါကြောင်း၊ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကာလနောက်ပိုင်း ကန့်ကွက်လွှာအမှုများ မရှိစေလိုပါကြောင်း။
လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲကျင်းပပြီး သည့်ကာလတွင် ရွေးကောက်ပွဲကုန်ကျစရိတ်များကို ကော်မရှင်သို့ တင်ပြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ရွေးကောက်ပွဲကုန်ကျစရိတ်များကို သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ မှတ်တမ်းပြုစုဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
ယခုကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပ နိုင်ရေး၊ မဲဆွယ်စည်းရုံးရေးကာလနှင့် ရွေးကောက်ပွဲကာလတစ်လျှောက် တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံရေးပါတီများအနေဖြင့် ပူးပေါင်းဆောင် ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် အလိုက် တာဝန်ယူဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားကြသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ကြိုတင်မဲများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ မဲရုံမှူးနှင့် မဲရုံ အဖွဲ့ဝင်များအား သင်တန်းပေးမည့် အစီအစဉ်များ၊ လွှတ်တော်ကိုယ်စားလှယ် လောင်းများအား မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ ပညာပေးဆောင်ရွက်မည့် အစီအစဉ်များနှင့် ကြားဖြတ်ရွေးကောက်ပွဲအတွက် စီစဉ်ဆောင်ရွက်ထားမှုများအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများကလည်း အကြံပြုဆွေးနွေးကြသည်။
ပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းမျာအနေဖြင့် မဲဆွယ်စည်းရုံးရာတွင် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရန်ကျင့်ဝတ် - Code of Conduct for Political Parties and Candidates (CoC) ကို လိုက်နာဆောင်ရွက်ရေး၊ Voter Slip ကို နိုင်ငံရေး ပါတီများမှ ဖြန့်ဝေခြင်းမပြုဘဲ ရွေးကောက်ပွဲကော်မရှင်ကသာ ဆောင်ရွက်ရေး၊ စေ့စပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းပြီး ညှိနှိုင်းဖြေရှင်းချက်များအပေါ် ပူးပေါင်းလိုက်နာရေးတို့ကို ဆွေးနွေးခဲ့ပြီး သဘောတူညီခဲ့ကြသည်။
ထို့နောက် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည့် ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးတို့က ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
(သတင်းစဉ်)

No comments:

Post a Comment