Saturday, January 28, 2017

မင်းဘူးမြို့ရှိ နဂါးပွက်တောင်ပွဲတော် ဖေဖော်ဝါရီ ၁ ရက်တွင် ကျင်းပမည်

Image may contain: sky and outdoor
မင်းဘူး ဇန်နဝါရီ ၂၇
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ရှိ နဂါးပွက်တောင်ပွဲတော်ကာလမှာ ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ ၁၇ ရက်ထိ ရက်ပေါင်း ၇၅ ရက်တိုင်တိုင် ကျင်းပသည့်ပွဲတော်ဖြစ်ပြီး အဆိုပါပွဲတော်ကာလတွင် ဈေးဆိုင်ခန်း ၂၇ ခန်းအတွက် မဲနှိုက်ဆောင်ရွက်မှုကို ဇန်နဝါရီ ၂၆ ရက် နံနက် ၁ဝ နာရီက နဂါးပွက်တောင်တော်ရှိ ဈေးဆိုင်တန်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
''နဂါးပွက်တောင်ပွဲတော်ကာလမှာ ဈေးရောင်းချမယ့်သူတွေကို ဆိုင်ခန်းလျှောက်လွှာတစ်စောင် ငွေကျပ်၂၅ဝဝ ဖြင့် ရောင်းချပေးခဲ့ပြီး ဆိုင်ခန်းလျှောက်လွှာပေါင်း ၃ဝ၈၂ စောင် ရောင်းချခဲ့ရပါတယ်။ မဲပေါက်သူက တစ်ခန်းကို ငွေကျပ် ၁၅ဝဝဝဝ အလှူငွေအဖြစ်ပေးသွင်းပြီးမှ ဇန်နဝါရီ ၃ဝ ရက် မှစတင်ကာ ရောင်းချခွင့်ပြုထားပါတယ်'' ဟု နဂါးပွက်တောင် သာယာလှပရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောသည်။
နဂါးပွက်တောင် သာယာလှပရေးအဖွဲ့ အတွင်းရေးမှူး ဦးရဲဝင်းက ''ဒီနေ့ ဈေးဆိုင်ခန်းမဲနှိုက်တဲ့ အစီအစဉ်မှာ လျှောက်လွှာလျှောက်ထားတဲ့ ဈေးသည်တွေက မဲစိစစ်ရေးအဖွဲ့ရွေးထုတ်ကာ မဲစိစစ်ခိုင်းပါတယ်။ နောက် မဲကြီးကြပ်ရေးအဖွဲ့အနေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အထောက်အကူပြုအဖွဲ့တွေက မဲကြီးကြပ် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်'' ဟု ပြောသည်။
ပွဲတော်ကာလဈေးရောင်းချနေသူ မဌေးဌေးက ''ကျွန်မတို့ ပွဲတော်ကာလ ဈေးရောင်းချလာခဲ့တာ ၁၈ နှစ်တိုင်ရှိပါပြီ။ ယခင်နှစ်တွေကလည်း ယခုလို လျှောက်လွှာတွေ မဲနှိုက်ဆောင်ရွက်ခဲ့တာပါ။ ယခုနှစ် ဈေးသည်တွေကို မဲစိစစ်ခိုင်းပြီးမှ မဲနှိုက်ခိုင်းတာပါ။ အားလုံးပဲကျေနပ်မှုရှိပါတယ်'' ဟု ပြောပြသည်။
ဖိုးပြည့်

No comments:

Post a Comment